$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

သားကောင်သစ်မိတ္ထီလာ

  • News Code : 402439
  • Source : The Voice Journal

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

“နာရီစင် ရပ်ကွက် မီးရှို့နေတာ ဗမာ အိမ်ရော၊ မွတ်ဆလင် အိမ်ရော အကုန်လောင်တယ်" ဆိုသည်ကား မိတ္ထီလာ စည်ပင်သာယာ ဈေးအနီးတွင် နေထိုင်သူ တစ်ဦး၏ အထိတ်တလန့် ပြောကြားမှု ဖြစ်သည်။

မြန်မာ နိုင်ငံတော် အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်နှင့် မိုင် ၈၀ ခန့်အကွာ မိတ္ထီလာ မြို့တွင် ဘာသာမတူ သူလေးဦး ခိုက်ရန် ဖြစ်ပွားမှုသည် လူထောင်ချီ ပါဝင်သော ပဋိပက္ခကြီး ဖြစ်လာသည်။ လူ ၁၀ ဦး ထက်မနည်း သေဆုံး သည်ဆိုသော သတင်းများ ထွက်ပေါ်နေသည့် ယင်းပဋိပက္ခမှာ မတ်လ ၂၁ ရက်ညနေ ၇ နာရီထိ ပြီးဆုံးခြင်း မရှိသေးပေ။ တုတ်၊ ဓား လက်နက်များ ကိုင်ဆောင် ထားသော လူစုများ ရှိနေဆဲ ဖြစ်သည်။ ယင်းပဋိပက္ခသည် မတ်လ၂၀ရက် နေ့နံနက် ၉ နာရီ အချိန်၌ အစ္စလာမ် ဘာသာဝင်ပိုင် နယူးဝိန့်စိန် ရွှေဆိုင်တွင် ရွှေရောင်းချရာမှ ခိုက်ရန် ဖြစ်ပွားခဲ့ပြီး နာရီပိုင်း အတွင်း ရာချီသော လူအုပ်ကြီးက ရွှေဆိုင်ကို ဖျက်ဆီး သည်အထိ ဖြစ်လာသည်။

"မွန်းလွဲ ၂နာရီလောက် ရွှေရောင်း ချတဲ့ဆိုင်ခန်း ရှစ်ခန်းလောက် ကိုဖျက်ဆီး လိုက်ပြီ"ဟု အခင်းဖြစ်ပွား ရာအနီးရှိ အထည်ဆိုင် ဖွင့်ထားသူ အသက် ၄၀ အရွယ် အမျိုးသမီးက ဆိုသည်။ ယင်းပဋိပက္ခမှာ ရှုပ်ထွေး သည်ထက် ပိုမိုရှုပ်ထွေး လာနေပြီး မတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် ပုဒ်မ ၁၄၄ ထုတ်ပြန် ခဲ့သော်လည်း မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီအထိ ဆက်လက် ဖြစ်ပွားနေကာ ဒဏ်ရာရနှင့် သေဆုံးသူ ဦးရေလည်း ပိုများလာ နေသည်။

"ရဲလုံခြုံ ရေးတွေ ရှေ့မှာကို တုတ်ဆွဲ၊ ဓားဆွဲနဲ့ မီးရှို့နေကြတယ်" ဟု မိတ္ထီလာမြို့ သီရိမင်္ဂလာ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။ ယင်းကြောင့် အခြေအနေများကို အချိန်တို အတွင်း ထိန်းသိမ်း နိုင်ရေး မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်း လိုက်ကြောင်း၊ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က မတ်လ ၂၀ ရက် ရက်စွဲဖြင့်ထုတ် ပြန်လိုက်ပြီး ဖြစ်စဉ်အမှန် အသေးစိတ်ကို စုံစမ်းစစ်ဆေး၍ အစီရင် ခံစာကို ရက်သတ္တတစ်ပတ် အတွင်း တင်ပြရ မည်ဖြစ်ကြောင်း ထုတ်ပြန် လိုက်သည်။ အစိုးရ အဖွဲ့၏ လုပ်ဆောင်နေမှု များနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခအခြေ အနေများကို ထိန်းသိမ်းရန် လုံခြုံရေး အင်အား တိုးမြှင့်ထားပြီး သံဃာတော်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ဝိုင်းဝန်း လုပ်ဆောင်နေကြောင်း ပြောကြားသည်။၏

