ဒေါ်အောင်ဆန်းစုကြည်နှင့်NHK သတင်းဌာန တွေ့ဆုံမေးမြန်းမှု

ဒေါ်အောင်ဆန်းစုကြည်နှင့်NHK သတင်းဌာန တွေ့ဆုံမေးမြန်းမှု


ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်သတင်းဌာန NHK က နေပြည်တော်ကိုသွားရောက်ပြီး တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့သည်။ အဆိုပါ တွေ့ဆုံမေးမြန်း မှုအပြည့်အစုံကို7DAYNEWSစာဖတ်ပရိသတ်ကြီးဖတ်ရူနိုင်အောင်ဘာသာပြန်ပြီးတင်ဆက်ပေးလိုက်ပါသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်သတင်းဌာန NHK က နေပြည်တော်ကိုသွားရောက်ပြီး တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့သည်။ အဆိုပါ တွေ့ဆုံမေးမြန်း မှုအပြည့်အစုံကို7DAYNEWSစာဖတ်ပရိသတ်ကြီးဖတ်ရူနိုင်အောင်ဘာသာပြန်ပြီးတင်ဆက်ပေးလိုက်ပါသည်။

၅ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် NHK သတင်းဌာနသည် ဒေါ်အောင်ဆန်း စုကြည်ကို အင်တာဗျူးခွင့် ရခဲ့သည်။ ဂျပန် သတင်းဌာန၏ အင်တာဗျူး အစီအစဉ်မှူး အိုရီ ဆူဂီမိုတိုနှင့် တွေ့ဆုံချိန်၌ မြန်မာ အစိုးရ ခေါင်းဆောင်က ရခိုင်ပြည်နယ်တွင် ကာလရှည်ကြာ အမြစ်တွယ်နေခဲ့သည့် ဘင်္ဂါလီ အရေးကိစ္စသည် နေ့ချင်းညချင်း ဖြေရှင်း ပြီးစီးနိုင်မည့် ပြဿနာမျိုး မဟုတ်ဟု ပြောကြားသွားခဲ့သည်။
 
မြန်မာအစိုးရဟာ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ မျိုးနွယ်စုတွေ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထားသည်) ပြန်လည် နေရာချပေးရေး ကိစ္စအတွက် ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ အကူအညီကို ရယူဖို့ သဘောတူလိုက်ပါပြီ။ ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ကော်မတီမျိုး ဖွဲ့စည်းပါတော့မယ်။ ဒါတွေက ဒုက္ခသည်တွေ အတွက်ရော၊ နိုင်ငံတကာ အသိုက်အဝန်း အတွက်ပါ လိုအပ်နေခဲ့တာ ကြာပါပြီ။ အခုအချိန်မှ မြန်မာအစိုးရက ဒီလုပ်ဆောင်မှုတွေ စတင် လုပ်ဆောင်လာတာ ဘာကြောင့်ပါလဲ။
အခုမှ စလုပ်တယ် ဆိုတာမျိုးတော့ ကျွန်မ မတွေးပါဘူး။ ဒါက လုပ်ငန်းတစ်ခု ဆိုတာထက် လုပ်ငန်းစဉ် တစ်ခုလို့ ပြောရင် ပိုမှန်ပါမယ်။ ကျွန်မတို့က ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်နေတာကို လူတွေ သတိမထားမိလို့ နေပါလိမ့်မယ်။ အပြန်အလှန် နားလည်မှု သဘောတူ စာချုပ်မျိုး အထမြောက်လာတယ် ဆိုတာတွေပေါ့လေ။ ဒါတွေက ဒေါက်တာ ကိုဖီအာနန်ရဲ့ ကော်မရှင်ဆီက ထောက်ခံတင်ပြမှုတွေ ရတဲ့ အချိန်ထိ နောက်ကြောင်း ပြန်ကြည့်ရပါမယ်။ ဟုတ်ပါတယ်။ အခုနောက်ဆုံး အမျိုးသားအဆင့် စုံစမ်းစစ်ဆေးမှု အဖွဲ့တစ်ခု ဖွဲ့စည်းတာ ဆိုရင်လည်း ကျွန်မတို့ရဲ့ အကြံပေး ဘုတ်အဖွဲ့က ထောက်ခံ အကြံပြုခဲ့တဲ့ ကိစ္စပါပဲ။ ဒီအကြံပြုမှုတွေကို ကျွန်မတို့ အရမ်း အလေးအနက်ထား စဉ်းစားပါတယ်။ သူတို့ကို ခန့်အပ်ထားတယ် ဆိုတာကလည်း လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်မတို့အတွက် တန်ဖိုးရှိတဲ့ ရှုထောင့်တွေကနေ အကြံပေးနိုင်မယ်လို့ ယုံကြည်ထားတာကြောင့်ပါ။
 
ဒီကိစ္စတွေကို အပြင်လူတွေ မသိမြင်နိုင်ဘူး ဆိုရင်တောင် တစ်ခုလောက်တော့ ထပ်မေးပါရစေ။ ဒီအစီအမံတွေ ဖော်ဆောင်ဖို့ မြန်မာ အစိုးရ အနေနဲ့ ဘာကြောင့် အချိန်အကြာကြီး ယူခဲ့ရပါသလဲ။ ဘယ်လို အခက်အခဲတွေ ရှိနေလို့ပါလဲ။
ဟုတ်ပြီ။ ရှင့်အနေနဲ့ ကျွန်မတို့ အချိန်အကြာကြီး ယူခဲ့ရတယ်လို့တော့ မပြောသင့်ဘူးလို့ ကျွန်မထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြံပေး ဘုတ်အဖွဲ့က သူတို့ရဲ့ ထောက်ခံ တင်ပြမှုတွေကို သိပ်မကြာသေးခင် လပိုင်းကမှ ထုတ်ပြန်ခဲ့တယ်ဆိုတာ ရှင်သတိရစေချင်တယ်။ ဒီတော့ ကျွန်မတို့ဟာ အဲဒီ အကြံပြုချက်တွေ အပြီးမှာ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ အချိန်အများကြီး ယူခဲ့တယ် ဆိုတာမျိုး ရှင်ပြောလို့ မရဘူးလေ။ ယူအန်ဒီပီ (ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်)၊ ယူအန်အိတ်ခ်ျစီအာရ် (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး)တို့နဲ့ ပတ်သက်ပြီး ပြောရရင်တော့ ကျွန်မတို့ဟာ အပြန်အလှန် နားလည်မှု သဘောတူညီချက်တစ်ခု ရဖို့အတွက် ညှိနှိုင်းတာတွေ ရှိခဲ့တယ်။ ကျွန်မတို့ဟာ ရိုက်ခတ်မှု ဖြစ်နိုင်ခြေ အားလုံးကို ကြည့်တတ်ဖို့ လိုပါတယ်။ နှစ်ဖက်စလုံး အတွက်ပေါ့။ ကျွန်မတို့ ချက်ချင်း သဘောတူညီနိုင်ခဲ့တဲ့ ကိစ္စတွေ ရှိတယ်။ တချို့ ကိစ္စတွေကျတော့လည်း ကြားထဲက အစိုင်အခဲ တချို့ကို ချေဖျက်ရသေးတာကိုး။ ဒီတော့ အပြန်အလှန် နားလည်မှု တစ်ခုကို ရယူနိုင်ခဲ့တယ် ဆိုရင်လည်း အဲဒါက အဓိပ္ပါယ် ရှိဖို့ လိုတယ်။ တစ်ချိန်တည်းမှာ လက်တွေ့ အကောင်အထည် ဖော်နိုင်တာမျိုး ဖြစ်ဖို့ လိုတယ်။ ဒီလို ညှိယူရတာမျိုးတွေအတွက် အချိန်ယူရတာ ထိုက်တန်တယ်လို့ ကျွန်မ ထင်ပါတယ်။
 
ညှိနှိုင်းမှုတွေမှာ မြန်မာဖက်က လိုက်လျောပေးဖို့ ခက်ခဲနေတာတွေက ဘယ်အရာတွေ ဖြစ်မလဲ။
ကျွန်မတို့ အတွက်ရော၊ ကုလသမဂ္ဂ အေဂျင်စီတွေ အတွက်ပါ အခက်တွေ့လောက်တဲ့ အကြောင်းအရာမျိုး မရှိဘူးလို့ ထင်ပါတယ်။ ညှိကြတဲ့ အခါမှာ မေးခွန်းထုတ်ရမယ့် ကိစ္စတွေ အများကြီး ရှိလာပါတယ်။ ဒါပေမဲ့ ဖြေရှင်းလို့ မရနိုင်တာမျိုးတော့လည်း တစ်ခုမှ မရှိပါဘူး။ ဒါကြောင့်လည်း အခု ကျွန်မတို့ အပြီးသတ် သဘောတူညီမှု ရခဲ့တာပေါ့။
 
မြန်မာနိုင်ငံမှာ ဘင်္ဂါလီ မွတ်ဆလင်တွေအပေါ် အနိုင်ကျင့် ရန်ပြုမှုတွေ ရှိနေတယ်လို့ အတော်လေး အစွပ်စွဲ ခံရတယ်နော်။ ပြီးတော့ ဒီကိစ္စဟာ အရမ်း ရှုပ်ထွေးတယ် ဆိုတာမျိုး၊ တစ်ခါတလေ နိုင်ငံတကာ အသိုက်အဝန်းက ဒီပြဿနာမှာ ကြားဝင်ဖို့ အခွင့်အရေး မရှိဘူး ဆိုတာမျိုး မြန်မာအစိုးရ ပြောတာ ကြားခဲ့ဖူးတယ်။ ဒီအရေးအခင်းဟာ မြန်မာအတွက် ဘာကြောင့် ဒီလောက် ရှုပ်ထွေး၊ ဒီလောက် ခက်ခဲနေတယ် ဆိုတာကို ရှင်းပြပေးနိုင်မလား။ ပြီးတော့ နိုင်ငံတကာ အသိုက်အဝန်းက ပါဝင်နိုင်ခွင့် မရှိဘူး ဆိုတဲ့ အကြောင်းကိုရောပေါ့။
ပထမဆုံး အနေနဲ့ ပြောချင်တာက ဒါဟာ အချိန်အကြာကြီး ဖြစ်ပျက် ပြောင်းလဲလာတဲ့ ကိစ္စဆိုတာပါပဲ။ လူတွေ မေ့နေတာ တစ်ခုရှိတယ်။ ရခိုင်ပြည်နယ် ပြဿနာဟာ ရာစုနှစ် နှစ်ခုလောက် အကြာမှာ ကတည်းက အစပြုခဲ့တာပါ။ မနေ့ကမှ စတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီလောက် ကြာညောင်းခဲ့တဲ့ ပြဿနာကြီးကို လအနည်းငယ် အတွင်းမှာ ရှင့်အနေနဲ့ မဖြေရှင်းနိုင်ဘူးလေ။ ကျွန်မတို့ အစိုးရ အဖွဲ့က နိုင်ငံအုပ်ချုပ်ရေး တာဝန်ကို လွှဲယူခဲ့တာ ၂ နှစ်ပဲ ရှိပါသေးတယ်။ ဒီလို ပြဿနာကြီးကို နေ့ချင်းညချင်း ဖြေရှင်းပြမယ် ဆိုတာမျိုးတော့ မျှော်လင့်လို့ ဘယ်ရမလဲ။ ရခိုင်အရေးဟာ သမိုင်းကြောင်း ကိစ္စတွေပါ ဆက်နွှယ် ပါဝင်နေတယ် ဆိုတာကို ပြည်တွင်းမှာရော၊ ပြည်ပမှာပါ သတိထားမိတဲ့သူ နည်းနည်းလေးပဲ ရှိပါတယ်။ ဒီတော့ ပြည်ပကမ္ဘာကတင် မကဘဲ ကျွန်မတို့ နိုင်ငံက ပြည်သူတွေပါ ဒီကိစ္စက ဘာတွေ ဆက်နွှယ်ပြီး ဖြစ်ပျက်နေတယ် ဆိုတာ၊ ကျွန်မတို့ ဘာကြောင့် ဒီလို တစ်ဆင့်ချင်း လှမ်းနေတယ် ဆိုတာကို နားလည်ဖို့ လိုပါတယ်။ ဒါတွေကို ကျွန်မတို့ ပြည်သူတွေ သိရှိ နားလည်ဖို့က ပိုအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံ တည်ငြိမ်မှုနဲ့ လုံခြုံမှုကို ရေရှည် ထိန်းသိမ်းသွားရမှာက ကျွန်မတို့ နိုင်ငံသားတွေ ကိုယ်တိုင်ပဲ ဖြစ်နေတာကြောင့်ပါ။
 
ဒီပြဿနာ ဘယ်လောက် ရှုပ်ထွေးသလဲ ဆိုတာကို မြန်မာပြည်သူတွေ၊ ဒါမှမဟုတ် နိုင်ငံတကာက သေချာ နားလည် သဘောပေါက်အောင် မစောင့်ဘူး၊ ဒါမှမဟုတ် အချိန်မယူဘူးဆိုရင် မြန်မာနိုင်ငံအတွက် အရမ်း အန္တရာယ် များသွားနိုင်မလား။
 
ပြဿနာ တစ်ခုကို ဘက်ပေါင်းစုံကနေ မစဉ်းစား၊ မတွေးခေါ်ဘဲ ရှေ့တိုးနေသ၍ ဘယ်သူ့အတွက်မဆို အန္တရာယ် များလွန်းတယ်လို့ ကျွန်မ ထင်ပါတယ်။
 
ဒါဆို ရှင်းပြနိုင်မလား။ မြန်မာအနေနဲ့ ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် လှုပ်ရှား စီမံခဲ့မယ်ဆိုရင် ဘယ်လို အန္တရာယ်မျိုးတွေ ကြုံလာနိုင်သလဲ ဆိုတာကိုပေါ့။
 
အရာရာတိုင်းကို ရှင့်အနေနဲ့ အလောတကြီး ထလုပ်လို့ မရပါဘူး။ အချိန်ယူဖို့ လိုတဲ့ ကိစ္စတွေအတွက်ဆိုရင် အချိန်ပေးကို ပေးရမှာပါပဲ။ ကိစ္စတိုင်းကို အင်အားသုံးပြီး ဖြေရှင်းလို့ မရဘူးလေ။ ဥပမာ အနေနဲ့ဆိုရင် လူတွေကို ‘အခုအချိန်ကစလို့ ပြဿနာတွေကို မေ့လိုက်ကြရအောင်၊ ကဏ္ဍသစ်တစ်ခု စကြမယ်လေ’ ဆိုတာမျိုး ရှင်သွားပြောလို့ မရဘူးလေ။ သူတို့ကို အမိန့်ပေးလို့လည်း မရပါဘူး။ ဒီတော့ သူတို့တွေ အားလုံး နားလည်နိုင်မယ့်၊ ပြဿနာတိုင်းကို ကွဲပြားတဲ့ အခြေအနေကနေ ဖြေရှင်းပေးနိုင်မယ့် အနေအထားမျိုး ကိုယ်က ဖန်တီးပေးတာမျိုးပဲ လုပ်လို့ရမှာပေါ့။
 
