(IS) အိုင်အက်စ်များအခြေစိုက်ရာ ဒေသဖြစ်လာနိုင်သည့် ဖိလစ်ပိုင်တောင်ပိုင်း

  • News Code : 823484
  • Source : 7day
အရှေ့အလယ်ပိုင်းတွင် အိုင်အက်စ်အဖွဲ့က နယ်မြေများ ဆုံးရှုံးပြီး အခြေပျက်လာခြင်းနှင့်အတူ အိုင်အက်စ်တိုက်ခိုက်ရေးသမားအချို့သည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းသို့ ပြောင်းရွှေ့အခြေချလာနိုင်ပြီး ဒေသတွင်း၌ တိုက်ခိုက်မှုများ စီစဉ်လာနိုင်သည်ဟု လုံခြုံရေး ကျွမ်းကျင်ပညာရှင်များက သတိ ပေးနေသည်။

ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးကို လုံခြုံရေးဂိတ်တစ်ခု၌ စစ်သားများက စစ်ဆေးနေစဉ် (NICKEE BUTLANGAN / AFP)

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

 

အရှေ့အလယ်ပိုင်းတွင် အိုင်အက်စ်အဖွဲ့က နယ်မြေများ ဆုံးရှုံးပြီး အခြေပျက်လာခြင်းနှင့်အတူ အိုင်အက်စ်တိုက်ခိုက်ရေးသမားအချို့သည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းသို့ ပြောင်းရွှေ့အခြေချလာနိုင်ပြီး ဒေသတွင်း၌ တိုက်ခိုက်မှုများ စီစဉ်လာနိုင်သည်ဟု လုံခြုံရေး ကျွမ်းကျင်ပညာရှင်များက သတိ ပေးနေသည်။

 

အိုင်အက်စ်အဖွဲ့ကို လိုလားသော အစွန်းရောက်များသည် ဖိလစ်ပိုင်တောင်ပိုင်းစခန်းများကိုအသုံးချ၍ ဖိလစ်ပိုင်မြို့တော် မနီလာနှင့် ဒေသတွင်းမြို့တော် မင်ဒါနာအိုတို့ကို တိုက်ခိုက်လာ နိုင်သည်။ သို့မဟုတ်ပါကလည်း  ဒေသတွင်း အခြားနေရာများကို တိုက်ခိုက်ရန် ကလာပ်စည်းများ  ထားရှိလေ့ကျင့်ပေးနိုင်သည်ဟု သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ အခြေစိုက် နိုင်ငံတကာမူဝါဒဆိုင်ရာ လိုဝီအင်စတီကျု့ဒ်မှ အကြမ်း ဖက်ဝါဒရေးရာကျွမ်းကျင်သူ မစ္စစ်ဆစ်ဒနီဂျုံးစ်က အိုင်အက်စ်ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ မကြာသေးမီက ထုတ်ပြန်ခဲ့သော စာတမ်းတစ်ရပ်တွင် ပြောကြား သည်။

 

‘‘အရှေ့အလယ်ပိုင်းမှာ အိုင် အက်စ်အဖွဲ့ကို တိုက်ထုတ်လိုက်တဲ့အခါမှာ နိုင်ငံခြားတိုက်ခိုက်ရေးသမား ရာနဲ့ချီပြီးတော့ အဲဒီ (ဖိလစ်ပိုင်တောင်ပိုင်း) ကို  ရောက်သွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ဒါဇင်လောက် ရောက်သွားရင်တောင် ထိခိုက်ပျက်စီးမှု အများကြီးဖြစ်စေနိုင်ပါတယ်’’ဟု ပဋိပက္ခဆိုင်ရာမူဝါဒခွဲခြမ်းစိတ်ဖြာမှု အင်စတီကျု့ဒ် (IPAC)  ဒါရိုက်တာ လည်းဖြစ်သည့် ဂျုံးစ်က ပြောသည်။

 

အရှေ့အလယ်ပိုင်းဒေသမှ အိုင်အက်စ်အဖွဲ့လှုပ်ရှားသူ အများအပြား ဖိလစ်ပိုင်တောင်ပိုင်း သို့ ရောက်လာနိုင်ခြေမရှိဟူသောအမြင်ကို မလေးရှားရဲတပ်ဖွဲ့က သဘောတူသော်လည်း စိုးရိမ်စရာ အကြောင်းများကတော့ ရှိနေ သည်သာဖြစ်သည်။

 

‘‘အခုလက်ရှိ ဆီးရီးယားနဲ့ အီရတ်မှာ ရှိနေတဲ့သူတွေကတော့ ဖိလစ်ပိုင်တောင်ပိုင်းကို သွားဖို့ အလားအလာမရှိပါဘူး။ ဒါပေမဲ့လည်း ဂျီဟတ်ဆင်နွှဲလိုတဲ့ သူတွေကတော့ အဲဒီဒေသကို သွားနိုင်ပါတယ်’’ဟု မလေးရှားတော်ဝင်ရဲ တပ်ဖွဲ့၏ အထူးထောက်လှမ်းရေးဌာန အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအကြီးအကဲ အယွက်ခန်မိုင် ဒင်းပီချေးက ပြောသည်။

 

စင်ကာပူ ပြည်ထဲရေးနှင့် တရားရေးဝန်ကြီး ကေရှန်မူဂမ်ကလည်း အိုင်အက်စ်ခြိမ်းခြောက်မှု သည် ဖိလစ်ပိုင်အစိုးရ၏ အကောင်းဆုံးကြိုးပမ်းမှုများကြားမှပင် ထိန်းချုပ်ရန် ခက်ခဲဆဲဖြစ်နေ သော ဖိလစ်ပိုင်တောင်ပိုင်းသို့ ရွေ့လျားသွားနိုင်သည်ဟု ဧပြီ ၄ ရက် က ပြောကြားခဲ့သည်။

 

အရှေ့အလယ်ပိုင်းမှ ပြန်လာသော အင်ဒိုနီးရှားအိုင်အက်စ်အချို့မှာမူ ဖိလစ်ပိုင်တောင်ပိုင်းသို့ ပြောင်းရွှေ့အခြေချနိုင်သည်ဟု ဂျီးမာအား အစ္စလာမီယာ (JI) အဖွဲ့မှ စစ်သွေးကြွဟောင်း အလီဖော်ဇီကဆိုသည်။ ဆီးရီးယားနှင့် အီရတ်တွင် အိုင်အက်စ်အဖွဲ့နှင့် ပူးပေါင်းချိန်က နိုင်ငံကူးလက်မှတ်အသိမ်းမခံရသော အင်ဒိုနီးရှားအိုင်အက်စ်အဖွဲ့ဝင်အချို့ ဖိလစ်ပိုင်တောင်ပိုင်းသို့ သွားနိုင်သည် ဟု အလီဖော်ဇီက ပြောသည်။

 

‘‘စစ်ဆေးမှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် သူတို့အနေနဲ့ ဖိလစ်ပိုင်တောင်ပိုင်းကို မသွားခင် မလေးရှားထဲ အရင်ဝင်ရောက်နိုင်ပါတယ်’’ဟု ဘာလီဗုံးခွဲမှုတွင် ပါဝင်ပတ်သက်မှုဖြင့် သေဒဏ်စီရင်ခံခဲ့ရသော ညီအစ်ကိုနှစ်ယောက် ၏ညီ အလီကပြောသည်။

 

ဖိလစ်ပိုင်နိုင်ငံနှင့် နီးကပ်မှု နှင့် နယ်စပ်မှခိုးဝင်၊ ခိုးထွက်ရန် လွယ်ကူမှုများကြောင့် အင်ဒိုနီးရှားစစ်သွေးကြွများသည် မလေးရှား နိုင်ငံ ဆာဘားပြည်နယ်အား တစ်ဆင့်ခံ နယ်မြေအဖြစ် အသုံးပြုနိုင်သည်ဟု အလီက ဆိုသည်။

 

