?>

မြန်မာနိုင်ငံရှိ နိုင်ငံခြား ကုမ္ပဏီများ က ဆုံးရှုံးမှု များအတွက် တရားစွဲ ဆိုမှု လုပ်ဆောင် လာနိုင်

မြန်မာနိုင်ငံရှိ နိုင်ငံခြား ကုမ္ပဏီများ က ဆုံးရှုံးမှု များအတွက် တရားစွဲ ဆိုမှု လုပ်ဆောင် လာနိုင်

မြန်မာ၏ ထွန်းသစ်စ စီးပွားရေးမှာ စွန့်စားရမှု အန္တရာယ်များကြောင့် ထိခိုက်မှု မရှိနိုင်သည့် နေရာတစ်ခု ဖြစ်မည်ဟု ထင်မြင်ခဲ့ကြသော နိုင်ငံခြားရင်းနှီးမြုပ်နှံသူများသည် ယခုအခါ ၎င်းတို့၏ မျှော်လင့်ချက်များနှင့်အတူ စီးပွားရေး ပြိုလဲမှုကို မြင်တွေ့နေရပြီ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဆုံးရှုံးမှုများနှင့် တွေ့ကြုံခံစားနေရစဉ်အာဏာသိမ်းမှုအလွန် စီးပွားရေးဝန်းကျင်သည် ခက်ခဲမှုများ တင်းကျမ်းပြည့်နေသည့် အခြေအနေသို့ ရောက်လာခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ




မြန်မာ၏ ထွန်းသစ်စ စီးပွားရေးမှာ စွန့်စားရမှု အန္တရာယ်များကြောင့် ထိခိုက်မှု မရှိနိုင်သည့် နေရာတစ်ခု ဖြစ်မည်ဟု ထင်မြင်ခဲ့ကြသော နိုင်ငံခြားရင်းနှီးမြုပ်နှံသူများသည် ယခုအခါ ၎င်းတို့၏ မျှော်လင့်ချက်များနှင့်အတူ စီးပွားရေး ပြိုလဲမှုကို မြင်တွေ့နေရပြီ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဆုံးရှုံးမှုများနှင့် တွေ့ကြုံခံစားနေရစဉ်အာဏာသိမ်းမှုအလွန် စီးပွားရေးဝန်းကျင်သည် ခက်ခဲမှုများ တင်းကျမ်းပြည့်နေသည့် အခြေအနေသို့ ရောက်လာခဲ့သည်။

လူအများ နှုတ်ဖျားတွင် မေးခွန်းတစ်ခု ရှိနေသည်။ ယင်းမှာ “ပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ဦးနှစ်ဖက် (နှစ်နိုင်ငံအကြား) သဘောတူစာချုပ်များဖြင့် အကာအကွယ်ပေးထားစဉ်ဆုံးရှုံးမှုများအတွက် မြန်မာအစိုးရဘက်က နစ်နာကြေး မပေးသင့်ဘူးလား” ဆိုသည်ပင် ဖြစ်သည်။

စစ်တပ်အုပ်ချုပ်မှုက တစ်နည်းနည်းဖြင့်တော့ လူမှုဆိုင်ရာ တည်ငြိမ်မှုကို အာမခံချက်ပေးလိမ့်မည် ဆိုသည့် ယုံမှတ်မှုကို ၂၀၂၁  ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုက ဖြိုဖျက်ထားခဲ့သည်။ ထို့အတွက်ကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်းတို့၏ ဆုံးရှုံးရမှုများအတွက် မည်ကဲ့သို့ ပြန်ထေကာမိစေနိုင်မည်လဲ ဆိုသည်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုသစ်များကို ထွက်ပေါ်စေလျက် ရှိသလို ကုမ္ပဏီတစ်ချို့က ဥပဒေလမ်းကြောင်းကနေ သွားရန် စဉ်စားလျက် ရှိသည်။