ရခိုင်မှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်းတဲ့ ကိစ္စအကြောင်း နည်းနည်း အကျယ်ချဲ့ပြီး ပြောပြနိုင်မလား။ ဥပမာ အဖွဲ့ဝင်တွေ အကြောင်းပေါ့။ ဒီအဖွဲ့အစည်းဟာ အမှန်တကယ် ယုံကြည်ထိုက်ပြီး အမှီအခို ကင်းရှင်းတယ်ဆိုတာ သေချာပေါက် ပြောနိုင်သလား။ ပြီးတော့ မြန်မာအစိုးရဟာ တရားဥပဒေနဲ့အညီ စီမံ ဆောင်ရွက်နေတယ် ဆိုတာကို နိုင်ငံတကာ အသိုက်အဝန်းဆီ ထိရောက်မှုရှိရှိ တင်ပြပေးနိုင်မှာလား။
စုံစမ်းစစ်ဆေးရေး ကောင်မရှင်နဲ့ ပတ်သက်ပြီး ဘာတွေ ဘယ်လို ဖြစ်လာပါမယ်လို့ အခုလောလောဆယ်တော့ ကျွန်မတို့ ကြိုမပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ကျွန်မတို့ဟာ သိက္ခာရှိပြီး တည်ကြည်ဖြောင့်မတ်သူတွေကို အဖွဲ့ဝင်အဖြစ် ခန့်အပ်ထားတာပါ။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ကျွန်မတို့ အပြည့်အဝ ယုံကြည် အားကိုးပါတယ်။
 
လွတ်လပ်တဲ့၊ အမှီအခိုကင်းတဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ခု ရှိလာခြင်းဟာ အခြေအနေတွေ တိုးတက်လာမယ်၊ နိုင်ငံတကာ အသိုက်အဝန်းရဲ့ နားလည်မှုကို ပိုမို ရရှိလာမယ်လို့ ထင်ပါသလား။
 
ကျွန်မတို့ရဲ့ အကြံပေး အဖွဲ့ကတော့ ဒါဟာ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတစ်ခုလို့ ယုံကြည်နေပါတယ်။ ကျွန်မတို့ရဲ့ အကြံပေး ပုဂ္ဂိုလ်တွေအပေါ် အပြည့်အဝ ယုံကြည်မှု ရှိသလို သူတို့ရဲ့ အသိပညာပိုင်းကိုလည်း လေးစားမှု ရှိတဲ့အတွက် ဒီထောက်ခံ တင်ပြမှုဟာ အခြေအနေတွေကို ကိုင်တွယ်ရာမှာ အပေါင်းလက္ခဏာဆန်ဆန် ပြောင်းလဲလာစေမယ်လို့ ကျွန်မတို့ ထင်ပါတယ်။
 
ဒီနေရာမှာ ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေး မစ်ရှင်လို နိုင်ငံတကာ အဖွဲ့အစည်းမျိုးထက် ပြည်တွင်း အဖွဲ့အစည်း တစ်ခုကိုပဲ ဘာကြောင့် ရွေးချယ်ခဲ့တာပါလဲ။
 
ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေး မစ်ရှင်ကို ဘာကြောင့် လက်မခံနိုင်သလဲ ဆိုတာကို ကျွန်မတို့ အကြိမ်ကြိမ် ရှင်းပြခဲ့ပြီးပါပြီ။ နောက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းတယ် ဆိုတာကလည်း အကြံပေး အဖွဲ့ရဲ့ ထောက်ခံ တင်ပြမှုကြောင့်ပါ။ သူတို့ဟာ ရခိုင်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတိုင်းကို သေသေချာချာ စောင့်ကြည့် လေ့လာခဲ့ကြပါတယ်။ ပြီးတော့မှ အကြံပေးချက်တိုင်းကို အရမ်း အလေးအနက်ထားပြီး တင်ပြခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ကလည်း ဒါတွေကို အလေးအနက် သဘောထားပြီး ဖော်ဆောင်ပေးပါတယ်။
 
ကော့စ်ဘာဇားဖက်မှာတော့ ဒုက္ခသည်တွေ အများကြီးက မြန်မာနိုင်ငံပြန်ဖို့ တွန့်ဆုတ်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံကို ပြန်ရောက်ရင် ရန်လို တိုက်ခိုက်မှုတွေနဲ့ ကြုံရမှာကို စိုးရိမ်နေလို့ပါ။ ဒီအချက်က ဆန္ဒအလျောက် ပြန်လည် နေရာချပေးနိုင်ရေးဆိုတဲ့ အပိုင်းကို အစပြုဖို့ အခက်အခဲ တွေ့နေစေပါတယ်။ ဒီတော့ ဒုက္ခသည်တွေ ဆီကရော၊ နိုင်ငံတကာ အသိုက်အဝန်း ဆီကပါ ယုံကြည်လက်ခံမှုကို မြန်မာနိုင်ငံ အနေနဲ့ ဘယ်လို ဘယ်ပုံ ပြန်လည် ရယူသွားမလဲ။
 
ယုံကြည်မှု ဆိုတာ အသွားအပြန်ရှိတဲ့ လုပ်ငန်း ကိစ္စပါ။ ယုံကြည်မှု တည်ဆောက်တယ် ဆိုတဲ့ နေရာမှာ မြန်မာဖက်ကချည်း တာဝန်ရှိတယ် ဆိုတာမျိုးတော့ ကျွန်မ လက်မခံပါဘူး။ ယုံကြည်မှု ဖြစ်ထွန်း အကောင်အထည် ပေါ်လာဖို့အတွက် တစ်ဖက်ကလည်း လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဖို့ လိုပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် အချက်အလည် ဖြည့်ဆည်းဖို့ လိုတဲ့ ပုံစံစာရွက်တွေမှာ သတ်မှတ်ထားတဲ့အတိုင်း ဖြည့်တင်းပေးဖို့ လိုပါတယ်။ ဒါက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား နားလည်မှု ယူထားတဲ့ သဘောတူညီမှုထဲမှာ ပါပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေ ဆီကိုကျတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးနေတာမျိုး မရှိဘူး။ ဒီပုံစံစာရွက်တွေကို မဖြန့်ဝေတဲ့အခါ ဒုက္ခသည်တွေကလည်း သူတို့ဟာ တရားဝင်ပြီး လုံခြုံဘေးကင်းတဲ့ လမ်းကြောင်းမျိုးနဲ့ ရခိုင်ကို ပြန်လာနိုင်မယ် ဆိုတာကို သိမှာ မဟုတ်ပါဘူး။ ဒါဆိုရင် အခြေအနေတွေ တိုးတက်လာအောင် ကျွန်မတို့ကချည်း လုပ်ပေးနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ ဒီတော့ အခုကိစ္စဟာ အသွားအပြန် ရှိတယ်လို့ ကျွန်မ ထင်ပါတယ်။ နားလည်မှု သဘောတူညီချက် ဆိုတာမျိုးက အဖွဲ့အစည်း နှစ်ခု၊ ဒါမှမဟုတ် ဒီထက် ပိုတာမျိုး ပါဝင်ရတာလေ။ ပါဝင်ထားတဲ့ အဖွဲ့အစည်းတိုင်း ကိုယ့်တာဝန်ကိုယ် ကျေကျေပြွန်ပြွန် အကောင်အထည် ဖော်ပေးဖို့တော့ လိုတာပေါ့။
 
သဘောပေါက်မိသလောက် ဆိုရင်တော့ ပါဝင်ညှိနှိုင်းသူအားလုံး အပြန်အလှန် ယုံကြည်မှု တည်ဆောက်ဖို့အတွက် လုပ်ရမှာတွေ အများကြီး ရှိနေပုံပဲ။ မြန်မာဖက်ကရော၊ ဘာတွေ လုပ်ပေးနိုင်မလဲ။
နားလည်မှု သဘောတူညီချက်နဲ့ ပတ်သက်လို့ ကျွန်မတို့ဖက်က တာဝန်ခံထားတဲ့ ကိစ္စအားလုံးကို ဖြစ်မြောက်အောင် ဆောင်ရွက်ပါမယ်။ အဲဒီ နားလည်မှု သဘောတူ စာချုပ်အကြောင်း ရှင်လေ့လာကြည့်မယ်ဆိုရင် ကျွန်မတို့ ဘာတွေ လုပ်နေသလဲ ဆိုတာကို သိနိုင်မှာပါ။ ကျွန်မတို့ဖက်က အလုံးစုံ တာဝန်ကျေတယ်ဆိုတာ ရှင်သဘောပေါက်သွားလိမ့်မယ်။ ဒါပေမဲ့ ယုံကြည်မှု ဆိုတာက စာရွက်တစ်ရွက်ပေါ်မှာ လက်မှတ် ထိုးလိုက်ရုံနဲ့ ဖန်တီးလို့ ရတာ မဟုတ်ဘူး။ ပါဝင် ပတ်သက်သူတွေ အားလုံးက ယုံကြည်ထိုက်သလား၊ မယုံကြည်ထိုက်သလား ဆိုတာကို အရဲစွန့် ချဉ်းကပ်ရတာတွေ ရှိတယ်။ ရှင့်ဖက်က အခြေအနေ တစ်ခုအတွက် စမ်းသပ်ကြည့်ဖို့ ပြင်ဆင်မထားဘူး ဆိုရင်တော့ ဒီကိစ္စက လက်သင့်ခံနိုင်စရာ ရှိမရှိ လူတွေကို ဘယ်တော့မှ ပြန်ပြောပြလို့ ရတော့မှာ မဟုတ်ဘူး။
 