‘‘အင်ဒိုနီးရှားကနေ လက်နက်တွေ ၀ယ်ယူဖို့ ဖိလစ်ပိုင်တောင်ပိုင်းကို သွားခဲ့တုန်းကလည်း ကျွန်တော်အဲဒီလမ်းကြောင်းကို အသုံးပြုခဲ့ပါတယ်။ တာဝေါ၊ ဆမ်ပိုးနာနဲ့ ဆန်ဒါကန် မြို့တွေကနေ တစ်ဆင့်ပြီး တစ်ဆင့်သွားရင်း ဆာဘားပြည်နယ်ကို တစ်ဆင့်ခံနယ်မြေအဖြစ် ကျွန်တော်အသုံးပြုခဲ့ပါတယ်’’ဟု အလီက ဆက်ပြောသည်။

 

အိုင်အက်စ်စစ်သွေးကြွများအတွက် ဆာဘားပြည်နယ်မှာ အရေးပါသော ထွက်ပေါက်ဖြစ်သည်ဟု IPAC မှ ဂျုံးစ်ကလည်း ပြောသည်။ ၂၀၁၄ နှောင်ပိုင်းကစ ၍ အင်ဒိုနီးရှားနှင့် မလေးရှားမှ စစ်သွေးကြွများနှင့် အခြားနေရာများမှ နိုင်ငံခြားသားအချို့သည် ဖိလစ်ပိုင်မွတ်စလင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မင်ဒါနာအိုနှင့် ဘာစီလန်မြို့အခြေစိုက် အိုင်အက်စ်လိုလားသော အုပ်စုများနှင့် ချိတ်ဆက်လုပ်ကိုင်နေသည်ဟု ဂျုံးစ်က ဆိုသည်။

 

ထိုအုပ်စုအများအပြားသည် ၂၀၁၆ အစပိုင်းက အိုင်အက်စ် ဗဟိုကွပ်ကဲရေးဌာန၏ ထောက်ခံမှုဖြင့် မဟာမိတ်အဖွဲ့အဖြစ် စုစည်းခဲ့ကာ ဘာစီလန်အခြေစိုက် အဘူဆေယက်အဖွဲ့ (ASG) ခေါင်းဆောင် အစ်နီလွန်ဟာပီလွန်အား သစ္စာခံခဲ့သည်။

 

မင်ဒါနာအိုဒေသအနောက် တောင်စွန်းရှိ ဘာစီလန်ကျွန်းကို အခြေခံထား၍ အိုင်အက်စ်အဖွဲ့၏ အရှေ့တောင်အာရှပြည်နယ် (နယ်မြေခွဲ)ထူထောင်ကြောင်း ယင်းအဖွဲ့က စီစဉ်ခဲ့သည်ဟု ဆိုသော်လည်း ရှင်းလင်းစွာ မသိရသော အကြောင်းများကြောင့် ယင်းသို့ မကြေညာဖြစ်ခဲ့ဟု ဂျုံးစ်က ပြောကြားသည်။ သို့သော် ဆီးရီးယားနိုင်ငံမှ အရှေ့တောင်အာရှ မှ အိုင်အက်စ်ခေါင်းဆောင်များက  ဖိလစ်ပိုင်နိုင်ငံမှ ဂျီဟတ်စစ်ပွဲတွင် ပါဝင်ကြရန် ၎င်းတို့၏ နောက်လိုက် နောက်ပါများကို တိုက်တွန်း နေခဲ့သည်ဟု ဆိုသည်။

 

‘‘အဲဒီမဟာမိတ်အဖွဲ့မှာ နိုင်ငံခြားသားပါဝင်မှု နည်းပါတယ်။ ဒါ ပေမဲ့လည်း မလေးရှားပြည်မကြီးက လူတချို့အပါအ၀င် ရန်ပုံငွေရှာဖွေရေးကွန်ရက်တွေနဲ့ တော်တော်လေး ပညာတတ်တဲ့ လူတချို့ပါဝင်နေပါတယ်’’ဟု မစ္စစ်ဂျုံးစ် က ပြောပြီး ဖိလစ်ပိုင်တောင်ပိုင်း၌ အိုင်အက်စ်အဖွဲ့က အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်နိုင်ခြေ ခြိမ်းခြောက်မှုလည်း နည်းပါးသည်ဟု ဆိုသည်။

 