မြန်မာ ဥပဒေကို စဉ်းစားကြည့်ပါ။ နိုင်ငံခြားကုမ္ပဏီတစ်ခုအနေဖြင့် အစိုးရ သို့မဟုတ် အစိုးရပိုင် အဖွဲ့အစည်းတစ်ခုခု ၊ စစ်တပ်၏ လုပ်ရပ်များကြောင့်ဖြစ်ရသည့်  တိုက်ရိုက် သို့မဟုတ် သွက်ဝိုက်ဖြစ်သော ရလဒ်တစ်ခု ကြောင့်ဖြစ်စေ၊ အာဏာသိမ်းမှု၏ ရလဒ်တစ်ခုကြောင့် ဖြစ်စေ ယင်း၏ ရင်းနှီးမြှုပ်နှံမှုများ ထိခိုက်နစ်နာခဲ့မည်ဆိုပါလျင် ယင်းအနေဖြင့် ရင်းနှီးမြှုပ်နှံမှု စာချုပ်၊ သဘောတူစာချုပ် သို့မဟုတ် ပြည်တွင်း ဥပဒေတစ်ခု ချိုးဖောက်မှုအတွက် မြန်မာထံမှ ဥပဒေကြောင်းအရ နစ်နာကြေး အလျော် တောင်းခံရန် ကြိုးပမ်းလာနိုင်ကောင်း လာနိုင်သည်။

မြန်မာနှင့်အကြား ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်တစ်ခု လက်မှတ်ထိုးထားသည့် နိုင်ငံများကနေ လာသော ကုမ္ပဏီများအနေဖြင့် ယင်းတို့၏ နစ်နာကြေး တောင်းဆိုမှုများကို ဆက်လုပ်ရန် ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်စေမည့် စွဲဆိုမှုကို စတင်နိုင်ကြောင်း ဆွစ်ဇာလန် ဥပဒေအကျိုးဆောင်လုပ်ငန်း Lalive မှ လော်ရိန်း ဒီ ဂျာမီနိုင် နှင့် ဗင်းဆင့် ရေးနော့ဒ်တို့က ၎င်းတို့၏ မကြာသေးခင်က ဖော်ပြခဲ့သည့် “မြန်မာ အာဏာသိမ်းမှု ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် ဘာဆက်ဖြစ်မလဲ” ဆိုသည့် အစီရင်ခံစာတွင် ပြောထားခဲ့သည်။

မြန်မာသည် ယင်း၏ ရင်းနှီးမြှုပ်နှံမှု မူဝါဒကို ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့ပြီးနောက် ဆွဲဆောင်မှုရှိသည့် နေရာတစ်ခုအဖြစ် ထွက်ပေါ်ထားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု မူဝါဒ ပြုပြင်ပြောင်းလဲမှုများ၏ အဓိက အင်္ဂါရပ်များမှာ ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (MIL) နှင့် ၂၀၁၇ တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ (MIR) တို့ ပြဋ္ဌာန်းခြင်း ဖြစ်သည်။ နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဘောင်အတွင်း နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များနှင့် နှစ်ဦးနှစ်ဖက် (သို့) ဘက်ပေါင်းစုံပါသော ကုန်သွယ်ရေးစာချုပ်များကို လက်မှတ်ထိုးထားခဲ့သည်။

နိုင်ငံခြားကုမ္ပဏီများ အစုအပြုံလိုက် ထွက်ခွာခြင်း

အာဏာသိမ်းမှုနှင့်အတူ အရပ်သားဆန္ဒပြသူများအပေါ် စစ်တပ်က အပြင်းအထန် ဖြိုခွင်းနှိမ်နင်းမှုတို့ကြောင့် စိတ်ပျက်အားလျော့နေခဲ့ကြသည့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင် အများအပြားသည် ယခုအခါ မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ်တွင် ယုံကြည်မှုပျောက်ဆုံးနေခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးသည် အာဏာသိမ်းမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ တို့ကြောင့် အတော်ပင် အကြီးအကျယ် ထိခိုက်မှုများ ရှိထားခဲ့ပြီး ယင်းသည် ယခုနှစ်တွင် ၁၀ ရာခိုင်နှုန်း ကျုံ့မည်ဟုလည်း ခန့်မှန်းရသည်။

သို့သော် အာဏာသိမ်းစစ်အုပ်စုသည် လက်ရှိအခြေအနေများအောက်တွင် ယင်းအပေါ် ယုံကြည်မှုရှိစေရေး စည်းရုံးမှုကို လုပ်ဆောင်နေသည်။ ယင်းအနေဖြင့် လက်ရှိဖြစ်ပွားနေခဲ့ပြီးဖြစ်သည့် ပြည်ပကုမ္ပဏီများ အစုအပြုံလိုက် ထွက်ခွာမှုကို ယခုထက် ပိုဆိုးသွားမည့်အရေးကိုမူ ဆန္ဒမရှိပေ။ ယခုလအစောပိုင်းက နော်ဝေ တယ်လီကွန်း ကုမ္ပဏီ တယ်လီနောသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှုကနေ ထွက်ခွာခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုအောက် လုပ်ငန်းလည်ပတ်ရခြင်း၏ အခက်အခဲများအပေါ် အပြစ်ပုံချခဲ့သည်။ ယင်းသည် မြန်မာနိုင်ငံရှိ အကြီးဆုံးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနက် တစ်ခု၏ ထွက်ခွာမှုလည်း ဖြစ်သည်။ တယ်လီနောသည် ယင်း၏ မြန်မာနိုင်ငံရှိ လုပ်ငန်းကို လက်ဘနွန် အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group ထံ ရောင်းချခဲ့သည်။ အကြောင်းမှာ အာဏာသိမ်းမှုက ယင်း၏ မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းအပေါ် အကြီးအကျယ် ပိတ်ပင်ကန့်သတ်မှုများ ရှိခဲ့ရာ ခရိုနာ ၆ ဒသမ ၅ ဘီလီယံ (စင်ကာပူ‌ဒေါ်လာ ၁ ဘီလီယံ) ဆုံးရှုံးမှုတစ်ရပ်ကို ဦးတည်စေခဲ့သည်။

အဓိကကျသည့် ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများကလည်း မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် ခပ်ခွာခွာ ဖြစ်စေရန် လုပ်ဆောင်နေကြပြီဖြစ်သည်။ Coca Cola ၊ ကမ္ဘာ့ဘဏ် နှင့် McKinsey  တို့ကလည်း ယင်းတို့အနေဖြင့် စစ်တပ်ပိုင် မြေပေါ်တွင် ဆောက်ထားသည့် ရန်ကုန် Sule Square complex ရှိ ၎င်းတို့၏ ရုံးခန်းငှားရမ်းဖွင့်လှစ်ထားမှုများကို ပြန်လည် သုံးသပ်နေခြင်း သို့မဟုတ် ရုံးခန်း ပြန်အပ် ပြောင်းရွှေ့ထွက်ခွာထားမှုများ ရှိကြောင်း ဘီဘီစီကို ပြောခဲ့သည်။ ကမ္ဘာ့ဘဏ်သည် ယခုနှစ် ဖေဖေါ်ဝါရီ ၁၉ ရက်တွင် မြန်မာသို့ ယင်း၏  ဒေါ်လာ ၂ ဒသမ ၇၃ ဘီလီယံတန်ဖိုးရှိ ချေးငွေများကို ဆိုင်းငံခဲ့သလို အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ယင်းအတိုင်း လိုက်လုပ်ခဲ့ပြီး ဒေါ်လာ ၃ ဒသမ ၅၇ ဘီလီယံတန်ဖိုးရှိ ချေးငွေများကို မတ်လ ၁၀ ရက်တွင် ရပ်ဆိုင်းထားခဲ့သည်။ အဖွဲ့အစည်းနှစ်ခုစလုံးသည် မြန်မာ၏ အခြေအနေနှင့်ပတ်သက်ပြီး သဘောမကျဖြစ်မှုကို အားကောင်းမောင်းသန် ထုတ်ပြခဲ့ခြင်းဖြစ်သည်။

အစုအပြုံလိုက် ထွက်ခွာမှုနှင့် ရင်ဆိုင်နေရစဉ်စစ်တပ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များကို ဆွဲဆောင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တာဝန်ပေးခဲ့သည်။ သို့သော် အဆိုပါ ရင်းနှီးမြှုပ်နှံမှု ဗျူရိုတွင်လည်း ၀ရုန်းသုန်းကား အခြေအနေ ပျံ့နှံ့ဖြစ်ပေါ်နေပြီး ယင်းတွင် အစိုးရ၀န်ထမ်း ၈၀ ခန့်မှာ သပိတ်မှောက် ဆန့်ကျင်နေခဲ့ကြပြီး ဧပြီလတွင် ထုတ်ပယ်ခံခဲ့ရသည်ဟု သတင်းများအရ သိရသည်။

ဥပဒေကြောင်းအရ တရားစွဲခြင်းနှင့် လျော်ကြေးရလိုခြင်း ကိစ္စမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ပိုမို အားကောင်းလာနေပြီး အထူးသဖြင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော၊ လုပ်ငန်းအချို့က ယင်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို ရပ်နားထားရသော သတ္ထုတူးဖော်မှုနှင့် စွမ်းအင်လုပ်ငန်းများထဲတွင် ဖြစ်သည်။ ဤကုမ္ပဏီများအနက် အချို့သည် ယင်းတို့၏ ပြည်တွင်း ၀န်ထမ်းများကို ၎င်းတို့၏ လုပ်ငန်းခွင်သို့ ခရီးသွားလာခြင်း မပြုရန် ညွှန်ကြားထားခြင်း သို့မဟုတ် ထိခိုက်မှု ရှိမည့် (သို့) အဖမ်းခံရမည့် အရေး စိုးရိမ်မှုကြောင့် ယင်းတို့အနေဖြင့် ထိုသို့လုပ်ရန် မတတ်နိုင်ခဲ့ခြင်းတို့ ရှိနေခဲ့သည်။ မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးဆိပ်ကမ်း ရန်ကုန်တွင် မတည်ငြိမ်မှု အခြေအနေအများအပြား ဖြစ်ပေါ်ထားခဲ့ရာ စီးပွားရေး လုပ်ငန်း ဆောင်ရွက်မှုများ အဟန့်အတားဖြစ်နေရပြီး ယင်းအတွက်ကြောင့် ထောက်ပံ့ဖြည့်ဆည်းမှုများနှင့် ပို့ကုန်တင်ပို့မှုများကို နှောင့်နှေးစေလျက် ရှိသည်။ မကြာခဏဆိုသလို အင်တာနက်နှင့် တယ်လီကွန်မြူနစ်ကေးရှင်းဆိုင်ရာ ပြတ်တောက်မှုများကလည်း နိုင်ငံတ၀န်း စီးပွား‌ရေးလုပ်ငန်းများကို ထိခိုက်စေလျက် ရှိသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို MIL နှင့် MIR တို့ အောက်တွင် အကာအကွယ်ပေးထားသည်။ ပထမတစ်ခုမှာ ရင်းနှီးမြှုပ်နှံသူကို ရင်းနှီးမြှုပ်နှံမှု ပိုင်ဆိုင်ခြင်း၏ အကျိုးကျေးဇူး ခံစားခွင့်မပေးဘဲ ပိတ်ပင်စေပြီး ပစ္စည်း၊ ဥစ္စာ၊ မြေရာအဆောက်အအုံ သိမ်းယူခြင်း သို့မဟုတ် လွှဲပြောင်းခြင်း ကဲ့သို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ သိမ်းယူမှုများကနေ ၎င်းတို့ကို အကာအကွယ်ပေးထားသည်။ အများပြည်သူဆိုင်ရာ ရည်ရွယ်ချက်တစ်ခုဖြင့် လုပ်ဆောင်ခြင်း၊ ခွဲခြားဆက်ဆံမှု မရှိခြင်း၊ ချက်ချင်းလက်ငင်းနှင့် မျှတပြီး လုံလောက်သည့် လျော်ကြေးပေးမှုဖြင့် လုပ်ဆောင်ခြင်းတို့ မရှိဘဲ အာဏာပိုင်တို့ဘက်မှ သိမ်းယူခြင်းများအပေါ် ဥပဒေ၊စည်းမျဉ်းများက တားမြစ်ထားသည်။ MIL သည် သင့်လျော်မျှတသော လျော်ကြေးပေးမှုကို ရင်းနှီးမြှုပ်နှံမှု၏ “ဈေးကွက်တန်ဖိုး” အဖြစ် အဓိပ္ပါယ်ဖွင့်သလို အများပြည်သူ အကျိုးစီးပွားနှင့် ရင်းနှီးမြှုပ်နှံမှု၏ အကျိုးဖြစ်ထွန်းနိုင်မှု တို့ကိုလည်း စဉ်းစားသည်။