မြန်မာအနေနဲ့ ယုံကြည်မှု ပြန်လည် တည်ဆောက်ဖို့ ဖြစ်နိုင်ခြေရှိသမျှ ဆောင်ရွက်ထားတယ်လို့ နားလည်မိပါတယ်။ ဒါပေမဲ့ အခုကစပြီး ဘယ်လို လုပ်ငန်းစဉ်မျိုးကို လုပ်ဆောင်ဖို့ ရှိနေပါသလဲ။
 
ဒါမျိုးက အချိန် အကန့်အသတ်လေးတစ်ခု အတောအတွင်းမှာ အခြေချ တည်ဆောက်လို့ ရတာမျိုး မဟုတ်ပါဘူး။ ဒီအချိန်မှာတော့ ယုံကြည်မှု အေအဆင့်မှာ ရှိတယ်၊ နောက်ထပ် လေးလကြာရင်တော့ ဘီအဆင့်ကို ရောက်လာမယ် ဆိုတာမျိုး ရှင်ကြိုပြောလို့ မရဘူးလေ။ သဘောတရားကိုက ဒီလို လည်ပတ်နေတာ မဟုတ်ဘူး။ ဒါက တချိန်လုံး ရှေ့ဆက်နေရမယ့် လုပ်ငန်းစဉ်မျိုးပါ။ ကျွန်မ ပြောခဲ့သလိုပါပဲ။ ဆက်စပ်ပါဝင်သူ အားလုံးအနေနဲ့ အကောင်းမြင်စိတ် မွေးထားပြီး ယုံကြည်မှု ပြန်လည် တည်ဆောက်တဲ့ လုပ်ငန်းစဉ်အပေါ် အာရုံစိုက်ထားဖို့ လိုအပ်ပါတယ်။
 
လတ်တလော မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေ၊ လွတ်လပ်တဲ့ ကော်မတီ ဖွဲ့စည်းမှုအတွက် ကုလသမဂ္ဂနဲ့ သဘောတူညီမှု ယူလိုက်တာမျိုးပေါ့။ ဒါတွေက အပြန်အလှန်ရော၊ တခြား အဖွဲ့အစည်းတွေနဲ့ပါ ယုံကြည်မှု ရယူဖို့ ဆိုတာမျိုး ယူဆနိုင်မလား။
 
ယူအန်ဒီပီ၊ ယူအန်အိတ်ခ်ျစီအာရ်တို့နဲ့ နားလည်မှု သဘောတူ စာချုပ် လက်မှတ် ထိုးလိုက်တာ၊ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခု ဖွဲ့စည်းစေတာတွေက ယုံကြည်မှု ဖန်တီးယူဖို့ ကျွန်မတို့ လုပ်ဆောင်နေတာလို့ ရှင်ပြောလိုက်တာလား။
 
ဒါက တစ်ခုတည်းသော အကြောင်းပြချက်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ မြန်မာအနေနဲ့ …
 
ဒီမှာ၊ အခုကိစ္စတွေဟာ ဒေါက်တာ ကိုဖီအာနန် ကော်မရှင်နဲ့ ကျွန်မတို့ရဲ့ အကြံပေးအဖွဲ့က ထောက်ခံ တင်ပြထားတာတွေအတိုင်း အစီအစဉ်တကျ လုပ်ဆောင်နေတယ် ဆိုတာကို ကျွန်မ ခဏခဏ ရှင်းပြပြီးပြီ။ ကော်မရှင်ရော၊ အကြံပေး အဖွဲ့ကိုပါ ကျွန်မတို့ပဲ ဦးစီးဦးဆောင်ပြုပြီး ဖွဲ့စည်းခဲ့တာပါ။ အဲဒီထဲမှာ အသိပညာ ပြည့်ဝပြီး စိတ်နှလုံး ဖြောင့်မတ်တယ်လို့ ယူဆသူတွေကိုပဲ ကျွန်မတို့ ခန့်အပ်ခဲ့တယ်။ ဒီတော့ သူတို့ ထောက်ခံ တင်ပြတဲ့အတိုင်း ကျွန်မတို့ လေးလေးနက်နက် လိုက်နာ အကောင်အထည်ဖော်တယ်။ ဒါပါပဲ။
 
ဒီတစ်ခုကို ရှင်းပြရတာ အရမ်းခက်မယ် ဆိုတာကိုတော့ နားလည်ပါတယ်။ ဒါပေမဲ့ မေးတော့ မေးပါရစေ။ ဒုက္ခသည်တွေ အနေနဲ့ အမှန်တကယ် ပြန်လာနိုင်တဲ့ကိစ္စ ဘယ်အချိန်လောက်မှ စဖြစ်မယ်လို့ မှန်းထားပါသလဲ။
 
ဒီကိစ္စက ကျွန်မတို့နဲ့ ဆိုင်သလို ဘင်္ဂလားဒေ့ရှ် အပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ ဒါက နှစ်လမ်းသွား လုပ်ငန်းစဉ်မျိုးပါ။ ဒုက္ခသည်တွေဆီကို သူတို့ ဖြည့်ရမယ့် ပုံစံစာရွက်တွေ မပေးသေးသ၍၊ ဒုက္ခသည်တွေ အနေနဲ့ ရခိုင်ပြည်နယ်ကို ပြန်လာဖို့ သူတို့ လုပ်ရမယ့် အဆင့်တိုင်းကို ပြီးမြောက်အောင် မလုပ်နိုင်သေးသ၍ ကျန်တဲ့ ကိစ္စတွေကို ကျွန်မတို့လည်း အလျင်လိုနေလို့ မရတော့ပါဘူး။ ရှင်လည်း သိထားပြီး ဖြစ်မှာပါ။ တချို့တွေ ပြန်လာကြတယ် ဆိုပေမယ့် တရားဝင် လမ်းကြောင်းတွေ အတိုင်းတော့ မဟုတ်ပါဘူး။ အဲဒီ ပြန်လာသူတွေ ကိုယ်တိုင်ကလည်း ပုံစံစာရွက်တွေ ဖြည့်ဖို့ လိုတယ်ဆိုတာ၊ တိတိကျကျ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ ရှိတယ်ဆိုတာ လုံးဝ မသိခဲ့ဘူးလို့ ပြောကြပါတယ်။
 
မြန်မာနိုင်ငံမှာ၊ ဆိုကြပါစို့ မြန်မာပြည်သူ တော်တော်များများမှာပေါ့လေ။ ရိုဟင်ဂျာလို့ပဲခေါ်ခေါ်၊ ဘင်္ဂါလီလို့ပဲခေါ်ခေါ် အဲဒီ လူမျိုးစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ မုန်းတီမှုတွေ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတယ်။ နိုင်ငံခေါင်းဆောင် အနေနဲ့၊ ဒီမိုကရေစီ ခေါင်းဆောင်တစ်ယောက် အနေနဲ့ အဲဒီလို ပြည်သူတွေအတွက် ပြောချင်တဲ့ သတင်းစကားမျိုး ရှိပါသလား။
 
အစိုးရ အနေနဲ့ တာဝန်ယူခဲ့ချိန် ကတည်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ လုပ်ဆောင်နေခဲ့ပါတယ်။ ဧပြီ ၁ ရက်မှာ အစိုးရ ယန္တရား စတင်လည်ပတ်တော့ ပထမဆုံး လုပ်ဆောင်တာတွေထဲမှာ ပါဝင်တာ တစ်ခုက ရခိုင်ပြည်နယ်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်မှာ မလိုမုန်းထားမှုတွေနဲ့ မယုံကြည်မှုတွေ၊ အကြောက်တရားနဲ့ အမုန်းတရားတွေ အမြစ်တွယ်နေတာကို ကျွန်မတို့ နားလည်ထားတာကြောင့်ပါ။ ရခိုင်ဟာ ဖွံ့ဖြိုးမှု အားနည်းပြီး စည်ပင်ဝပြောမှုလည်း သိပ်မရှိသေးတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ အဲဒီကတည်းက ရခိုင်ပြဿနာအတွက် ရေရှည် ဖြေရှင်းဖို့ နည်းလမ်းမျိုး ကျွန်မတို့ ရှာဖွေခဲ့တယ်။ နေဦး။ ဒါကို ပြဿနာ ဆိုတာထက် စိန်ခေါ်မှု တစ်ခုလို့ ကျွန်မတို့ ခံယူပါတယ်။ ကျွန်မ ပြောခဲ့ပြီးပါပြီ။ ဒီအခြေအနေတွေ ရှေ့ဆက် တည်ရှိနေဆဲပါ။ သမိုင်းနဲ့ချီပြီး ဖြစ်တည်ခဲ့တဲ့ ကိစ္စတွေ၊ ရာစုနှစ်နဲ့ချီ ကြာမြင့်ခဲ့တာတွေကို လပိုင်းလောက်နဲ့တော့ ရှင့်အနေနဲ့ မဖယ်ရှားပစ်နိုင်ပါဘူး။ နှစ်ပိုင်းလောက်နဲ့တောင် မဖြစ်နိုင်သေးဘူး။ ဒါဟာ တသမတ်တည်း အစဉ်တစိုက် အားထည့် လုပ်ဆောင်နေရမယ့် ကိစ္စမျိုး ဖြစ်ပါတယ်။ တခြားနိုင်ငံတွေကို ကြည့်ပါ။ ရှည်လျားတဲ့ ဒီမိုကရေစီ ရပ်တည်မှုအတွက် ပြဿနာတွေ ရှိကြတာချည်းပါပဲ။ ကွဲပြားတဲ့ လူ့အသိုက်အဝန်းတွေ ငြိမ်းငြိမ်းချမ်းချမ်း ရှိစေဖို့ဆိုရင် ယုံကြည်မှုနဲ့ အပြန်အလှန် နှစ်လိုမှုတွေ လိုအပ်တယ်လို့ ကျွန်မ နားလည်ထားပါတယ်။
 
မကြာသေးခင်တုန်းက ဂျပန် သံအမတ်ကြီး မစ္စတာ မာရူယာမာ အနေနဲ့ မောင်းတောနဲ့ စစ်တွေကို သွားရောက်ပြီး အခြေအနေတွေကို လေ့လာခွင့်ရဖို့ ဖိတ်ကြား ခံခဲ့ရပါတယ်။ ဒီကိစ္စမှာ ဂျပန်ရဲ့ အခန်းကဏ္ဍကိုရော ဘယ်လောက်ထိ တွက်ဆ မျှော်လင့်ထားပါသလဲ။
 
ရခိုင်ပြဿနာကို ဖြေရှင်းရာမှာ ဂျပန်ဟာ အရမ်း အပေါင်းလက္ခဏာဆန်ပြီး လက်တွေ့ကျတဲ့ ထောက်ပံ့ အားပေးမှုတွေ၊ ကူညီမှုတွေ ပံ့ပိုးပေးခဲ့ပါတယ်။ ဒါကို ကျွန်မတို့ အများကြီး အသိအမှတ်ပြု ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ရဲ့ မူဝါဒ အရလည်း ဒီပြဿနာ ဖြေရှင်းမှုမှာ ထောက်ပံ့ ကူညီပေးနေတဲ့ နိုင်ငံတွေ အနေနဲ့ ကျွန်မတို့ သဘောတူထားတဲ့ စီမံကိန်းတွေကို ဘယ်လိုဘယ်ပုံ ဖော်ဆောင် နေသလဲ ဆိုတာကို မကြာခဏ သွားရောက် လေ့လာနိုင်ဖို့ စီစဉ်ပေးချင်ပါတယ်။
 
ဂျပန်ရဲ့ ချဉ်းကပ်မှုက တခြားနိုင်ငံတွေနဲ့ ကွဲပြားတယ် ဆိုတာမျိုးရော ခံစားမိပါသလား။
 
နိုင်ငံတိုင်းကတော့ သူ့ပုံစံနဲ့သူ ကွဲပြားမှု ရှိကြတာချည်းပါပဲ။ ဟုတ်ပါတယ်။ တချို့ နိုင်ငံတွေက ပူးပေါင်း ဆောင်ရွက်လိုတယ်။ တချို့နိုင်ငံတွေက သီးခြား ရပ်တည်ချင်တယ်။ ဒါပေမဲ့ အခြေခံ အားဖြည့်တော့ ပုံစံတစ်ခုတည်းမှာ ရပ်တည်တဲ့ နိုင်ငံနှစ်ခုတော့ မရှိပါဘူး။ သိမ်သိမ်မွေ့မွေ့လေးပဲဖြစ်ဖြစ် ကွာဟသွားကြတာချည်းပါပဲ။
 
ဂျပန်-မြန်မာ ဆက်ဆံရေးရဲ့ အဓိက ထူးခြားမှုက ဘာလို့ ယုံကြည်ပါသလဲ။
 
ဂျပန်-မြန်မာ ဆက်ဆံရေးရဲ့ အထူးပြု ကိစ္စ ဆိုတာမျိုးကို ကျွန်မ ရွေးထုတ်မပြချင်ပါဘူး။ အဓိပ္ပါယ်က ကျွန်မတို့ဟာ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေး မကောင်းဘူး ဆိုတာမျိုး ဖြစ်သွားနိုင်တာကြောင့်ပါ။ ဒါပေမဲ့ ကျွန်မတို့ ပြောနိုင်တာက ဂျပန်နဲ့ မြန်မာကြားမှာ နက်ရှိုင်းတဲ့ ရင်းနှီးခင်မင်မှုမျိုး ရှိနေပြီး ဒါကို ကျွန်မတို့က အမြဲတမ်း တန်ဖိုးထားတယ် ဆိုတာပါပဲ။ ဒီဆက်ဆံရေးမျိုး ဆိုတာကလည်း နှစ်နိုင်ငံ ပြည်သူတွေကြားက ရင်းနှီးမှုနဲ့ နားလည်မှုတွေပေါ်မှာ အခြေခံ ဖြစ်ပေါ်လာတာပါ။ ကျွန်မကတော့ အမြဲလိုလို ဒီအတိုင်းပဲ ပြောပါတယ်။ ပြည်သူတွေကြားက ခင်မင်မှုနဲ့ နားလည်မှု ဆိုတာကို အစားထိုးလို့ မရပါဘူး။ အစိုးရတွေက တက်လာမယ်၊ ပြန်ဆင်းသွားမယ်။ ပြည်သူတွေ ဆိုတာကတော့ အမြဲတမ်း ရှေ့ဆက် တည်ရှိနေမှာပဲလေ။ ရှင်ပြောတဲ့ အဓိက ထူးခြားမှု ဆိုတာကလည်း ကျွန်မတို့ နှစ်နိုင်ငံ ပြည်သူတွေကြားမှာ အရမ်းနက်ရှိုင်းတဲ့ ခင်မင်မှုမျိုး အမြစ်တွယ်နေတာကိုပဲ ညွှန်းရမယ် ထင်ပါတယ်။
 
အခုဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ရှေ့ဆက် ဆောင်ရွက်နေဆဲပေါ့နော်။ ၂ နှစ်တာ ကာလအတောအတွင်း အစိုးရသစ် အနေနဲ့ ဘယ်လို အောင်မြင်မှုတွေ ရထားသလဲ ဆိုတာကို ရာခိုင်နှုန်းတွေ၊ ကိန်းဂဏန်းတွေနဲ့ ရှင်းပြလို့ ရနိုင်မလား။
 
ကိန်းဂဏန်းတွေ၊ ရာခိုင်နှုန်းတွေနဲ့ချည်း ရှင်းပြဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မှန်တာ ပြောရရင် ကျွန်မ အဲဒီနည်းလမ်းကို တွေးတောင် မတွေးမိသေးဘူး။ ကျွန်မ အစောပိုင်းမှာ ပြောခဲ့တဲ့ လုပ်ငန်းစဉ်ဆိုတဲ့ စကားအကြောင်း ပြန်ပြောပါမယ်။ နိုင်ငံတစ်ခုကို ဖွံ့ဖြိုးအောင် လုပ်ဆောင်တယ် ဆိုတာက လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ပါဘူး။ အဆုံးသတ်လည်း မရှိပါဘူး။ ဒီမိုကရေစီ သေချာ ဖွံ့ဖြိုးပြီးသား နိုင်ငံတွေမှာတောင် အချိန်ယူပြီး ကျော်လွှားရတဲ့ စိန်ခေါ်မှုတွေ ရှိတတ်ပါတယ်။ ပြီးတော့ ကမ္ဘာ့ အပြောင်းအလဲတွေနဲ့အတူ စိန်ခေါ်မှု အသစ်တွေလည်း ပေါ်လာနိုင်သေးတယ်။ ဒီတော့ ကျွန်မတို့ဟာ ဒီမိုကရေစီအတွက် ပြင်ဆင်ရာမှာ အကောင်းဆုံး နည်းလမ်း ဆိုတာမျိုးကြီး ဆုပ်ကိုင်ထားလို့ မရဘူး။ အချိန်တိုင်း ပြောင်းလဲနေမှာပဲ။ ဒါပေမဲ့ အခြေခံ အားဖြင့်တော့ ကျွန်မတို့အတွက် အရေးအကြီးဆုံးက ပြည်သူတွေဟာ ဒီမိုကရေစီ ဖော်ဆောင်မှုမှာ သူတို့ရဲ့ ကျရာနေရာက တာဝန်ကျေဖို့ လိုတယ်ဆိုတာ သတိပြုမိဖို့ ဖြစ်ပါတယ်။ ဒါဟာ အစိုးရရဲ့ တာဝန်ချည်းသက်သက် မဟုတ်ပါဘူး။ လက်တွေ့မှာဆို ဆန့်ကျင်ဘက်တောင် ဖြစ်နေဦးမယ်လို့ ကျွန်မ ထင်တယ်။ အောင်မြင်တဲ့ ဒီမိုကရေစီ မူဝါဒကို ဖန်တီးဖို့ဟာ အစိုးရ လက်ထဲမှာပဲ လုံးဝဥဿုံ ရှိနေတယ်လို့ ပြောရင်တော့ အလွဲကြီး လွဲနေပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ဒီမိုကရေစီ ဆိုတာက ပြည်သူကို အခြေခံပါတယ်။ ဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်း အများစုမှာ ပြည်သူတွေပဲ ပါဝင် ပတ်သက်နေပါတယ်။ ဒီတော့ ပြည်သူတွေက သူတို့ကိုယ်သူတို့ ဒီလုပ်ငန်းစဉ်မှာ ဘယ်လောက်ထိ ထဲထဲဝင်ဝင် ပါဝင်နေတယ်လို့ ခံယူထားသလဲ ဆိုတာကို ကျွန်မ တွက်ဆကြည့်ဖို့ ခက်ခဲလွန်းပါတယ်။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲအကြောင်း ပြန်သွားကြည့်မယ် ဆိုရင်တော့ ကျွန်မတို့ကို ထောက်ခံတဲ့ မဲဆန္ဒရှင် အချိုးအစား အင်အားကောင်းကောင်းနဲ့ မဲပေးခဲ့ကြတာကိုတော့ မှတ်မိဦးမှာပါ။ မြန်မာလို နိုင်ငံမျိုးက ပညာရေးစနစ် အားနည်းမှုတွေ၊ လမ်းပိုင်းဆိုင်ရာ အပါအဝင် ဆက်သွယ်ရေးစနစ် ညံ့ဖျင်းမှုတွေရဲ့ ဒဏ်ကို ခံစားနေရဆဲ ဖြစ်ပါတယ်။ ဒါတောင်မှ မဲရုံတွေကို မဲပေးသူ အရေအတွက် အတော်များများက အားထည့်ပြီး သွားခဲ့ကြတယ် ဆိုတာဟာ အောင်မြင်မှု တစ်ခုလို့ ကျွန်မ ထင်ပါတယ်။ ပြည်သူတွေက ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ခုရဲ့ နိုင်ငံသားတွေအဖြစ် တာဝန်ကျေခဲ့ကြပါတယ်။ နောက်ပြီး ကျွန်မတို့ဟာ ရာနှုန်းပြည့် ဒီမိုကရေစီ နိုင်ငံတစ်ခုတော့ မဖြစ်သေးပါဘူး။ ကျွန်မတို့ရဲ့ ဖွဲ့စည်းပုံ ဥပဒေကို ကြည့်မယ်ဆိုရင် ၇၅ ရာခိုင်နှုန်းစာပဲ ဒီမိုကရေစီ ဖြစ်သေးတယ် ဆိုတာကို ရှင်းရှင်းလင်းလင်းကြီး မြင်ရပါလိမ့်မယ်။ လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကိုပဲ ပြည်သူတွေက ရွေးချယ် တင်မြှောက်ခွင့် ရကြတာကိုး။ ဒါပေမဲ့ ဒီမိုကရေစီ ပီပြင်မှု ရှိမရှိ ဆိုတာဟာ ရာခိုင်နှုန်းတွေနဲ့ တိုင်းတာရမှာမျိုးလို့တော့ ကျွန်မ မထင်ပါဘူး။ ကျွန်မတို့ရဲ့ ပြည်သူတွေဟာ ရွေးကောက်ပွဲ မတိုင်ခင်ကထက်တော့ အများကြီး စိုးရိမ် ကြောက်ရွံ့မှု လျော့ပါးလာပါတယ်။ အစိုးရအပေါ်၊ အစိုးရနဲ့ ဆက်နွှယ်မှု ရှိသူတွေအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်မှုတွေကလည်း အရင်ကထက် ပိုများလာတာကို ရှင်သတိပြုမိမှာပါ။ ဒါတွေက ဒီမိုကရေစီ လွတ်လပ်ခွင့်ဟာ တဖြည်းဖြည်း တိုးတက်လာနေတယ်ဆိုတဲ့ ညွှန်ကိန်းတွေ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့ အားလုံး သတိပြုရမှာက လွတ်လပ်မှုဆိုတာ တာဝန်ယူမှုနဲ့ တွဲလျက် ရှိနေရမယ် ဆိုတာပါ။ ဒီလုပ်ငန်းစဉ် တစ်ခုလုံးမှာ တာဝန်ယူမှုဆိုတဲ့ အစိတ်အပိုင်းက တိုးတက်မှု ဘယ်လောက် ရှိလာသလဲ ဆိုတာကိုတော့ ကျွန်မတို့လည်း သေချာ မသိနိုင်သေးဘူး။
 
ခုနက ပြောသွားတဲ့ထဲမှာ ဒီမိုကရေစီ ဆိုတာက ပြည်သူကို အခြေပြုတယ် ဆိုတာမျိုး ပါတယ်နော်။ ပြည်သူတွေရဲ့ စိတ်အခြေခံကရော လွန်ခဲ့တဲ့ ၂ နှစ်ကနဲ့ယှဉ်ရင် ပြောင်းလဲမှုတွေ ရှိလာတယ်လို့ ထင်ပါသလား။
 
ကျွန်မ ပြောတဲ့ထဲမှာ ပြည်သူတွေဟာ အရင်ကထက် အကြောက်တရား လျော့နည်းလာတယ် ဆိုတာ ပါနေတယ်လေ။ ဒါဟာ သူတို့ရဲ့ စိတ်အခြေခံမှာ အပြောင်းအလဲတွေ ရှိလာတဲ့ အဓိပ္ပါယ်ပါ။ ကျွန်မတို့က ဒီအချက်ကို ကိုးကားစရာ အခြေအနေ တစ်ခုအဖြစ် အကြိမ်ကြိမ် ထောက်ပြခဲ့ပါတယ်။ ပြီးတော့ ပြည်သူတွေရဲ့ တာဝန်ကျေမှုဆိုတဲ့ ကိစ္စကိုရောပေါ့။ ဒီနေရာမှာ ကျွန်မတို့ရဲ့ အစိုးရဟာ တာဝန်ခံမှု ဆိုတဲ့ ဝေါဟာရကို အတော်များများ အသုံးပြုခဲ့ပါတယ်။ ဒါကလည်း တကယ် အရေးကြီးတယ်လို့ ခံယူတာကြောင့်ပါ။
 
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အပြည့်အဝ မရသေးဘူးလို့ ပြောသွားတယ်နော်။ ဒါကလည်း စစ်ဘက်က စစ်ရေးအပြင် နိုင်ငံရေးမှာပါ လွှမ်းမိုး သက်ရောက်နေတာမျိုး ကြုံတွေ့ရတာကြောင့်ပါ။ ဒီအချက်က ရခိုင်ကိစ္စမျိုး၊ တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေး ကိစ္စလိုမျိုး စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ ပိုပြီး အခက်တွေ့စေပါသလား။
 
ဒီလိုပြောရအောင်။ ဒါဟာ ကျွန်မတို့ မျက်နှာချင်းဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအပြင် နောက်ထပ် သီးခြား နယ်ပယ် တစ်ခုလို့ပဲ ဆိုပါစို့။ ဒီအခြေအနေက ရိုးရှင်းပါတယ်။ ရှင်ပြောခဲ့သလို၊ ကျွန်မ ရှင်းပြခဲ့သလိုပေါ့။ ကျွန်မတို့ဟာ ဒီမိုကရေစီ အပြည့်အဝ ရနေတဲ့ လူ့အဖွဲ့အစည်းတစ်ခု မဖြစ်သေးပါဘူး။ ဒါကလည်း ကျွန်မတို့ရဲ့ ဖွဲ့စည်းပုံ အရကိုက ဒီမိုကရေစီ အပြည့်အဝ မဖြစ်သေးလို့ပါ။
 
ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ဖို့ အားထုတ်မှုမှာ ထင်ရှားမြင်သာတဲ့ တိုးတက်မှုမျိုးတော့ မတွေ့ရသေးဘူးနော်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ရည်မှန်းချက် အောင်မြင်စေဖို့အတွက် လမ်းပြမြေပုံ အစီအမံ တစ်ခုခုများ ရှိပါသလား။
 
ကျွန်မတို့မှာ လမ်းပြမြေပုံတစ်ခု ရှိပါတယ်။ အများသိအောင်တော့ မထုတ်ပြန်ဖြစ်ဘူး။ ဒါပေမဲ့ တစ်ချိန်တည်းမှာ ရှင့်အနေနဲ့လည်း ၂၀၁၄ တုန်းက ဖြတ်သန်းမှုတွေကို နားလည်မယ် ထင်ပါတယ်။ ကျွန်မတို့ဟာ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စအတွက် တရားရေးအရ အငြင်းပွားခဲ့ကြတယ်။ ဒီနေရာမှာ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးကို ဥပဒေ ဘောင်အတွင်းကနေ ငြိမ်းချမ်းစွာ ညှိနှိုင်းမှု နည်းလမ်းနဲ့ပဲ ဆောင်ရွက်လိုကြောင်း ကျွန်မတို့ ပြခဲ့ပြီးပါပြီ။ ဒါကလည်း အေးချမ်းပြီး ခိုင်မာတဲ့ ဒီမိုကရေစီ ယန္တရား လည်ပတ်မှု အခြေခံတွေကို ကျွန်မတို့ နိုင်ငံမှာ ခိုင်မာ တည်တံ့လာစေချင်လို့ ဖြစ်ပါတယ်။
 
တစ်ခါတလေဆိုရင် ရခိုင်ပြည်နယ်ရဲ့ ပကတိ အခြေအနေကိုဖြစ်ဖြစ်၊ အမျိုးသား ရင်ကြားစေ့ရေးနဲ့ စစ်တပ်ရဲ့ ပါဝါပိုင်းကိုဖြစ်ဖြစ် ဟန်ချက်ညီအောင် ကိုင်တွယ်ရာမှာ ခက်ခဲတယ် ဆိုတာမျိုး ရှိပါသလား။ အဲဒီလိုမျိုး အကျပ်ရိုက်တာ ကြုံဖူးလား။
 
ရှင်ပြောချင်တဲ့ အဓိပ္ပါယ်ကို ကျွန်မ သေချာမသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စဟာ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ဘာမှ မသက်ဆိုင်နိုင်တာကြောင့်ပါ။ ဒါကို ကျွန်မ သေချာ သိထားပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံအရ ရွေးကောက်ခံ သမ္မတဟာ စစ်ဆင်ရေးတွေမှာ တိုက်ရိုက် မပါဝင်နိုင်ဘူး ဆိုတာကိုလည်း ရှင်သိပါလိမ့်မယ်။ ဒီတော့ ဟုတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီ အလုံးစုံ ပြည့်ဝတဲ့ အစိုးရ တစ်ရပ်ရဲ့ ခြုံငုံ ထိန်းချုပ်နိုင်မှုမျိုးတော့ ကျွန်မတို့ဆီမှာ မရှိဘူးပေါ့။
 
သိပ်မကြာခင်တုန်းက ရခိုင်ကိစ္စကို သတင်းယူရင်း Reuters သတင်းဌာနရဲ့ သတင်းထောက်နှစ်ဦး အဖမ်းခံခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ကန့်သတ်လာပြီး ဒီမိုကရေစီနဲ့ ဆန့်ကျင်လာတယ် ဆိုတာမျိုးလည်း ဝေဖန်ခံနေရပြန်တယ်။ အဲဒီ သတင်းထောက်တွေဟာ ရခိုင်မှာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ သတင်းယူရင်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ ဝေဖန်မှုတွေအပေါ် ဘယ်လိုများ တုံ့ပြန်ချင်ပါသလဲ။ ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ နိုင်ငံတကာ အသိုက်အဝန်းက နားလည် လက်ခံထားတာနဲ့ ကွာဟနေလို့လား။
 
ရခိုင် အရေးကို သတင်းယူလို့ ဖမ်းဆီးတာမျိုး မရှိပါဘူး။ သူတို့ အဖမ်းခံရတယ် ဆိုတာက နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို ချိုးဖောက်တဲ့ အတွက်သာ သူတို့ အဖမ်းခံရတာပါ။ ဒီနေရာမှာ တရားစီရင် စစ်ဆေးမှုနဲ့ ပတ်သက်လို့ လူတိုင်းမှာ လွတ်လွတ်လပ်လပ် ပြန်ကြားသိခွင့် ရှိနေတယ် ဆိုတာကို ရှင်သတိပြုမိမယ် ထင်ပါတယ်။ ကိစ္စတိုင်းက လုပ်ထုံးလုပ်နည်းတွေ အတိုင်းပဲ သွားနေတာပါ။ NHKရဲ့ သတင်းထောက်တွေလည်း ဒီအမှုရဲ့ ရုံးချိန်းတွေမှာ ပုံမှန် စောင့်ကြည့်ပြီး သတင်းယူနေမယ်လို့ ကျွန်မ ကျိန်းသေ ပြောရဲပါတယ်။ အရေးကြီးတာက ကျွန်မတို့ဟာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ၊ ဥပဒေနဲ့အညီ အလုပ်လုပ်ဖို့ပါ။ သတင်းထောက်တွေက တရားဝင် သတ်မှတ်ထားတဲ့ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို ချိုးဖောက်မှုအတွက် အဖမ်းခံခဲ့ရပါတယ်။ ကျွန်မတို့ အနေနဲ့ သူတို့ဟာ အပြစ်ကင်းတယ်၊ မကင်းဘူး ဆိုတာကို အခုလောလောဆယ် မပြောနိုင်ပါဘူး။ တရားစီရင် စစ်ဆေးမှုနဲ့ပဲ ဆိုင်ပါတယ်။ တရားစီရင်မှုကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ရခိုင်ကိစ္စကို သတင်းယူလို့ ဖမ်းတယ် ဆိုတာတော့ မဟုတ်ပါဘူး။
 
သူတို့ကို ဒီအတွက် ဖမ်းတာ မဟုတ်ဘူးလို့ ပြောပေမယ့် သူတို့ အဖမ်းခံရချိန်မှာ ရခိုင်ကိစ္စကို သတင်း …
တခြားကိစ္စတွေလည်း ပါပါသေးတယ်။ ရှင့်အနေနဲ့ တရားခွင် စစ်ဆေးမှုတွေကို စောင့်ကြည့်နေမယ်ဆိုရင် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို ချိုးဖောက်တဲ့ တခြား ကိစ္စတွေ ပါနေတယ် ဆိုတာကို သိနိုင်ပါလိမ့်မယ်။
 
နိုင်ငံတကာ အသိုက်အဝန်းကတော့ ဒီသတင်းထောက် နှစ်ယောက်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံကို တောင်းဆိုနေကြတယ်နော်။ နိုင်ငံတကာရဲ့ အသံတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို မြင်ပါသလဲ။
ကျွန်မ ပြောခဲ့ပြီးပါပြီ။ ကျွန်မတို့က လုပ်ထုံးလုပ်နည်းနဲ့အညီပဲ သွားပါမယ်။ လူတိုင်းကလည်း တရားခွင် စစ်ဆေးမှုတွေကို လွတ်လွတ်လပ်လပ် စောင့်ကြည့်နိုင်ပါတယ်။ စစ်ဆေးမှုတွေက မျှတမှု ရှိမရှိ ဆိုတာရော၊ သူတို့ရဲ့ လုပ်ရပ်ဟာ တရားဥပဒေနဲ့ ညီမညီ ဆိုတာကိုရောပေါ့။
 
မြန်မာ-ဂျပန် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြန်ပြောရအောင်ပါ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ဖွံ့ဖြိုးရေး ဆောင်ရွက်မှုတွေမှာ ဂျပန်ကို ဘယ်လို အခန်းကဏ္ဍက ပါဝင်လာစေချင်ပါသလဲ။ စီးပွားရေးဆိုင်ရာ ဆက်ဆံမှု ကဏ္ဍတွေမှာရောပေါ့။
ကျွန်မတို့ လိုလား မျှော်လင့်တာကတော့ ဂျပန်ကို နားလည်မှုရှိပြီး ရေရှည် လက်တွဲသွားမယ့် မိတ်ဆွေဆိုတဲ့ အခန်းကဏ္ဍမျိုးမှာ ရှိစေချင်ပါတယ်။
 
ဂျပန်ကုမ္ပဏီ တော်တော်များများက မြန်မာနိုင်ငံကို လာရောက်ဖို့ အမှန်တကယ် စိတ်ဝင်စားနေကြတယ်။ မြန်မာ့ စီးပွားရေးမှာ ပူးပေါင်းလာချင်တယ်ပေါ့လေ။ ဒါပေမဲ့ သူတို့ စိတ်ပူတာက အခြေခံ အဆောက်အအုံကဏ္ဍ၊ အထူးသဖြင့် လျှပ်စစ်မီးမှာပေါ့။ ဒီကုမ္ပဏီတွေအတွက် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်မျိုး မျှော်လင့်လို့ ရနိုင်မလား။
လွန်ခဲ့တဲ့ ၂ နှစ်လောက်အတွင်း အခြေခံ အဆောက်အအုံ အပိုင်းနဲ့ ပတ်သက်လို့ ကျွန်မတို့ ဘာတွေ လုပ်ဆောင်ခဲ့သလဲ ဆိုတာကို သူတို့ ပြန်လေ့လာသင့်ပါတယ်။ လက်သင့်ခံနိုင်လောက်တဲ့ တိုးတက်မှုတွေ ရှိခဲ့တယ် ဆိုတာကို သူတို့တွေ အသိအမှတ် ပြုကြမယ်လို့ ကျွန်မ ထင်တယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကဆိုရင် ကျွန်မတို့ဟာ စီးပွားရေး လိုအပ်ချက်တွေထက် မူဝါဒပိုင်းကနေ အဓိကထား ဖြည့်ဆည်းဖို့ ပိုပြီး အာရုံစိုက်ခဲ့ရပါတယ်။ အဓိပ္ပါယ်ကတော့ စီးပွားရေးအရ အကျိုးအမြတ် ရနိုင်တဲ့ နေရာတွေထက် မူဝါဒပိုင်းအရ ပိုပြီး လိုအပ်တဲ့ ဒေသတွေမှာ လမ်းဖောက်တာတွေ၊ လျှပ်စစ်မီး သွယ်တန်းတာတွေ ဦးစားပေး လုပ်ဆောင်ခဲ့ပါတယ်။ အခုအခါမှာတော့ ကျွန်မတို့ဟာ စီးပွားရေး အမြတ်အစွန်းနဲ့ ပတ်သက်တဲ့ ဧရိယာတွေကို ပိုပြီး အားထည့် စဉ်းစားလို့ ရလာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ပထမ ဦးစားပေးအဆင့် ကိစ္စတွေကို ကျွန်မတို့ အတော်လေး ဖူဖူလုံလုံ ပေါက်ပေါက်မြောက်မြောက် စီမံ ကိုင်တွယ်ခဲ့ပြီး ဖြစ်တာကြောင့်ပါ။
 
ဂျပန်နဲ့မြန်မာ စီးပွားရေးအရ ဆက်ဆံမှုတွေဟာ အနာဂတ် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကောင်းကျိုး အထောက်အပံ့တွေ ဖြစ်စေမယ်လို့ ထင်ပါသလား။
ဒီကိစ္စဟာ ဂျပန်ရဲ့ အနာဂတ် အတွက်ပါ ကောင်းကျိုး ဖြစ်ထွန်းစေဖို့ ကျွန်မ မျှော်လင့်ပါတယ်။
 
မြန်မာနိုင်ငံအတွက် ကျတော့ရော။
ဒါလည်း ပါတာပေါ့။ နည်းမှန်လမ်းမှန်သာ ရှေ့ဆက်နေမယ်ဆိုရင် ကျွန်မတို့ နှစ်နိုင်ငံလုံးရဲ့ အနာဂတ်အတွက် အထောက်အပံ့ကောင်းတွေ ဖြစ်စေမှာပါ။ ကျွန်မ ပြောခဲ့သလိုပါပဲ။ ကျွန်မတို့တွေ မျှတမှုတော့ ရှိရပါမယ်။ နှစ်နိုင်ငံကြားမှာ အပြန်အလှန် လိုအပ်မှုတွေ၊ အကျိုးစီးပွားတွေကို ကြည့်ပေးရပါမယ်။ ကိုယ့်တစ်ဖက်တည်းအတွက် ကြည့်လို့တော့ မရပါဘူး။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
We are All Zakzaky