အာဖဂန်နစ္စတန်နိုင်ငံတွင် အယ်လ်ကိုင်ဒါအဖွဲ့၏ လေ့ကျင့်မှုရရှိခဲ့သော မလားယားတက္ကသိုလ် ကထိကဟောင်း မာမွတ်အာမက်သည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမဟာမိတ်အဖွဲ့အတွက် မလေးရှားအိုင်အက်စ်အဖွဲ့ဝင်များ စုဆောင်းပေးသူ၊ အဓိကကျသော ရန်ပုံငွေရှာဖွေပေးသူ ဖြစ်သည်ဟု မလေးရှားရဲတပ်ဖွဲ့က ဆိုသည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတ ရိုဒရီဂိုဒူတာတီအာဏာရလာပြီး နောက်ပိုင်းယင်းဒေသ၌ လုံခြုံ ရေးအခြေအနေပိုမိုယိုယွင်းပျက် စီးလာခဲ့ပြီး ဆူလူးကျွန်းစုများတွင် ပြန်ပေးဆွဲမှုများ မြင့်တက်လာခဲ့သည်။

 

ယမန်နှစ် ဇွန်လ ၎င်းအာဏာရလာချိန်တွင် ဓားစာခံ ၁၈ ဦးရှိခဲ့ ပြီးယခုအခါတွင် ဓားစာခံ ၃၁ ဦး အထိရှိလာခဲ့ကာ ၂၅ ဦးသည် နိုင်ငံခြားသားများဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီက သက်ကြီးပိုင်း ဂျာမန်ဓားစာခံတစ်ဦး ခေါင်းဖြတ်အ သတ်ခံခဲ့ရသည်။

 

စစ်သွေးကြွများကို တိုက်ဖျက်ရေး ကြိုးစားနေရင်း မင်ဒါနာ အိုဒေသတွင် စစ်အုပ်ချုပ်ရေးကျင့်သုံးမည်ဟု ဒူတာတီက မတ်လ အတွင်း ခြိမ်းခြောက်ခဲ့သည်။ ၂၀၁၆-၁၇ တွင်လည်း ဒူတာတီကအိုင်အက်စ်စခန်းဟု မသင်္ကာ သောနေရာများကို တိုးမြှင့်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ရေးသမားအများအပြားကို သတ်ဖြတ်နိုင်ခဲ့ကာ ယခုနှစ်အစောပိုင်းက အဘူ ဆေယက် အဖွဲ့ခေါင်းဆောင် ဟာပီလွန်ကို ဒဏ်ရာရရှိစေခဲ့ကြောင်း မစ္စစ်ဂျုံးစ်က ပြောသည်။

 

သို့သော် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှ စစ်သွေးကြွပြဿနာသည် အလွန်ရှုပ်ထွေးပြီး စစ်တပ်ဖြင့် ထိုးစစ်ဆင်ခြင်းမှာ အဖြေမဟုတ်ဟု မစ္စစ်ဂျုံးက ယုံကြည်နေသည်။ ယင်းစစ်သွေးကြွ ပြဿနာတွင် အကြမ်းဖက်ဝါဒနှင့် စစ်ဘုရင်ဝါဒများ ရောယှက်နေ သည်ဟု ဆိုသည်။

 

မကြာခဏဆိုသလိုပင် ဒေသခံအစိုးရအရာရှိများသည် အစွန်းရောက်များနှင့် ဆွေမျိုးနီးစပ်တော်စပ်သူ အမျိုးအနွယ်တူသူများဖြစ် နေတတ်ကြောင်းနှင့် စစ်ရေးထိုးစစ်များသည် သုတ်သင်နိုင်မှုနှုန်းကို မြင့်တက်လာစေနိုင်သော် လည်း တစ်ဖက်တွင်လည်း လက်စားချေရေး စိတ်ဓာတ်များကို ပိုမို ပေါက်ဖွားလာစေနိုင်သည်ဟု ဂျုံးစ်က ယူဆသည်။

 

‘‘ရေရှည်မှာ အရေးကြီးတဲ့အဖြေကတော့ ဒေသဆိုင်ရာ အုပ်ချုပ်မှုတိုးတက်ရေးဖြစ်ပါတယ်’’ ဟု မစ္စစ်ဆစ်ဒနီဂျုံးစ်က စကားကို လက်စသတ်သည်။  

 

=====================

251 /End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Mourining of Imam Hossein
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky