$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒသစ် အလုပ်ဖြစ်ရဲ့လား ????

  • News Code : 636847
  • Source : 7DAY DAILY
မြန်မာကို ဖိအားပေးခြင်းထက် စိန်ခေါ်မှုများကို လက်တွဲကူညီခြင်းဖြင့် ရှေ့ဆက်သွားမည်ဟု မြန်မာ-အမေရိကန်ဆက်ဆံရေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပုံဖော်ပြောကြားသွားပြီဖြစ်သည်။ ထို့အပြင် ကန်ပိတ်ဆို့မှုစာရင်းဝင် ဦးဇော်ဇော်ပိုင်ဟိုတယ်တွင် ဂျွန်ကယ်ရီတည်းခိုခဲ့သည်။ ဂျွန်ကယ်ရီမတိုင်မီ လာရောက်ခဲ့သော လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင်းနောစကီးနှင့် ကန်ပိတ်ဆို့စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံလက်ဆွဲနှုတ်ဆက်နေပုံများက ကမ္ဘာ့သတင်းမီဒီယာများတွင် ထိပ်တန်းရောက်သတင်းများ ဖြစ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

=======================================


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နေပြည်တော်သို့ရောက်ရှိစဉ် [ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)]

မြန်မာကို ဖိအားပေးခြင်းထက် စိန်ခေါ်မှုများကို လက်တွဲကူညီခြင်းဖြင့် ရှေ့ဆက်သွားမည်ဟု မြန်မာ-အမေရိကန်ဆက်ဆံရေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပုံဖော်ပြောကြားသွားပြီဖြစ်သည်။ ထို့အပြင် ကန်ပိတ်ဆို့မှုစာရင်းဝင် ဦးဇော်ဇော်ပိုင်ဟိုတယ်တွင် ဂျွန်ကယ်ရီတည်းခိုခဲ့သည်။ ဂျွန်ကယ်ရီမတိုင်မီ လာရောက်ခဲ့သော လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင်းနောစကီးနှင့် ကန်ပိတ်ဆို့စာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံလက်ဆွဲနှုတ်ဆက်နေပုံများက ကမ္ဘာ့သတင်းမီဒီယာများတွင် ထိပ်တန်းရောက်သတင်းများ ဖြစ်ခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုပဋိပက္ခများ၊ လယ်သိမ်းမြေသိမ်းပြဿနာ၊ သတင်းမီဒီယာလွတ်လပ်ခွင့်ခြိမ်းခြောက်ခံရမှု၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အချိုးကျကိုယ်စားပြုစနစ်(PR) စသည့် မျက်မှောက်မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် ဂျွန်ကယ်ရီက မြန်မာအစိုးရအား ဖိအားပေးမည်ဟု နိုင်ငံရေးအင်အားစုများက တွေးထင်ခဲ့ကြသည်။

သို့သော် လတ်တလော ပြည်သူများစိတ်ပူပန်မှုကို လျစ်လျူရှုပြီး ခရိုနီများနှင့် ပတ်သက်ဆက်စပ်မှုများ ပြုလုပ်ခဲ့သော ကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ရပ်ကြောင့် ယခင်ကန်အစိုးရ၏ မြန်မာအပေါ်ထားရှိသည့် ‘‘တစ်ခုပေးမှ တစ်ခုလိုက်လျောမည်ဆိုသည့် မူဝါဒ’’(Action For Action)ကို ပြောင်းလဲလိုက်ပြီလားဟု နိုင်ငံရေးအင်အားစုများက ဇဝေဇ၀ါဖြစ်စပြုလာကြသည်။

ထို့ကြောင့် အမေရိကန်သည် အာရှ-ပစိဖိတ်ဒေသအတွင်း တရုတ်သြဇာလွှမ်းမိုးမှုကို ကာကွယ်ရန်၊ စီးပွားရေးနယ်ပယ်ချဲ့ထွင်ရန် မြန်မာ့ပကတိအခြေအနေကို လျစ်လျူရှုနေသည်၊ ပြုပြင်ပြောင်းလဲမှု ပီပီပြင်ပြင်မလုပ်နိုင်သေးသော မြန်မာအစိုးရကို ဖိအားမပေးဘဲ ဒေသတွင်း သြဇာထူထောင်ရန် အမေရိကန်အစိုးရ အလျင်လိုနေပြီလားဟု မေးခွန်းထုတ်ခံရစ ပြုလာပြီဖြစ်သည်။

အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ တကယ်ပြောင်းလဲနေပြီလား

ယခင်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က မြန်မာအပေါ် ပိတ်ဆို့မှုနှင့်အတူ စေ့စပ်ဆွေးနွေးမှုများကိုပါ တစ်ပြိုင်တည်းပြုလုပ်သွားမည့်မူဝါဒ (Dual Track)ကို အကောင်အထည်ဖော်ခဲ့သည်။ ယခင်သမ္မတ ဘုရှ်လက်ထက်က ကောင်းတာတစ်ခုလုပ်မှ လိုက်လျောမှုတစ်ခုပေးမည်ဆိုသည့် ပိတ်ဆို့မှုတစ်ခုတည်းနှင့်သွားသည့် မူဝါဒမှာ စစ်အစိုးရ၏ သဘောထားရပ်တည်ချက်ကို မပြောင်းလဲနိုင်ခဲ့ကြောင်း သဘောပေါက်ခဲ့သည့် အိုဘားမားက နှစ်လမ်းသွားမူဝါဒကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းခြင်း၊ နိုင်ငံရေးအကျဉ်းသားအချို့လွှတ်ပေးခြင်းများ ပြုလုပ်ပြီးနောက် ၂၀၁၁ နှစ်ကုန်ပိုင်း ဟီလာရီ မြန်မာခရီးစဉ်အပြီးတွင် အမေရိကန်တို့က အရှေ့အာရှကျွမ်းကျင်သူ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချဲလ်ကို သံအမတ်ခန့်အပ်၍ ၁၉၉၀ နောက်ပိုင်းကတည်းက လျှော့ချခဲ့သော နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ပြန်လည်စတင်ခဲ့သည်။ ထို့နောက် မြန်မာအစိုးရက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ စတင်နိုင်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများစွာ လွှတ်ပေးခြင်း၊ အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်ပြုခြင်း၊ မီဒီယာလွတ်လပ်ခွင့်အတွက် စာပေစိစစ်ရေးဖျက်သိမ်းခြင်းနှင့် နေ့စဉ်ထုတ်သတင်းစာများကို ပုဂ္ဂလိကသို့ ထုတ်ဝေခွင့်ပြုခြင်း စသည့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး စီးပွားရေးပိတ်ဆို့မှုအချို့ ဖြေလျှော့ခြင်း၊ အမေရိကန်ကုမ္ပဏီအချို့ ရင်းနှီးမြှုပ်နှံခြင်း၊ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများ ပေးခြင်းတို့ကို ဆက်တိုက်ဆိုသလို အမေရိကန်အစိုးရက လိုက်လျောလုပ်ဆောင်လာခဲ့သည်။

အစိုးရသက်တမ်းသုံးနှစ်ကျော်တွင် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးအရှိန်တန့်သွားပြီဟု နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်လာချိန်အထိ အမေရိကန်အစိုးရကမူ မြန်မာ၏ ပြုပြင်ပြောင်းလဲရေးအတွက် ဆက်လက် လက်တွဲကူညီသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီက မြန်မာခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

မြန်မာအပေါ် မျက်ကန်းယုံကြည်မှုမျိုးထားပြီး ဆက်ဆံနေခြင်းမဟုတ်ဟု ဂျွန်ကယ်ရီက ဖြည့်စွက်ပြောခဲ့သော်လည်း မြန်မာအစိုးရပေါ် သံတမန်ဆန်သော မှတ်ချက်စကားကြောင့် အမေရိကန်တို့၏ နိုင်ငံခြားရေးမူဝါဒကို အတိုက်အခံတို့က သံသယဖြင့် မေးခွန်းထုတ်မှုများရှိလာသည်။

သို့သော် သမ္မတအိုဘားမားသည် မြန်မာပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို လေးစားသမှုထား၍ ဆက်လက်ဆက်ဆံနေဦးမည်ဖြစ်ပြီး နိုင်ငံရေးအရ အသံထွက်သည့် ပြဿနာများကိုတော့ မြန်မာအစိုးရက ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ကိုင်တွယ်ရန် လိုအပ်ကြောင်း၊ သို့မှသာ အမေရိကန်အစိုးရပေါ် မြန်မာအတိုက်အခံအချို့ နားလည်မှုလွဲနေသည်များ ဖြေရှင်းပြီးသွားမည်လည်းဖြစ်ကြောင်း အာဆီယံရေးရာကျွမ်းကျင်သူ ထိုင်းသတင်းစာဆရာ မစ္စတာက၀ီချောင်ကစ်တပွန်က ပြောကြားသည်။

‘‘အိုဘားမားက မြန်မာနိုင်ငံကို နိုင်ငံခြားရေးမူဝါဒ အောင်မြင်တယ်လို့ ယူဆချင်တယ်။ ဒါကြောင့် သူက သိပ်သတိထားလိမ့်မယ်။ အမေရိကန်ကွန်ဂရက်အမတ်တွေကတော့ နည်းနည်းတင်းမာတယ်။ သူတို့က မြန်မာမှာ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ အပြစ်ပေးဖို့အတွက် တစ်ချိန်လုံးပြောနေတဲ့ လော်ဘီတွေဖြစ်တယ်။ ဒါကြောင့် မြန်မာအနေနဲ့ ဒီကိစ္စတွေမှာ အခုထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လုပ်ကိုင်ဖို့လိုတယ်။ ဒါဆိုရင် အားလုံး အဆင်ပြေသွားလိမ့်မယ်’’ဟု က၀ီကဆိုသည်။

အမေရိကန်အပါအ၀င် နိုင်ငံအများစုသည် ၎င်းတို့အကျိုးစီးပွားကို ရှေးရှု၍ နိုင်ငံခြားရေးမူဝါဒကို ချမှတ်လေ့ရှိပြီး မြန်မာကဲ့သို့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမျိုးပင်မရှိသည့် ဗီယက်နမ်နှင့် တရုတ်နိုင်ငံများနှင့်ပင် အမေရိကန်က ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ကြောင်း သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်ကပြောသည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးက နှေးကောင်းနှေးမည်ဖြစ်သော်လည်း  အာရပ်နွေဦးနှင့် နှိုင်းယှဉ်ပါက နိုင်ငံတကာပညာရှင်များနှင့် ပြည်သူအများစုကမူ မြန်မာနိုင်ငံသည် လမ်းကြောင်းမှန်ပေါ်ရောက်နေသည်ဟု လက်ခံထားကြောင်း ၎င်းကဆက်လက်ပြောသည်။

‘‘သမ္မတအိုဘားမားက မြန်မာကို ဆုပေးဒဏ်ပေးမူဝါဒကနေ နှစ်လမ်းသွားမူဝါဒပုံစံနဲ့ ပြောင်းလဲဆက်ဆံခဲ့တာဖြစ်တယ်။ အရင် ဆုပေးဒဏ်ပေးမူဝါဒတုန်းကဆိုရင် သမ္မတဟောင်းဘုရှ်ဟာ ပိတ်ဆို့မှုတစ်ခုတည်းနဲ့ သွားခဲ့တာပါ။ ဒါပေမဲ့ စစ်အစိုးရရဲ့ သဘောထားကို ဒါကပြောင်းလဲနိုင်လောက်အောင် အလုပ်မဖြစ်ခဲ့ပါဘူး။ အခု အိုဘားမားရဲ့မူဝါဒဟာ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်စေခဲ့တယ်’’ဟု ၎င်းကပြောသည်။

အမေရိကန်၏ အဓိကပန်းတိုင်မှာ မြန်မာပြည်ဒီမိုကရေစီလမ်းကြောင်းပေါ် အပြည့်အ၀ရောက်ရေးပင်ဖြစ်သည်။ သမ္မတအိုဘားမားက သူစီစဉ်ထားသည့် လမ်းစဉ်အတိုင်း မပြောင်းမလဲလုပ်ဆောင်နေကြောင်း ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်ကဆိုသည်။

‘‘NLD ဘက်ကို ရပ်တည်မလား။ ၈၈ အဖွဲ့ကို ပိုအားကောင်းအောင် လုပ်မလား။ တပ်မတော်ကို ဖျောင်းဖျတဲ့နည်းနဲ့ သွားမလား စသဖြင့် သူတို့မှာ ဗျူဟာကောင်းကောင်းရှိပါတယ်။ လတ်တလော အခြေအနေလေးပဲကြည့်ပြီး မူဝါဒပြောင်းတယ် ပြောလို့မရပါဘူး’’ဟု ၎င်းကဆိုသည်။

အမေရိကန်နိုင်ငံရေးသမားအားလုံးနီးပါးတွင် ဗျူဟာများ၊ တိကျသည့်ပန်းတိုင်များရှိသည်။ အိုဘားမား၏ ဒီမိုကရက်တစ်အစိုးရလက်ထက်တွင် ပြီးဆုံးအောင်လုပ်ရန် ချမှတ်ထားသည့် ပုံစံအတိုင်း ဂျွန်ကယ်ရီက မျှောလိုက်သွားခြင်းသာဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဇာဂနာကပြောသည်။

‘‘တရုတ်ကို ချိန်ခွင်ညှိဖို့ မြန်မာဟာ အရေးပါမှန်း သူတို့သိတယ်။ မြန်မာအစိုးရရဲ့ အကြောကိုလည်း သူတို့နားလည်တယ်။ Pressure (ဖိအား)ပေးရင် မကြိုက်တတ်မှန်းသိလို့ အခုလို တွန်းအား(Push) ပေးတာ’’ဟု ၎င်းကပြောသည်။

ယခင် အမေရိကန်အစိုးရ အဆက်ဆက်သည် ဒီမိုကရေစီလုပ်ငန်းစဉ်များကို အားပေးသည့်အနေဖြင့် အာဏာရှင်အစိုးရကို Regime Change (အစိုးရတစ်ရပ်ဖြုတ်ချပြီး ဒီမိုကရေစီဖော်ဆောင်သည့် အစိုးရတင်မြှောက်သည့်ပုံစံ)လုပ်လေ့ရှိသည်။ သို့သော် ယင်းစနစ် အကောင်အထည်ဖော်ခဲ့သည့် အီရတ်၊ အီဂျစ်၊ လစ်ဗျားနှင့် ဆီးရီးယားတို့တွင် ပဋိပက္ခများကို အဆုံးမသတ်နိုင်ခဲ့ပေ။ ရေရှည်တွင် Regime Change က မအောင်မြင်နိုင်ကြောင်းသိသည့် အိုဘားမားအစိုးရက မြန်မာကို ပြုပြင်ပြောင်းလဲရေးအားပေးခြင်း၊ စစ်တပ်ကို နိုင်ငံရေးမှ ထွက်ခွာသွားရန် သိမ်သိမ်မွေ့မွေ့ ချဉ်းကပ်နေခြင်းသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးကပြောသည်။

ကန်မူဝါဒ မပြောင်းသော်လည်း မြန်မာနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းကောင်းသိသည့် ဟီလာရီကလင်တန်၊ သူ့လက်ထောက် ကတ်ကန်ဘဲလ်၊ ဂျိုယွန်းတို့ အနားယူပြီးဖြစ်သည်။ လက်ရှိ ကန်နိုင်ငံခြားရေးအရာရှိများမှာ မြန်မာအကြောင်း ကောင်းကောင်းမသိသည့်အပြင် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးတို့တွင် လက်တွေ့မကျသည့် သီအိုရီများဖြင့်သာ ချဉ်းကပ်နေခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရအဖွဲ့၊ အရပ်ဘက်အဖွဲ့အချို့နှင့် ဖွံ့ဖြိုးရေးစီမံကိန်းများ ပူးပေါင်းလုပ်ဆောင်နေသည့် မင်္ဂလာမြန်မာအဖွဲ့မှ ဒေါက်တာဖုန်းဝင်းကပြောသည်။

‘‘အခု ကန်နိုင်ငံခြားရေးက ဘယ်လောက်ပဲ အဖွဲ့အစည်းခိုင်မာတယ်ဆိုဆို မြန်မာလို ခက်ခဲရှုပ်ထွေးတဲ့ တိုင်းပြည်မှာလုပ်ရတာ မူဝါဒအားမကောင်းရင် မလွယ်ဘူး။ အခုလူထုက စိုးရိမ်သလိုတော့ သူတို့မူဝါဒနဲ့ ဗျူဟာပြောင်းတယ်လို့တော့ မထင်ဘူး။ ဒါပေမဲ့ လုပ်ရပ်တွေက သိပ်ပြီးလက်တွေ့နဲ့ ကင်းကွာနေပြီး သီအိုရီဆန်နေတယ်’’ဟု ၎င်းကပြောသည်။

ဥပမာ စစ်တပ်ကို လူ့အခွင့်အရေး သင်ကြားလေ့ကျင့်ပေးရုံဖြင့် တပ်က နိုင်ငံရေးမှ အလွယ်တကူ ထွက်ခွာသွားမည့်အတွေးမျိုးမှာ သီအိုရီဆန်လွန်းကြောင်း ၎င်းကထောက်ပြသည်။

