NLD အစိုးရလက်ထက် လူထုဘဝ မှုန်ဝါးဝါးဖြစ်ရဟု ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ကောက်ချက်ချ

NLD အစိုးရလက်ထက် လူထုဘဝ မှုန်ဝါးဝါးဖြစ်ရဟု ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ကောက်ချက်ချ


နေပြည်တော်(အောက်တိုဘာ ၁၇ရက်၊ ၂၀၁၈ခုနှစ်)။ ။ NLD အစိုးရလက်ထက်တွင် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး ဘဝအခြေအနေမှာ သေချာရေရာမှု မရှိဘဲ မှုန်ဝါးဝါး အခြေအနေသို့ ရောက်ရှိနေသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ပြောကြားလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နေပြည်တော်(အောက်တိုဘာ ၁၇ရက်၊ ၂၀၁၈ခုနှစ်)။ ။ NLD အစိုးရလက်ထက်တွင် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး ဘဝအခြေအနေမှာ သေချာရေရာမှု မရှိဘဲ မှုန်ဝါးဝါး အခြေအနေသို့ ရောက်ရှိနေသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ပြောကြားလိုက်သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၁၇ရက်က ကျင်းပပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲနှင့် လူထုတွေ့ဆုံပွဲတွင် အတိုက်အခံပါတီဥက္ကဋ္ဌဖြစ်သူ ဦးသန်းဋ္ဌေးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကောက်ချက်ချရရင် ယနေ့ ပြည်သူလူထုရဲ့ယနေ့ လက်တွေ့ အခြေနေနဲ့ မနက်ဖြန် တွေ့ကြုံရမယ့် စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေး အဲ့ဒီအခြေအနေတွေဟာ သေချာရေရာမှု အားနည်းသွားပြီ။ ဒီနေ့ အခြေအနေ၊ မနက်ဖြန် အခြေအနေဟာ မှုန်ဝါးဝါး အခြေအနေမှာ ရှိနေတယ်လို့ သေချာပေါက် ပြောလို့ရပါတယ်” ဟု ဦးသန်းဋ္ဌေးက ပြောသည်။

ပြည်သူများအတွက် ရှင်းလင်း၊ ပြတ်သားသည် အနာဂတ်ကို အတွေ့အကြုံရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖန်တီးပေးနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ ပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးအတွက် မှုန်ဝါးနေပြီး အနာဂတ် ဝေဝါးနေသည်ဟူသော ဦးသန်းဋ္ဌေး၏ ပြောကြားချက်ကို အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုခဲ့သည်။

NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က NLD အစိုးရ စတင်တာဝန်ယူရသည့် အချိန်တွင် စီးပွားရေးလုပ်ငန်းအားလုံး၏ ၉၀ရာခိုင်နှုန်းသည် တရားဝင်၊ စနစ်တကျ လုပ်ကိုင်ထားခြင်း မရှိကြောင်း၊ လက်ရှိတွင် ယခင်အစိုးရက ချေးယူထားသည့် နိုင်ငံတကာကြွေးမြီများကို ပြန်ဆပ်နေရရသည့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ရကြောင်း ပြောဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ်အရေးကြောင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံရန် ခက်ခဲသွားပြီး အနောက်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားခရီးသွားများ ဝင်ရောက်မှု ထက်ဝက်ကျော် ကျဆင်းသွားသည့် အခက်အခက်များစွာလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။

“စီးပွားရေးနဲ့ ပတ်သက်ပြီး အခက်အခဲတချို့ ရှိတယ်ဆိုတာက အဲ့လို ကျွန်တော်တို့ ဆက်ခံခဲ့ရတဲ့ အချို့သော လုပ်ငန်းတွေဟာ အရင်အစိုးရ လက်ထက်မှာ ချေးယူခဲ့ပြီး ကျွန်တော်တို့ လက်ထက်ကျမှ အများကြီး နိုင်ငံခြားကြွေးမြီတွေ ပြန်ဆပ်ဖို့ အချိန်ကျရောက်လာတဲ့အတွက် ဒါဟာလည်း ကျွန်တော်တို့မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်ပါတယ်။ ရခိုင်ပြည်မြောက်ပိုင်း အရေးအခင်းဟာ ကျွန်တော်တို့ ဖန်တီးတာ မဟုတ်ပါဘူး။ သို့သော် မြန်မာပြည်စီးပွားရေးမှာ အကြီးအကျယ်ရိုက်ခတ်မှုတွေ ရှိပါတယ်” ဟု ဒေါက်တာမျိုးညွှန့်က မဇ္ဈိမကို ပြောသည်။

သို့သော် နိုင်ငံအတွက် ရေရှည်မဖြစ်မနေလိုအပ်သည့် ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများတွင် ဘဏ္ဍာငွေများကို တိုးမြှင့်သုံးစွဲလျက်ရှိနေကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

ရခိုင်အမျိုးသားပါတီမှ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းကမူ NLD အစိုးရလက်ထက်တွင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအပိုင်းတွင် ယခင်အစိုးရထက် အားနည်းလာသည်ဟု သုံးသပ်ပြီး စီးပွားရေးအပိုင်းတွင်မူ နိုင်ငံတကာ ဖိအားများကြောင့် ပြည်ခိုင်ဖြိုးပါတီ အာဏာရလာသည့်တိုင်အောင် ပြန်လည်တည့်မတ်ရန် မလွယ်ကူကြောင်း မှတ်ချက်ပြုသည်။

“လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဘက်မှာတော့ အရင်ကထက် အများကြီး လျော့ကျသွားတယ်။ စီးပွားရေး အားဖြင့်တော့ သူတို့ အကျိုးဆက်တွေ ဒီ(NLD အစိုးရ)က ခံနေရတဲ့အတွက်၊ ဖိအားတွေ အမျိုးမျိုး ခံနေရတဲ့အတွက်၊ တိုင်းပြည်ရဲ့ အရင်းအမြစ်အမျိုးမျိုးတွေ ကုန်နေတဲ့အချိန်မှ ပုံအပ်သွားပြီးတော့ တိုင်းပြည် အခွံကိုအပ်ခဲ့တဲ့ အကျိုးဆက်တွေကြောင့် NLD လက်ထက်မှာ ထပ်ပြီး မတိုးတက်တာလို့ မြင်တယ်။ ဒါကြောင့် ပြည်ခိုင်ဖြိုးအစိုးရ ဖြစ်လာရင်လည်း တိုးတက်ဖို့ဆိုတာ မလွယ်တော့ဘူး” ဟု ဦးဖေသန်းက ဆိုသည်။

တိုင်းပြည်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လှုမှုရေးလုပ်ငန်းများ မအောင်မြင်ဘဲ လုံခြုံရေး ပြိုကွဲ၊ ပျက်စီးနေရခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဟူ၍ ဆင်ခြေရှာမှုမျိုးကိုလည်း ၎င်းတို့အနေဖြင့် သဘောမတူကြောင်းလည်း ဦးသန်းဋ္ဌေးက မြစ်ကြီးနားမြို့ လူထုတွေ့ဆုံပွဲတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

“ဒီအခြေခံဥပဒေသည် ဒီနေ့တိုင်းပြည်မှာ အသုံးတည့်နေပါသေးတယ်။ ဒါဟာ အလောတကြီး၊ အရေးတကြီး ဖျက်ပစ်လိုက်ရမယ့်ဟာမျိုး မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ဒေါက်တာမျိုးညွှန့်ကမူ NLD အစိုးရအနေဖြင့် တစ်ရာရာခိုင်နှုန်း တာဝန်ယူနေရသော်လည်း ၂၀၀၈ အခြေခံဥပဒေကြောင့် ၇၅ရာခိုင်နှုန်းသာ လုပ်ပိုင်ခွင့်ရှိသည်ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မှသာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အာမခံနိုင်မည်ဟု NLD အစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်အခြေနေအရပ်ရပ်နှင့်စပ်လျဉ်းသည့် မိန့်ခွန်းတွင် စက်တင်ဘာ ၁၉ရက်က ထည့်သွင်း ပြောကြားထားသည်။

NLD ၏ ၂၀၁၅ ရွေးကောက်ပွဲကြေငြာစာတမ်းတွင် အဓိကပါဝင်ခဲ့သည့် ကတိကဝတ်များအနက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် လက်ရှိ NLD ပါတီ အာဏာရလာသည်မှာ ၂နှစ်ခွဲခန့် ရှိလာပြီဖြစ်သော်လည်း လက်တွေ့တွင် ပြင်ဆင်နိုင်ခြင်း မရှိသေးပေ။

အခြေခံဥပဒေပြင်ဆင်ရေးကဲ့သို့ ရွေးကောက်ပွဲကတိကဝတ်များ အကောင်အထည်ဖော်နိုင်မှု မရှိသေးခြင်းအပြင် လတ်တလော စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းတို့နှင့်ပတ်သက်၍လည်း ပြည်တွင်းတွင် ဝေဖန်မှုများ ရှိနေသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky