?>

တရုတ်က ကမ္ဘောဒီးယားရှိ ရေတပ်စခန်း အဆင့်မြှင့်တင်မှုအပေါ် အနောက်အုပ်စု စိုးရိမ်

 တရုတ်က ကမ္ဘောဒီးယားရှိ ရေတပ်စခန်း အဆင့်မြှင့်တင်မှုအပေါ် အနောက်အုပ်စု စိုးရိမ်

တရုတ်၏ ငွေကြေးပံ့ပိုးမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်းရှိ ရီယမ်ရေတပ်စခန်းအား အဆင့်မြှင့်တင်ရန် နှစ်နိုင်ငံအကြား ပူးပေါင်း လုပ်ဆောင်လျှက်ရှိရာ နှစ်နိုင်ငံအကြား ‘သံချပ်ကာ မိတ်ဖက်ဆက်ဆံရေး’ ဟု တရုတ်အစိုးရ သံအမတ်က သုံးနှုန်းခဲ့ခြင်းအပေါ် အနောက်အုပ်စုက စိုးရိမ်လျက်ရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တရုတ်၏ ငွေကြေးပံ့ပိုးမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်းရှိ ရီယမ်ရေတပ်စခန်းအား အဆင့်မြှင့်တင်ရန် နှစ်နိုင်ငံအကြား ပူးပေါင်း လုပ်ဆောင်လျှက်ရှိရာ နှစ်နိုင်ငံအကြား ‘သံချပ်ကာ မိတ်ဖက်ဆက်ဆံရေး’ ဟု တရုတ်အစိုးရ သံအမတ်က သုံးနှုန်းခဲ့ခြင်းအပေါ် အနောက်အုပ်စုက စိုးရိမ်လျက်ရှိသည်။

တရုတ်အစိုးရက ထိုင်းပင်လယ်ကွေ့၌ စစ်စခန်းတစ်ခု ထူထောင်ရန် နည်းလမ်းရှာဖွေမည်ကို အနောက်နိုငငံများ က စိုးရိမ်နေချိန်တွင် အဆိုပါ ရီယမ်ရေတပ်စခန်းအား တရုတ်၏ အကူအညီဖြင့် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားအာဏာပိုင်များက အတည်ပြုပြောကြားထားသည်။

တောင်တရုတ်ပင်လယ်နှင့် နီးကပ်သည့် ကမ္ဘောဒီးယား၏ တောင်ဘက်အဖျားပိုင်းအနီး မဟာဗျူဟာ မြောက်နေရာတွင် တည်ရှိသော ရီယမ်ရေတပ်စခန်းသည် တရုတ်က စစ်ဘက်ဆိုင်ရာ ခြေကုပ်ယူသည့် ပုံစံများ တွေ့နေရသောကြောင့် ယင်းစခန်းအား လွန်ခဲ့သောနှစ်များအတွင်း အမေရိကန်က အလေးထား စောင့်ကြည့်ခဲ့သည်။

ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးလည်းဖြစ်သူ ပရာ့ခ်ဆော့ခွန်နှင့် ပြီးခဲ့သည့် လအတွင်းက တွေ့ဆုံခဲ့သည့် အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်းက အဆိုပါ စစ်စခန်းတွင် တရုတ်စစ်တပ်ရောက်ရှိနေခြင်းအပေါ် အမေရိကန်က စိုးရိမ်ကြောင်း ထပ်မံပြောကြားခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီးပွားရေးနှင့် သံတမန်ရေးရာ ဆက်ဆံမှုများကို မကြာသေးမီနှစ်များက တိုးမြှင့်လာခဲ့သဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်လာချိန်တွင် တရုတ်က ရီယမ်ရေတပ်စခန်းတွင် ကိုယ်ပိုင် စစ်ဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုကို တည်ဆောက်နေကြောင်း စိုးရိမ်စွာ ပြောဆိုလာမှုကို နှစ်နိုင်ငံစလုံးက ငြင်းဆိုထားသည်။

အမည်အဖော်လိုသူ အနောက်နိုင်ငံအစိုးရအရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ဝါရှင်တန်ပို့စ်က ဇွန် ၁၃ ရက်တွင် ဖော်ပြခဲ့သည့် သတင်းအား ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါစွပ်စွဲချက်များသည် အမေရိကန်က လုပ်နေကျ အနိုင်ကျင့်သည့် လုပ်ရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောင်လိယန်က ဇွန် ၁၄ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြား သည်။

ထို့ပြင် ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘန်နီးစ်က အဆိုပါ သတင်းသည် စိုးရိမ်စရာကောင်းကြောင်း အင်ဒိုနီးရှားသို့ သွားရောက်သည့်ခရီးစဉ်အတွင်း ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

“ရီယမ်မှာ တရုတ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို သတိပြုမိနေတာ ကြာပါပြီ။ တရုတ်အနေနဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ပွင့်လင်းမြင်သာမှု ရှိဖို့နဲ့ သူရဲ့ လုပ်ဆောင်ချက်တွေဟာ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အထောက်အကူပြုအောင် လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။ ရီယမ်စစ်အခြေစိုက်စခန်းမှာ ပြည်ပက ဘယ်စစ်တပ်ကိုမှ ဝင်ရောက်ခွင့် ပြုမှာမဟုတ်ဘူးလို့ ကမ္ဘောဒီးယားအစိုးရက ဩစတြေးလျအစိုးရကို မပြောင်းလဲဘဲ အာမခံထားပါတယ်” ဟု ၎င်းက သတင်းများအား ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း မကြာသေးမီနှစ်များက တရုတ်၏ ရန်လိုသော အမူအကျင့်များ၊ ကြီးထွားလာသည့် ရေတပ်နှင့် ရဲတင်းလာသော နိုင်ငံခြားရေး မူဝါဒတို့ကြောင့် ၎င်းတို့အနေဖြင့် ပြည်ပနိုင်ငံများနှင့် လုံခြုံရေး၊ အခြားသဘောတူညီချက်များမှတစ်ဆင့် စစ်ဘက်ဆိုင်ရာ ဝင်ရောက်မှုများ လုပ်ဆောင်လာမည်ကို အနောက်နိုင်ငံ ခေါင်းဆောင်များအတွက် စိုးရိမ်စရာ ဖြစ်စေခဲ့သည်။

****************************************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*