မြန်မာ-ကန်တပ်မတော်ချင်း ဆက်ဆံရေး အလျင်လိုလွန်းသလား။

နှစ်နိုင်ငံသံတမန်ဆက်ဆံရေးစတင်ပြီး မကြာမီ အမေရိကန်တပ်မတော်က မြန်မာ့တပ်မတော်နှင့် စစ်ရေးပတ်သက်မှုမပါဝင်သော ဆက်ဆံရေးကို စတင်ခဲ့သည်။ မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်အောင် လေ့ကျင့်ပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှုလျှော့ချနိုင်ပြီး တိုင်းပြည်ဒီမိုကရေစီခရီးစဉ်ကို လျင်မြန်စွာရောက်ရှိမည်ဟု တွက်ဆချက်မှာ အလွယ်လိုက်လွန်းရာကျပြီး လက်တွေ့နှင့် ကင်းကွာနေကြောင်း ဒေါက်တာဖုန်းဝင်းက ထောက်ပြသည်။

‘‘တပ်ချင်းဆက်ဆံရေး မှားလားဆိုမမှားဘူး။ ဒါပေမဲ့ လူထုကလည်း အဲဒီလုပ်ရပ်ကို သိပ်မကြိုက်သလို မြန်မာ့တပ်မတော်ဘက်က ပြန်ကြားရတာက အမေရိကန်တွေအတွက် သိပ်တော့မကောင်းဘူး။ ဒီလူတွေက တစ်ခါလာလည်း ဒီလူ့အခွင့်အရေးပဲပြောတယ်၊ သိပ်ဆရာလုပ်လွန်းတယ်ဆိုတာမျိုးပေါ့။ လူတွေကတင် အမြင်လွဲတာမဟုတ်ဘူး။ တပ်ကလည်း သူတို့ကို အမြင်လွဲနေတယ်’’ဟု ၎င်းကဆိုသည်။

စစ်တပ်ချင်းဆက်ဆံရန် အချိန်ရောက်ပြီဟု ပြောခဲ့သော အမေရိကန်အစိုးရ၏ သဘောထားကို အမေရိကန်ကွန်ဂရက်ကလည်း သဘောမတူဘဲ အတိုက်အခံပြောကြားမှုများကို အိုဘားမားအစိုးရ ကြုံတွေ့နေရသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် မြန်မာ့တပ်မတော်မှာ အရေးကြီးသည့် State Holder တစ်ခုဖြစ်ပြီး မြန်မာ့တပ်မတော်နှင့် စစ်တပ်ချင်း ဆက်ဆံရေးအစပြုရန် အမေရိကန်တို့ ဆုံးဖြတ်ခဲ့ခြင်းမှာ မှားယွင်းခြင်းမရှိကြောင်း သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်ကပြောသည်။

‘‘မြန်မာတပ်မတော်နဲ့ စစ်တပ်ချင်း ဆက်ဆံရေးလုပ်တာဟာ အမေရိကန်တို့ မမှားပါဘူး။ အခု မြန်မာ့တပ်မတော်ဟာလည်း ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်လာဖို့ ပြုပြင်ပြောင်းလဲမှုတွေ စတင်နေပြီဖြစ်တယ်။ တပ်မတော်ကို အထီးကျန်ဖြစ်အောင်ထားတာထက် လူတိုင်းဟာ အခုလို ပူးပေါင်းဆောင်ရွက်တာကို အားပေးသင့်တယ်’’ဟု ၎င်းကပြောသည်။

မြန်မာ့တပ်မတော်သည် ခေတ်မီတပ်မတော်တစ်ရပ် ထူထောင်ရန် ယခင်က ရုရှားနှင့် တရုတ်တို့ထံမှ အကူအညီယူခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အိမ်နီးချင်း ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့တွင် တပ်များအဆင့်မီစေရန် အမေရိကန်၏ လေ့ကျင့်ပေးမှုများကို မြန်မာစစ်ခေါင်းဆောင်များ လေ့လာဆင်ခြင်ရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးကပြောသည်။

‘‘အပြစ်တော့မမြင်ချင်ဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာ ခေတ်မီတပ်မတော်ဖြစ်နေတာ။ US အကူအညီတွေနဲ့ချည်းပဲ။ မြန်မာတပ်မတော်ခေါင်းဆောင်ပိုင်းက ဒါကိုသိဖို့လိုသလို ပြည်သူတွေကလည်း ဆန္ဒမစောကြဖို့ လိုပါတယ်’’။

ကန်က စီးပွားရေးချဲ့ထွင်ဖို့ ပိတ်ဆို့မှုစာရင်းနဲ့ အပေးအယူလုပ်မှာလား။

ဦးဇော်ဇော်ပိုင်ဟိုတယ်တွင် ဂျွန်ကယ်ရီ တည်းခိုခဲ့သည့်အတွက် ကန်က ပိတ်ဆို့မှုစာရင်းကို လျှော့ချရန် စတင်သုံးသပ်နေသည့် သတင်းများ ထွက်ပေါ်လာသည်။

ထူးခြားသည်က ပိတ်ဆို့ခံခရိုနီများနှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုတွင် ပဏာမသဘောတူညီချက်တစ်ခု ရခဲ့သည်။ ခရိုနီများ၏ ပိုင်ဆိုင်မှု၊ ဘဏ္ဍာရေးလည်ပတ်မှု၊ အမြတ်ငွေများတွင် ငွေမည်းများ ပါဝင်မှု ရှိ၊ မရှိ၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်းမှု ရှိ၊ မရှိတို့ကို အမေရိကန်အစိုးရစာရင်းစစ်အဖွဲ့၏ စစ်ဆေးမှုကို မြန်မာစီးပွားရေးသမားအချို့က လက်ခံသဘောတူလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အမေရိကန်စာရင်းစစ်အဖွဲ့၏ တွေ့ရှိချက်ပေါ်မူတည်၍ ပိတ်ဆို့မှုစာရင်း ဖြေလျှော့ရေးမှာ တဖြည်းဖြည်း ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင်နောစကီးနှင့် တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

‘‘ယေဘုယျတော့ အဲဒီအစစ်ခံဖို့ ဆုံးဖြတ်ကြတဲ့အထဲမှာ Max Myanmar က ဦးဇော်ဇော် ပါပါတယ်။ ပိတ်ဆို့မှုကို အမေရိကန်က လျှော့ချင်နေပါပြီ။ ဒါမှလည်း ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်လို့ရမယ်။ သူတို့ဆီက ၀င်လာမယ့် ကုမ္ပဏီတွေက ဒီခရိုနီတွေလို့ သူတို့ပြောတဲ့ စီးပွားရေးသမားတွေနဲ့ ပေါင်းမလုပ်လို့ကို မဖြစ်ဘူးလေ’’ဟု ၎င်းကဆိုသည်။

အမေရိကန်၏ စီးပွားရေးမူဝါဒပိုင်းကို မြန်မာပြည်သူများ သဘောမတွေ့ခြင်းမှာ အောက်ခြေပြည်သူလူထုနှင့် နီးစပ်သည့် စီမံကိန်းများ နည်းပါးခြင်းကြောင့်လည်းဖြစ်ကြောင်း ဒေါက်တာဖုန်းဝင်းကပြောသည်။

‘‘စီးပွားရေးဦးမော့ဖို့ ကျွန်တော်တို့က အသေးစား၊ အလတ်စားလုပ်ငန်းတွေကို မြှင့်တင်ပေးဖို့ ပြောတယ်။ သူတို့က တစ်ခါလာလည်း ဘဏ္ဍာရေးနဲ့ စွမ်းအင်ကိုပဲ ဦးတည်ပြီးလုပ်တယ်။ ဒီကဏ္ဍတွေက အောက်ခြေကို ချက်ချင်းမရောက်ဘူး’’ ဟု ဒေါက်တာဖုန်းဝင်းက ဆိုသည်။

သို့သော် ပိတ်ဆို့မှုနှင့်ပတ်သက်၍ ကန်အစိုးရသတ်မှတ်ချက်များ ပြောင်းလဲသွားရန်မရှိကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဒေါ်လာငါးသန်းအထိ ရင်းနှီးမြှုပ်နှံမည်ဆိုပါက အစီရင်ခံစာတင်ရန် အမေရိကန်အစိုးရက ထုတ်ပြန်ထားသည်။ လက်ရှိတွင်လည်း အမေရိကန် ACO ကုမ္ပဏီက ဒေါ်လာ သန်း ၄၈၀ တန် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုက်ပြီဖြစ်သည်။

မြန်မာ့မျက်မှောက်ရေးရာကို ကန်အစိုးရ ဘယ်လိုကိုင်တွယ်မလဲ။

ဂျွန်ကယ်ရီက ဦးသိန်းစိန်ကို ဖိအားပေးစကားမပြောရုံနှင့်၊ ခရိုနီပိုင်ဟိုတယ်တွင် တည်းခိုရုံနှင့် မြန်မာမျက်မှောက်ရေးရာများကို အမေရိကန်အစိုးရက လျစ်လျူရှုပြီဟု ထင်ကြေးပေးရန် စောလွန်းနေကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောသည်။

သံတမန်လမ်းကြောင်းအရ ထုတ်မပြောသာသည့် လျှို့ဝှက်သတင်းစကားကို ဂျွန်ကယ်ရီက အိုဘားမားကို ပေး၊ မပေး မည်သူမျှ အတိအကျမသိနိုင်ပေ။ တရုတ်နိုင်ငံ၏ ကြွယ်ဝချမ်းသာမှု၊ ဗိုလ်ကျစိုးမိုးမှုတို့ကြောင့် တရုတ်ဘက်ကို မြန်မာပြန်မယိုင်သွားစေရန် အမေရိကန်က ကြိုးစားနေသည်ဟု ယူဆရကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးမြင့်အောင်က ပြောသည်။

ထို့ပြင် သမ္မတဦးသိန်းစိန်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရန် အမေရိကန်အစိုးရကို မက်လုံးပေးထားသည်။  အပစ်အခတ်ရပ်စဲရေးမှာ အမေရိကန်အထူးလိုလားသော ကိစ္စလည်းဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးကိုတော့ ကန်အစိုးရက ရပ်တန့်ခံမည်မဟုတ်ဟု သုံးသပ်ရကြောင်း ၎င်းကဆက်ပြောသည်။

‘‘အမေရိကန်ကတော့ အချိုသတ်ပြီးပေါင်းတယ်လို့ ယူဆတယ်။ ဒါပေမဲ့ အပြောင်းအလဲကိုတော့ ရပ်တန့်ခွင့်ပေးမှာ မဟုတ်ဘူး။ ခွန်အားစိုက်ပြီးတော့ တွန်းမှာပါ။ မြန်မာအစိုးရ Road Map ကလည်း နှေးတယ်။ အဲဒီနှေးတာကို ဘယ်လိုမြန်အောင်တွန်းမလဲဆိုတာ ကျွန်တော်တို့လည်း ၀ိုင်းပြောမှာပဲ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း တရုတ်လုပ်ငန်းရှင်တွေဆီမှာ အနှိမ်ခံပြီး လုပ်နေတာထက် အမေရိကန်ကုမ္ပဏီတွေ ၀င်လာရင် မြန်မာပြည်သူတွေ အကျိုးရှိတာကို မြန်မြန်မြင်ချင်တယ်’’ဟု ၎င်းကပြောသည်။

မြန်မာသည် အမေရိကန်နှင့် သံတမန်ဆက်ဆံရေးကို ပြန်လည်ထူထောင်ခဲ့သည့်အတွက် ကမ္ဘာ့မျက်နှာစာတွင် ၀င်ဆံ့ခဲ့သည်။ တချိန်က အထီးကျန်လွန်းပြီး ဒေသတွင်းအင်အားကြီးဖြစ်သည့် တရုတ်နိုင်ငံအပေါ်ကို အလုံးစုံ မှီခိုနေခဲ့ရသည်။ ယခုတော့ တရုတ်အစိုးရကိုယ်တိုင်က မြန်မာကို ခပ်ပေါ့ပေါ့သဘောမထားရဲတော့ဘဲ မူဝါဒပြောင်းကာ မြန်မာအစိုးရနှင့်သာမက လူထု၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံလာရသည်အထိ မြန်မာအကျိုးကျေးဇူးများခဲ့သည်။ ပြုပြင်ပြောင်းလဲမှု မြန်ဆန်မှုကြောင့်ရော ကမ္ဘာ့အင်အားကြီးနိုင်ငံနှင့် ဆက်ဆံမှုကြောင့်ပါ မြန်မာက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများနှင့် ဖွံ့ဖြိုးရေးအကူအညီများ ရခဲ့သည်။ အာဆီယံဥက္ကဋ္ဌရာထူးကိုလည်း အဆင်ပြေစွာ ထမ်းဆောင်နိုင်ခဲ့သည်။ အကြီးမားဆုံးရလဒ်မှာ ကမ္ဘာ့အင်အားကြီး တရုတ်နှင့် အိန္ဒိယတို့ကြားတွင် မြန်မာက အကောင်းဆုံးသော ဗဟိုချက်နိုင်ငံတစ်ခုအဖြစ် နေရာစတင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

‘‘မြန်မာဟာ ဘင်္ဂလားပင်လယ်အော်မှာ အချက်အချာကျတယ်။ မလက္ကာရေလက်ကြား၊ အိန္ဒိယသမုဒ္ဒရာနဲ့လည်းနီးတယ်။ အင်အားကြီးနှစ်နိုင်ငံကြားမှာလည်း ရှိတယ်။ ဒီနိုင်ငံကိုသာ ပြုပြင်ပြောင်းလဲရေးလုပ်ပေးနိုင်ရင် အမေရိကန်ဟာ ဒေသဆိုင်ရာ ပါဝါတစ်ခုရနိုင်မယ်’’ဟု ဦးမြင့်အောင်ကပြောသည်။

‘‘အမေရိကန်နဲ့ ဆက်ဆံရလို့ကတော့ မြန်မာက အမြဲတမ်းအသာပဲ။ နာလိုက်တာ တစ်ခုမှမရှိဘူး။ အရင်က Imigration အကုန်လုံးက မြန်မာဆို ဒီကောင် ဘာလာခိုးလာလဲအမြင်နဲ့ ကြည့်ခံရတယ်။ အခုတော့ ခေါင်းမော့နိုင်တယ်။ ပြည်သူတစ်ဦးချင်းလည်း အကျိုးရှိပါတယ်’’ဟု ဒေါက်တာဖုန်းဝင်းကပြောသည်။

ဖိအားပေးခြင်းထက် တိုက်တွန်းမှုများဖြင့် လက်တွဲခေါ်ယူနေသော အမေရိကန်အစိုးရ၏ လုပ်ရပ်မှာ ရုတ်တရက်ကြည့်လျှင် မြန်မာအစိုးရကို ချော့ပေါင်းလွန်းသည်ဟု သာမန်ပြည်သူများ ထင်မြင်လွယ်မိကြပေမည်။ သို့သော် အမေရိကန် အဓိကအာရုံစိုက်နေသည်က ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီးတရားမျှတဖို့ပင်ဖြစ်သည်။ ကန်အစိုးရ၏ လုပ်ရပ်နှင့် မူဝါဒများမမှားကြောင်း လာမည့်တစ်နှစ်ခွဲအတွင်း ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲဖြင့် သက်သေပြချင်နေသည်။ ယခုနိုဝင်ဘာတွင် လာရောက်တော့မည့် သမ္မတအိုဘားမား၏ ဒုတိယအကြိမ်မြောက် မြန်မာပြည်ခရီးစဉ်တွင်လည်း မြန်မာ့မျက်မှောက်ရေးရာကို တွန်းအားပေးမလား၊ ဖိအားပေးမလားဆိုသည်ကိုတော့ စောင့်ကြည့်ရမည်ဖြစ်သည်။

အစိုးရသစ်လက်ထက် မြန်မာ-အမေရိကန် ဆက်ဆံရေး မှတ်တိုင်အချို့။

- အစိုးရသစ်လက်ထက်တွင် အမေရိကန်မှ မြန်မာသို့ ပို့ကုန်တန်ဖိုး ၁၄၅ သန်းကျော်အထိ ရောက်ရှိပြီး သုံးနှစ်အတွင်း ပို့ကုန်တန်ဖိုး သုံးဆကျော်မြင့်တက်။

- ကိုကာကိုလာ၊ ပက်(ပ)စီ၊ GE Electronic၊ Visa Card၊ Chevron၊ APR Energy၊ Caterpillar၊ Ball သံဘူးကုမ္ပဏီစက်ရုံနှင့် Gap အ၀တ်အထည်စက်ရုံတို့ လာရောက်လုပ်ကိုင်လျက်ရှိ။

- ယခုနှစ်သြဂုတ်လကုန်တွင် အမေရိကန်က အကြီးဆုံးရင်းနှီးမြှုပ်နှံမှုအဖြစ် ACO က ဒေါ်လာ သန်း ၄၈၀ တန် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်ဟု ကြေညာခဲ့။

- စီးပွားရေးပိတ်ဆို့မှုအချို့ ဖြေလျှော့ပေးခဲ့သော်လည်း တစ်ဦးချင်းပိတ်ဆို့မှုနှင့် မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်းနှင့် ကျောက်စိမ်းဖြင့် ပြုလုပ်သော ပစ္စည်းများ၊ ပတ္တမြားတင်သွင်းမှုတို့ကို တားမြစ်ထား။


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1441 / 2020
We are All Zakzaky
No to deal of the century