?>

အာဖဂန်အစိုးရ က ၎င်းတို့ ၏ နိုင်ငံသားများအား အတင်း အကျပ်ပြန် မလွှတ်ရန် ဥရောပ ကို တောင်းဆို

 အာဖဂန်အစိုးရ က ၎င်းတို့ ၏ နိုင်ငံသားများအား အတင်း အကျပ်ပြန် မလွှတ်ရန် ဥရောပ ကို တောင်းဆို

နောက်ထပ် သုံးလကြာသည့်အထိ ဥရောပရောက် အာဖဂန်ရွှေ့ပြောင်းနေထိုင်သူများအား အတင်းအကျပ်နှင်ထုတ်မှုများ မပြုလုပ်ကြရန် အာဖဂန်နစ္စတန်အစိုးရက ဥရောပနိုင်ငံများအား တောင်းဆိုလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



နောက်ထပ် သုံးလကြာသည့်အထိ ဥရောပရောက် အာဖဂန်ရွှေ့ပြောင်းနေထိုင်သူများအား အတင်းအကျပ်နှင်ထုတ်မှုများ မပြုလုပ်ကြရန် အာဖဂန်နစ္စတန်အစိုးရက ဥရောပနိုင်ငံများအား တောင်းဆိုလိုက်သည်။

ပြည်တွင်း၌တာလီဘန်များ၏ တိုက်ခိုက်မှုများ မြင့်တက်လာခြင်း ၊ ကိုဗစ်တတိယလှိုင်းနှင့် ရင်ဆိုင်နေရခြင်းတို့ကြောင့် တိုင်းပြည်တွင် စီးပွားရေးနှင့်လူမှုရေး မတည်ငြိမ်မှုများ ကြီးထွားလာသကဲ့သို့ ပြည်သူများအတွက် စိုးရိမ်ပူပန်မှုများဖြစ်နေသည်ဟု အာဖဂန်ဒုက္ခသည်များအရေးဆိုင်ရာ ဝန်ကြီးဌာနက  ထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင် အာဖဂန်ဒုက္ခသည်များအား လက်ခံထားသည့် အိမ်ရှင်နိုင်ငံများအနေဖြင့် ၎င်းတို့ကိုနောက်သုံးလအထိ အတင်းအကျပ်နှင်ထုတ်မှုများ မလုပ်ဆောင်သင့်ဟု ဆိုထားသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီအဆိုအရ ၂၀၁၈ ခုနှစ်တွင် အာဖဂန်မှ မှတ်ပုံတင်ထားသည့် ဒုက္ခသည် ၂.၅ သန်းနီးပါးရှိခဲ့ပြီး ကမ္ဘာတွင်ဒုတိယအများဆုံး ဒုက္ခသည်ဦးရေဖြစ်သည်။အများစုမှာ အိမ်နီးချင်းပါကစ္စတန်တွင်ရှိနေပြီး အီရန်နှင့်ဥရောပနိုင်ငံများတွင်လည်း ရောက်ရှိနေကြသည်။

ဥရောပတွင်ခိုလှုံခွင့် တောင်းခံသူများအနက် အာဖဂန်နိုင်ငံသားများ ပါဝင်မှုများပြားပြီး  ပြီးခဲ့သည့်နှစ်က ခိုလှုံခွင့်တောင်းခံသူ စုစုပေါင်း ၄၁၆,၆၀၀ အနက် ၄၄,၁၉၀ ဦးသည် အာဖဂန်မှဖြစ်သည်ဟု ဥရောပစာရင်းဇယား ကောက်ယူရေးအေဂျင်စီ Eurostat ကဖော်ပြသည်။

အာဖဂန်မှ နေတိုးတပ်များရုပ်သိမ်းပြီးပါက ဥရောပသည် အာဖဂန်ဒုက္ခသည်များစီးဝင်လာမှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု အီတလီဝန်ကြီးချုပ် မာရီယိုဒရာဂီက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။

ဥရောပနိုင်ငံအချို့ကမူ ပြည်ပတပ်များနှင့် လက်တွဲလုပ်ကိုင်ခဲ့သည့် အာဖဂန်နိုင်ငံသားများ၊ တာလီဘန်အဖွဲ့၏ လက်တုံ့ပြန်မှုနှင့် ကြုံတွေ့နိုင်ဖွယ်ရှိသူများအား ခိုလှုံခွင့်ပေးရန် သဘောတူထားကြသည်။

တာလီဘန်များနှင့်တိုက်ပွဲဖြစ်မှု အရှိန်မြင့်တက်လာခြင်းကြောင့် နိုင်ငံသည် ယခင်ကတည်းက လိုအပ်နေသည့် လူသားချင်းစာနာ ထောက်ပံ့မှုအကူအညီများ ပိုမိုလိုအပ်လာကာ  နိုင်ငံ့လူဦးရေ ၃၃ သန်းခွဲ၏ထက်ဝက်သည် လူသားချင်းထောက်ပံ့မှုအကူအညီများ လိုနေသည်ဟု အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရာမစ်အလက် ဘာရော့ဗ်က ပြောကြားခဲ့သည်။

ထို့ကြောင့်အာဖဂန်ကို နိုင်ငံတကာက  ငွေကြေးထောက်ပံ့မှုများ ဆက်လက်ပေးကြရန်လည်း ၎င်းကတောင်းဆိုထားပြီး ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံများမှကူညီရန် ကတိပေးထားသည့် အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံအနက် လက်ရှိတွင်ဒေါ်လာသန်း ၄၅၀ သာရထားသေးသည်ဟု ၎င်းကဆိုသည်။

အမေရိကန်နှင့် မဟာမိတ်တပ်များသည် အာဖဂန်နစ္စတန်မှ ၎င်းတို့၏စစ်ရေးတာဝန် ပြီးဆုံးသည့်အနေဖြင့် သြဂုတ်လကုန်နောက်ဆုံးထားပြီး အာဖဂန်မှဆုတ်ခွာမည်ဖြစ်ကာ လက်ရှိ၌ပင် တာလီဘန်များက နိုင်ငံ၏ ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီဟု ကြေညာခဲ့သည်။အာဖဂန်နိုင်ငံအတွင်း ပြည်ပတပ်များ ဆက်ရှိနေမည်ကို မလိုလားသည့်အတွက် နောက်ဆုံးသတ်မှတ်ရက်အမီ ဆုတ်ခွာကြရန်နှင့် ထိုသို့မဟုတ်ပါက ပြည်ပတပ်ဖွဲ့များအတွက် အန္တရာယ်ရှိလိမ့်မည်ဟုလည်း တာလီဘန်အဖွဲ့က သတိပေးထားသည်။



****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*