"ဒီလို ပဋိပက္ခ ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကို အကြမ်းဖက်မှုတွေ မကူးစက်ဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရတွေကို စောင့်ကြည့်ခိုင်း ထားပါတယ်။ လုံခြုံရေး တွေလည်း တိုးခိုင်းထားတယ်" ဟု ၄င်းက ရှင်းပြသည်။ အဆိုပါ ပဋိပက္ခသည် အစိုးရသစ် သက်တမ်း ၂ နှစ်တာ ကာလအတွင်း လေးကြိမ်မြောက် ဖြစ်ပွားသည့် ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခဖြစ်သည်။ ၂၀၁၂ ဇွန်လ အတွင်းက ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွှာ အုပ်စုတွင် စတင်ဖြစ်ပွား ခဲ့သည့် ပစ္စည်းလု၊ မုဒိမ်းကျင့် လူသတ်မှုမှာ ဘာသာရေး ပဋိပက္ခ အသွင်သို့ ကူးပြောင်းသွားပြီး မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင်တို့ကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၁၆၇ ဦး၊ ဒဏ်ရာရသူ ၂၂၃ ဦး၊ အိမ်ထောင်စုပေါင်း ၁၆၉၈၀၊ လူဦးရေ ၁၁၁,၀၀၀ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ပြီး အိုးအိမ်နှင့် အဆောက်အအုံ ၁၀၁၀၀ လုံး ပျက်စီးခဲ့ ရသည်။

ရခိုင်ပြည်နယ် တစ်ခုလုံးနီးပါး ဖြစ်ပွားသဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရသည် အထိ နှစ်ကြိမ်ခန့် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ရခိုင်ပြည်နယ် ပဋိပက္ခများ ပြန်လည် တည်ငြိမ်စ ပြုလာချိန်တွင် ၂၀၁၃ ဖေဖော်ဝါရီ ၁၈ ရက်နေ့က သကေတ မြို့နယ် အမှတ် (၃) ရပ်ကွက် မာန်ပြေ ၁၈ လမ်းနှင့် ၁၉ လမ်း အနောက်ဘက်ခြမ်းရှိ အစ္စလာမ် ဘာသာ ရေး စာသင်ကျောင်း ပြန်လည်ပြင်ဆင်မှု မှ ဘာသာရေး အသွင်ဆောင် ပဋိပက္ခ အဖြစ်သို့ ဦးတည် လာသော်လည်း ပြန် လည် ထိန်းသိမ်း လိုက်နိုင်သဖြင့် ပြင်းထန်သည့် ပဋိပက္ခ ဖြစ်ပွားသည့် အဆင့်သို့ မရောက်ခဲ့ပေ။

သို့သော် သာကေတ ပဋိပက္ခအပြီး တစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် လှိုင်သာယာမြို့နယ် အမှတ် ၁ ရပ်ကွက် ဦးဥတ္တမ လမ်းတွင် တရားခွေဖွင့်ရာမှ အစပြုကာ အစ္စလာမ် ဘာသာဝင် များနှင့်ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရာချီသောလူအုပ်ကြီးသည် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ကာ နေအိမ် အဆောက်အအုံများ ဖျက်ဆီးခဲ့သည့် အတွက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန က ပုဒ်မ၁၄၄ ဒေသန္တရ အမိန့် ထုတ်ပြန်ခဲ့ပြီး ယခုအချိန်ထိ ပြန်လည်ရုပ်သိမ်းနိုင်ခြင်း မရှိသေးပေ။ တငွေ့ငွေ့ တောက်လောင် နေဆဲ ဖြစ်သည့် လှိုင်သာယာ ပဋိပက္ခနှင့် ရက်ပေါင်း ၂၀ ခန့်အကြာတွင် ယခု မိတ္ထီလာ ပဋိပက္ခမှာ လေးကြိမ်မြောက် ဖြစ်ပွားသည့် ဘာသာရေး အသွင်ဆောင် သော ပဋိပက္ခဖြစ်သည်။

သို့ကြောင့် ဘာသာရေးအဓိကရုဏ်း တစ်ရပ် ဖြစ်ပေါ်လာစေရန် ဖန်တီးနေခြင်း လောဟု မေးခွန်းထုတ်မှုများ လူထုအကြား ထွက်ပေါ်လာတော့သည်။ ယခုဖြစ်ပေါ်လျက် ရှိသော မတည်ငြိမ်မှု များသည် နိုင်ငံမတည်ငြိမ်ရန် အတွက် ဆူပူလှုံ့ဆော်မှုများ ပြုလုပ်ကာ အစိုးရကို အကျပ်တွေ့စေပြီး ဘာသာရေး ကို ခုတုံးလုပ်ခြင်း ဖြစ်ကြောင်း ဘာသာရေး ခေါင်းဆောင်များက သုံးသပ်ပြောဆို ကြသလို နိုင်ငံရေးသမား များကလည်း အလားတူ သုံးသပ်ကြသည်။ လူမျိုးရေး၊ ဘာသာရေးကို ခုတုံး လုပ်သော ပဋိပက္ခအသွင် ဆောင်အောင် ပြုလုပ်နေခြင်းသည် အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်နိုင်သည့်အတွက် မည်သည့်အကြမ်းဖက်၊ အဖျက်လုပ်ငန်း များတွင်မျှ မပါဝင်ရန် မတ်လ ၂၁ရက် နေ့စွဲဖြင့် ရွှေဝါရောင်သံဃာများ ကွန်ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်မှု မတိုင်မီ မတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီ ခန့်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က လူမျိုးရေး၊ ဘာသာရေး ခေါင်းစဉ် ပြောင်းတပ်ကာ လူ့အဖွဲ့အစည်းနှစ်ခု အကြမ်းဖက်မည့် ပုံသဏ္ဌာန်ဖြင့် တိုက်ခိုက်နေမှုကို ဒေသဆိုင်ရာ အုပ် ချုပ်ရေးယန္တရား၏ တုံ့ပြန်မှုမှာ သံသယ ဖြစ်ဖွယ် ကောင်းကြောင်း ဝေဖန်လိုက်သည်။ "စစ်အုပ်ချုပ်ရေးကို လက်ယပ် ခေါ်တဲ့ အပြုအမှုမျိုးတော့ လုံးဝခွင့်မပြုနိုင်ဘူး" ဟု ၄င်းက ဆိုသည်။

မိတ္ထီလာတွင် လုံခြုံရေးများသည် ပဋိပက္ခဖြစ်စဉ်တွင် ရပ်ကြည့်ရုံသာ ရပ်ကြည့်နေပြီး ထိန်းသိမ်းမှုမရှိသဖြင့် အကြမ်းဖက်သူများသည် လုံခြုံရေးများ ကြားက တွန်းတိုက်ဝင်ကာ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြောင်း မိတ္ထီလာရှိ ၈၈ မျိုးဆက် ကျောင်းသားက တစ်နှစ်ပတ်လုံး ဖွဲ့စည်းထားသော ကွန်ရက်များ ၏ မှတ်တမ်းမှတ်ရာများကို ကိုးကား ကာ ဦးမင်းကိုနိုင်က မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မီဒီယာများကို ရှင်းပြသည်။

"ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာ မဟုတ်ဘူး။ အဲဒါကြောင့် အကြမ်းဖက်မယ့် အုပ်စုတွေကို တားရမယ်" ဟု ၄င်းက ဆိုသည်။ လူမှုကွန်ရက် စာမျက်နှာများတွင် သံဃာတော်သေဆုံးသည့် ဓာတ်ပုံများနှင့် သတင်း ဖြန့်ကြသကဲ့သို့ အစ္စလာမ် ဘာသာဝင်ဟု ယူဆရသူများကလည်း ၄င်းတို့လူမျိုးများက