အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန်၏ ဒုက္ခသည် လက်ခံမှု အစီအစဉ်ကို ဆိုင်းငံ့ရန်နှင့် မွတ်ဆလင် အများစု နေထိုင်သည့် နိုင်ငံ ၇ ခုမှ နိုင်ငံသားများ ဝင်ရောက်မှုကို တင်းကျပ်ကန့်သတ်ရန် အထူးအမိန့်များကို အမေရိကန် သမ္မတသစ် ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုးလိုက်သည်။
ရွေးကောက်ပွဲကြို မဲဆွယ်စည်းရုံးမှု ကာလများအတွင်း အမေရိကန်သို့ အစွန်းရောက် အကြမ်းဖက်ဝါဒက စိမ့်ဝင်မှုကို တားဆီးရေးအတွက် မွတ်ဆလင်များကို အမေရိကန်သို့ ပြည်ဝင်ခွင့် ပိတ်ပစ်မည်ဟု ကြွေးကြော်ခဲ့ဖူးသည့် ကတိအတိုင်း ထရမ့်က ပထမအဆင့် စတင် အကောင်အထည် ဖော်လာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကတိသည် ထရမ့်၏ အငြင်းပွားစရာ မူဝါဒတစ်ရပ် ဖြစ်ခဲ့ပြီး လူ့အခွင့်အရေးအပေါ် အကြီးအကျယ် ခြိမ်းခြောက် ထိပါးမှုအဖြစ် ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။ ယခု အမိန့်များကို ပင်တဂွန် စစ်ဌာနချုပ်အတွင်း လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီးနောက် ထရမ့်က “ဒီကိစ္စက သက်ရောက်မှုတော့ ကြီးပါတယ်။ ပြီးတော့ နိုင်ငံရပ်ခြားက အကြမ်းဖက်သမားတွေ အမေရိကန် ပိုင်နက်ထဲ ဝင်ရောက်မှုကို တားဆီးနိုင်ပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။
အိမ်ဖြူတော် အနေဖြင့် အဆိုပါ ကိစ္စကို တရားဝင် သီးခြားကြေညာချက် မထုတ်ပြန်သေးချေ။ ထရမ့်သည် မွတ်ဆလင်နိုင်ငံ ၇ ခုနှင့် ပတ်သက်၍ လူဝင်မှု စံနှုန်းများကို တင်းကျပ်မည်ဖြစ်ကြောင်း သတင်းများမှာ ယခုသီတင်းပတ် အစောပိုင်းကတည်းက ပျံ့နှံ့နေခဲ့ပြီး ဖြစ်သည်။
ထရမ့်သည် နိုင်ငံခြား တိုင်းပြည်များမှ ဒုက္ခသည်အဖြစ် လျှောက်ထား၍ အမေရိကန်သို့ ဝင်ရောက်လာမှုများကို လေးလမျှ ဆိုင်းငံ့ထားမည်ဟုလည်း သတင်းများက ဖော်ပြခဲ့သည်။ ထို့အပြင် အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယားနှင့် ယီမင်တို့မှ ရွှေ့ပြောင်းအခြေချသူဖြစ်စေ၊ ဧည့်သည်အနေဖြင့် ဝင်ရောက်လာသူဖြစ်စေ အနည်းဆုံး တစ်လအတွင်း ဗီဇာထုတ်ပေးဦးမည် မဟုတ်ဟု ဆိုသည်။
ထရမ့်၏ အစီအစဉ်ကို လူ့အခွင့်အရေး အဖွဲ့များက ဝေဖန်ခဲ့သလို အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေး ကျွမ်းကျင်သူ အများအပြားကပါ မှန်ကန်သည့် နည်းလမ်း မဟုတ်ဟု ရှုတ်ချခဲ့ကြသည်။ ထရမ့်၏ အထူးအမိန့်အရ အမေရိကန်သည် ယခုဘဏ္ဍာရေးနှစ်မှစ၍ နှစ်စဉ် ပုံမှန်လက်ခံသည့် ဒုက္ခသည် အရေအတွက်ကို ၁၁၀၀၀၀ ဝန်းကျင်မှ ၅၀၀၀၀ ဝန်းကျင်သို့ လျှော့ချသွားရန် လုပ်ဆောင်သွားဖွယ် ရှိနေကြောင်းလည်း သိရသည်။
===================
251 / End
ဒုက္ခသည် လက်ခံမှုကို ဆိုင်းငံ့ပြီး မွတ်ဆလင် နိုင်ငံ ၇ ခုကို လူဝင်မှု တင်းကျပ်သည့် အမိန့်ကို ထရမ့် လက်မှတ်ရေးထိုး
ဇန်နဝါရီ ၂၈, ၂၀၁၇ - ၇:၁၂ ညနေ- News Code : 807812
- Source : 7days
အမေရိကန်၏ ဒုက္ခသည် လက်ခံမှု အစီအစဉ်ကို ဆိုင်းငံ့ရန်နှင့် မွတ်ဆလင် အများစု နေထိုင်သည့် နိုင်ငံ ၇ ခုမှ နိုင်ငံသားများ ဝင်ရောက်မှုကို တင်းကျပ်ကန့်သတ်ရန် အထူးအမိန့်များကို အမေရိကန် သမ္မတသစ် ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုးလိုက်သည်။