ဒုတိယအကာအကွယ်မှာ ရင်းနှီးမြှုပ်နှံသူများအပေါ် သင့်လျော်မျှတပြီး သာတူညီမျှဖြစ်သည့် ဆက်ဆံမှု (FET) ဖြစ်ပြီး ယင်းတွင် ရင်းနှီးမြှုပ်နှံသူများကို ၎င်းတို့အပေါ် သက်ရောက်မှု ရှိမည့် ဆုံးဖြတ်ချက်များဆိုင်ရာ သတင်းအချက်အလက် ရပိုင်ခွင့်၊ အစိုးရ ခွင့်ပြုချက်ထုတ်ပေးထားသော ရင်းနှီးမြှုပ်နှံမှု လိုင်စင်များ သို့မဟုတ် ခွင့်ပြုချက်များပါ စကားရပ်များကို အပြောင်းအလဲလုပ်ခြင်း အပါအ၀င် အစိုးရအစီအမံများနှင့်ပတ်သက်ပြီး အယူခံတက်ခြင်းနှင့် due process (လူတိုင်းတရားစီရင်ရေးဆိုင်ရာ တူညီသောဥပဒေကျင့်သုံးခံရခြင်း) တို့ ရပိုင်ခွင့်တို့ကို အာခံပေးထားသည်။ အားလုံး၏ အဆိုအရ အာဏာသိမ်းမှုအတွင်း ရင်းနှီးမြှုပ်နှံသူများသည် FET ဆက်ဆံမှုရရှိခဲ့ခြင်းမရှိဟု သိရသည်။

တတိယ အကာအကွယ်သည် မြန်မာနိုင်ငံသားများ (၎င်းတို့ကို မည်သို့ပင်ဖြစ်စေ ဦးစားပေးနိုင်ငံသားဆက်ဆံမှု ပေးထား) နှင့် နှိုင်းယှဉ်လျက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို “ခွဲခြားဆက်ဆံမှု မရှိဘဲ ဆက်ဆံမှု” ဖြစ်သည်။ ဤ အကာအကွယ်များကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအားလုံးကို မှန်မှန်ကန်ကန် ပေးအပ်ခဲ့ခြင်း မရှိရန် ဖြစ်နိုင်ခြေ ရှိသည်။ စတုတ္ထအကာအကွယ်မှာ အခြေအနေတစ်ချို့အပေါ် မူတည်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်မှုများကနေ ဘဏ္ဍာငွေများကို လွတ်လပ်စွာ လွှဲပြောင်းခွင့်ပင် ဖြစ်သည်။

ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်း လုပ်ငန်းစဉ်

ယင်းအပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံအကြား မည်သည့် အငြင်းပွားမှုကိုမဆို ၂၀၂၀ ခုနှစ်က ထူထောင်ခဲ့သည့် ရင်းနှီးမြှုပ်နှံသူ မကျေနပ်ချက် ယန္တရားကနေတဆင့် လှိုက်လှိုက်လှဲလှဲ ဖြေရှင်းရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့အနေဖြင့် အငြင်းပွားမှုကို ဖြေရှင်းနိုင်ခြင်း မရှိပါက ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ခုံသမာဓိဖြင့် ဆုံးဖြတ်ခြင်း၊ အမျိုးသားတရားရုံးများ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များဖြင့် ပံ့ပိုးပေးထားသော ယန္တရားများကနေတဆင့် ၎င်းတို့၏ တောင်းဆိုမှုများကို လုပ်‌ဆောင်သွားကောင်းသွားနိုင်သည်။ သို့သော် ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ကြီးလေးသော စိုးရိမ်ပူပန်မှုများ ရှိနေပြီး အကြောင်းမှာ ခုံသမာဓိ ဆုံးဖြတ်မှုတစ်ခုက နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ဖီလာဆန့်ကျင်နေမည်ဆိုပါက ယင်း၏ အသက်ဝင်အကျိုးသက်ရောက်မှု ရှိစေမှု ငြင်းပယ်ခံရနိုင်ခြင်းကြောင့်ဖြစ်ကြောင်း စည်းမျဉ်းများအရ သိရသည်။

“မြန်မာတွင် ဥပဒေစိုးမိုးရေးပိုင်းနှင့်ပတ်သက်ပြီး လက်တွေ့အောင်မြင်မှုပိုင်း အားနည်းမှု ရှိနေသလို အာဏာသိမ်းမှုက ယင်း၏ ဥပ‌ဒေ အင်စတီကျူးရှင်းများ၏ မရေမရာ ဖြစ်မှုကို ထုတ်ဖော်ပြသထားခဲ့သည်” ဟု ဥပဒေ အကဲခတ်များဖြစ်သည့် လော်ရိန်း ဒီ ဂျာမီနိုင် နှင့် ဗင်းဆင့် ရေးနော့ဒ်တို့က ပြောသည်။ မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်ထိတော့ မြန်မာ၏ နိုင်ငံတကာ ဥပဒေ တာဝန်ဝတ္တရားများက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်စွက်ဖက်ခံရခြင်းအတွက် လျော်ကြေးရရေး ကြိုးပမ်းမှုအတွက် ပိုမိုခိုင်မာသော အခြေခံတစ်ခု ပေးမည်ဟု ၎င်းတို့က ယုံကြည်နေကြဆဲဖြစ်သည်။

