?>

မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အရပ်သား ၁၄၉ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ရာနဲ့ချီပျောက်ဆုံး နကြောင်း ကုလထုတ်ပြန်

မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် အရပ်သား ၁၄၉ဦး ထက်မနည်း  သေဆုံးခဲ့ကြောင်း ရာနဲ့ချီပျောက်ဆုံး နကြောင်း ကုလထုတ်ပြန်

ဖေဖေါ်ဝါရီ ၁ရက်နေ့စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ဆန္ဒပြပြည်သူတွေသေဆုံးမှုမြင့်တက်လာတဲ့အပေါ် ကုလကအင်္ဂါနေ့ကရှုတ်ချခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြအရပ်သားတွေဟာ နှိပ်စက်မှုတွေခံနေရကြောင်းနဲ့ ရာနဲ့ချီတဲ့လူတွေလည်း ပျောက်ဆုံးနေကြောင်း သတိပေးပြောကြားခဲ့ပါတယ်။



ဖေဖေါ်ဝါရီ ၁ရက်နေ့စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ဆန္ဒပြပြည်သူတွေသေဆုံးမှုမြင့်တက်လာတဲ့အပေါ် ကုလကအင်္ဂါနေ့ကရှုတ်ချခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြအရပ်သားတွေဟာ နှိပ်စက်မှုတွေခံနေရကြောင်းနဲ့ ရာနဲ့ချီတဲ့လူတွေလည်း ပျောက်ဆုံးနေကြောင်း သတိပေးပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာပြီးခဲ့တဲ့တစ်ပတ်က ဆန္ဒပြပြည်သူတွေသေဆုံးမှုမြင့်တက်လာခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့လူထုအပေါ် ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်မှုတွေနဲ့ လူသေဆုံးသည်ထိ အင်အားအလွန်အကျွံသုံးစွဲနေပါတယ်” လို့ ကုလလူ့အခွင့်အရေးရုံးရဲ့ပြောခွင့်ရအမျိုးသမီး ရာဗီနာရှမ်ဒါဆာနီက သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။
ဖေဖေါ်ဝါရီ ၁ရက်နေ့ကတည်းက ဆန္ဒပြမှုတွေကို စစ်တပ်ရဲ့ဖိနှိပ်တဲ့အကြမ်းဖက်မှုတွေအတွင်း အရပ်သားပြည်သူ ၁၄၉ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တကယ့်အရေအတွက်ဟာ ဒီထက်ပိုတိုးနိုင်ကြောင်း သူမကအခိုင်အမာပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေတစ်ရက်တည်းတင် အရပ်သား ၇၄ဦးသေဆုံးတာအပါအဝင် စုစုပေါင်း လူပေါင်း၁၈၀ကျော် အသတ်ခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ဆိုင်ရာအဖွဲ့အစည်း(AAPP) ကထုတ်ပြန်ထားပါတယ်။ သတ်ဖြတ်မှုတွေအပြင် လုံခြုံရေးတပ်ဖွဲ့တွေက နိုင်ငံတစ်ဝန်း တရားလက်လွတ်ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း လက်ရှိ ၂၀၈၄ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ထပ်ဖြည့်ဖော်ပြထားပါတယ်။
“ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေက နှိပ်စက်မှုတွေလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အရမ်းကိုစိုးရိမ်ပူပန်စရာကောင်းတဲ့သတင်းတွေကိုလည်း ရရှိထားပါတယ်” လို့ သူမကပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းဖြစ်ရပ်တွေမှာလည်း ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း နှိပ်စက်ပြီးအသတ်ခံရသူ ၅ဦးထက်မနည်းရှိခဲ့ကြောင်း သူမကပြောကြားခဲ့ပါတယ်။ ရာနဲ့ချီတဲ့ တရားလက်လွတ်ဖမ်းဆီးခံရသူ အရေအတွက်ကိုလည်း တွက်ချက်လို့မရသေးပဲ စစ်တပ်အာဏာပိုင်တွေကြောင့် သိရှိရခြင်းမရှိသလို ပျောက်ဆုံးအခြေအနေမှာရှိနေကြောင်း သူမကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
ထိန်ထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ နိုင်ငံတကာကတောင်းဆိုမှုတွေရှိပေမယ့်လည်း စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူသေဆုံးသည်ထိ အင်အားအလွန်အကျွံသုံးစွဲမှုတွေမြင့်တက်လာပြီးနောက် သူမရဲ့မှတ်ချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ မြေပြင်ကသတင်းအချက်အလက်တွေကိုအတည်ပြုနိုင်ဖို့ ကုလလူ့အခွင့်အရေးရုံးက အခက်အခဲတွေတိုးလာမှုတွေနဲ့ ရင်ဆိုင်နေရကြောင်း ရန်ကုန်မြို့နဲ့မန္တလေးမြို့တို့က မြို့နယ်တွေမှာ မာရှယ်လောထုတ်ပြန်ထားမှုတွေကို သူမကထောက်ပြလိုက်ပါတယ်။ ဒါ့အပြင်အင်တာနက်ဆက်သွယ်ရေးလိုင်းတွေလည်း ဖြတ်တောက်ခံထားရကြောင်းသူမကဆိုပါတယ်။
မီဒီယာတွေအပေါ် ဖိနှိပ်နှိပ်ကွပ်မှုတွေမြင့်တက်လာမှုကြောင့် သတင်းအချက်အလက်ရရှိရေးမှာ အခက်အခဲတွေရှိနေကြောင်ူ သတင်းထောက် ၃၇ဦးထက်မနည်းဖမ်းဆီးခံရမှုနဲ့ မြန်မာရဲ့မီဒီယာကြီး၅ခု လိုင်စင်ရုပ်သိမ်းခံလိုက်ရတဲ့ အခြေအနေတွေကို သူမကထောက်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်း လူသေဆုံးမှုနှုန်းလည်းမြင့်တက်လာခဲ့ပြီး တနင်္လာနေ့မှာ ၁၁ဦးနဲ့ တနင်္ဂနွေနေ့မှာ ၃၉ဦးနဲ့ စနေနေ့မှာ ၁၈ဦးရှိခဲ့ကြောင်း သူမကဆိုပါတယ်။ ဒီအရေအတွက်တွေဟာ ခန့်မှန်းတွက်ချက်ထားခြင်းဖြစ်ကြောင်း သေဆုံးသူအရေအတွက်ဒီထက်ပိုနိုင်ကြောင်း ရှမ်ဒါဆာနီက ပြောကြားခဲ့ပါတယ်။
Channel News Asia သတင်းဌာနပါ “149 dead, hundreds disappeared in Myanmar unrest: UN” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*