မြန်မာသည် နှစ်ဦးနှစ်ဖက် အခြေခံတစ်ရပ်အားဖြင့်သော်လည်းကောင်း၊ အာဆီယံ၏ အစိတ်အပိုင်းတစ်ခုအားဖြင့်သော်လည်းကောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးထားသည့် ကမ္ဘာလုံးဆိုင်ရာ သ‌ဘောတူညီချက်အများအပြားကို မကြာသေးခင်က လက်မှတ်ထိုးထားခဲ့သည်။ ယင်းသည် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် ၁၁ ခုကို လက်မှတ်ထိုးထားခဲ့ပြီး ယင်းတို့အနက် ရှစ်ခုသည် အာဏာတည်နေပြီး ယင်းတို့မှာ တရုတ်၊ အိန္ဒိယ၊ အစ္စရေး၊ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ ထိုင်း နှင့် များမကြာမီက စင်္ကာပူတို့နှင့်အကြား ဖြစ်သည်။ ဤ နှစ်နိုင်ငံ သဘောတူစာချုပ်များသည် အများအားဖြင့်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်များ ထောက်ပံ့ပေးသည်။

မငြိမ်မသက်မှုကနေတဆင့် ဖြစ်ပေါ်လာသော ရုပ်ပိုင်းအရ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုကြောင့် ထိခိုက်မှုကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ထပ်မံ ကာကွယ်ရန် မြန်မာသည် အပြည့်အ၀ အကာအကွယ်ပေးခြင်းနှင့် လုံခြုံရေး (FPS) ကို သေချာစေမည်ဟု ကတိပြုထားခဲ့သည်။ အကြမ်းဖက်မှုက third parties များ ကနေ အစပြုသည်ဖြစ်စေ၊ သို့မဟုတ် နိုင်ငံကနေတဆင့် အစပြုသည်ဖြစ်စေ FPS ကို သေချာစေရန် ကတိပြုထားကာ နိုင်ငံအနေဖြင့် ယင်းကဲ့သို့ ထိခိုက်နစ်နာမှု မဆိုအတွက် ကုစားပေးမည်ဟု အာမခံပေးထားခြင်း ဖြစ်သည်။ သက်ဆိုင်သူအဖွဲ့တိုင်းအနေဖြင့် ထုံးစံဖြစ်သော နိုင်ငံတကာ ဥပဒေအောက်တွင် လိုအပ်သော ရဲ အကာအကွယ် လယ်ဗယ် ထောက်ပံ့ပေးရန် FPS က တောင်းဆိုထားသည်။

အကယ်၍ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အစိုးရ အင်အားစုများသို့မဟုတ် အာဏာပိုင်များကြောင့် ရင်းနှီးမြှုပ်နှံမှု ပျက်စီးခြင်း သို့မဟုတ် ရင်းနှီးမြှုပ်နှံသူနှင့် သက်ဆိုင်သမျှ အပိုင်းတစ်ခုခု ပျက်စီးခြင်းကနေ ပေါ်ပေါက်လာရသည့် ဆုံးရှုံးမှုများကို ခံစားရပါက အိမ်ရှင်နိုင်ငံအနေဖြင့် ထိခိုက်မှုအတွက် လျော်ကြေး သို့မဟုတ် နစ်နာကြေးတစ်ခု ထောက်ပံ့ပေးရန် တာဝန်ရှိသည်ဟု နှစ်ဦးနှစ်ဖက် ရင်းနှီးမြှုပ်နှံမှု စာချုပ်က ဆိုထားသည်။

ယင်းကဲ့သို့သော နိုင်ငံရေး အခြေအနေတစ်ခုတွင် လည်ပတ်လုပ်ကိုင်ရခြင်း၏ စိန်ခေါ်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရှေ့အနာဂတ်တွင် ဂရုတစိုက် လျှောက်လှမ်းသွားကြရန် ဆန္ဒရှိနေကြတော့မည်ပင်ဖြစ်သည်။

****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*