$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ရွေးကောက်ပွဲ မသမာမှု မဖြစ်အောင် ဥပဒေအရ ဘယ်လို တားဆီးမလဲ

  • News Code : 718081
  • Source : eleven media
ဒီအချိန်မှာ နိုင်ငံရေး ပါတီတွေ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ မီဒီယာတွေ၊ မဲရုံကိုယ်စားလှယ်တွေ၊ လေ့လာစောင့်ကြည့်သူတွေ အပြင် ပြည်သူ တစ်ဦးချင်းစီရဲ့ ပါဝင်မှုက အရေးကြီး လာပါတယ်။ရွေးကောက်ပွဲ မသမာမှု လုပ်နိုင်တာကို သူတို့ကပဲ တားဆီးနိုင်ပါမယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ရွေးကောက်ပွဲအတွက် အချိန် ၅ ရက်ပဲ ကျန်ပါတော့တယ်။

ဒီအချိန်မှာ နိုင်ငံရေး ပါတီတွေ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ မီဒီယာတွေ၊ မဲရုံကိုယ်စားလှယ်တွေ၊ လေ့လာစောင့်ကြည့်သူတွေ အပြင် ပြည်သူ တစ်ဦးချင်းစီရဲ့ ပါဝင်မှုက အရေးကြီး လာပါတယ်။
ရွေးကောက်ပွဲ မသမာမှု လုပ်နိုင်တာကို သူတို့ကပဲ တားဆီးနိုင်ပါမယ်။

ရွေးကောက်ပွဲ အခင်းအကျင်းကို  လေ့လာတဲ့ အခါ ရွေးကောက်ပွဲ မသမာမှု လုပ်ခဲ့မယ် ဆိုရင် အသုံးပြုနိုင်ခြေ ရှိတဲ့ နည်းလမ်း ခုနစ်မျိုးထက် မနည်း တွေ့ရပါတယ်။ ဒီနည်းလမ်းတွေ သုံးလို့မရအောင် ဥပဒေနဲ့ပဲ တားဆီးနိုင်ပါတယ်။
 

နိုဝင်ဘာ ၁ ရက်နေ့က မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ ထုတ်ပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)


■ (၁) မဲစာရင်းကို အသုံးပြုခြင်း  

ရွေးကောက်ပွဲ မသမာမှု လုပ်သူတွေ အသုံးပြုတဲ့ နည်းလမ်း တစ်ခုက မဲစာရင်း ဖြစ်ပါတယ်။ အခုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မှန်ကန် ပြည့်စုံတဲ့ မဲစာရင်း ဖြစ်ဖို့ တာဝန် မယူခဲ့ပါဘူး။

နိုဝင်ဘာ ၁ ရက်မှာ မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေ ထုတ်ပေးနေပါပြီ။ မဲဆန္ဒရှင် သက်သေခံ လက်မှတ် သွားထုတ်ထားဖို့ လိုသလို နောက်ဆုံး မဲစာရင်းမှာ ကိုယ် ပါ၊ မပါ ဆိုတာ ပြန်စစ်ဖို့ လိုပါတယ်။

ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) အရ နောက်ဆက်တွဲ မဲစာရင်း ရှိနိုင်တာကြောင့် အရင် မဲစာရင်းမှာ နာမည် မပါခဲ့သူတွေ နောက်ဆက်တွဲ စာရင်းမှာ ပါ၊ မပါ သွားကြည့်လို့ ရပါတယ်။ နောက်ဆက်တွဲ မဲစာရင်းမှာ မပါဘူးခဲ့ဘူး ဆိုရင် သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲကို ကန့်ကွက်ပြီး ကိုယ်နဲ့ သက်ဆိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း၊ မဲရုံကိုယ်စားလှယ်လောင်းတွေကို အသိပေးဖို့ လိုပါမယ်။ ဒီလို လုပ်ခြင်းအားဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှု မဖြစ်အောင် ကြိုးစားလို့ ရပါတယ်။

နောက်ထပ် သတိထားရမှာက ကိုယ့်အမည် မဲစာရင်း ပါပေမယ့် ကိုယ့်ရဲ့ မဲစာရင်းမှာ မပါသင့်သူတွေ ပါနေမယ် ဆိုရင် ကန့်ကွက်လို့ရတဲ့ အချက် ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (က) မှာ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု တစ်ခု၏ မဲစာရင်းတွင် ဆန္ဒမဲ ပေးပိုင်ခွင့် မရှိသူ တစ်ဦး၏ အမည် ပါဝင်နေကြောင်း ယင်းမဲစာရင်း၌ ပါဝင်နေသူ တစ်ဦးက ကန့်ကွက်လိုလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲသို့ သတ်မှတ်ထားသည့်အတိုင်း ကန့်ကွက်လွှာ တင်သွင်းနိုင်သည်” လို့ ဖော်ပြထားပါတယ်။

ဒါဟာ မဲစာရင်းမှာ လူပို ပါနေတာကို ဖယ်ရှားနိုင်တဲ့ အချက် ဖြစ်ပါတယ်။ ဒီလို ဖယ်ရှားနိုင်တာကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ မဲရုံ ကိုယ်စားလှယ်တွေတင် မကဘဲ မဲဆန္ဒရှင် ပြည်သူတွေပါ လုပ်နိုင်ပါတယ်။

မဲစာရင်းမှာ ပါဝင်ခွင့် မရှိဘဲ ပါဝင်နေသူတွေကို ဖယ်ရှားဖို့ ကန့်ကွက်လာပြီ ဆိုရင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ခ)အရ ကော်မရှင်နဲ့ ကော်မရှင် အဖွဲ့ခွဲတွေက ပယ်ဖျက်လို့ ရပါတယ်။

ဒါကြောင့် ဥပဒေအရ ကန့်ကွက်ဖို့ပဲ လိုပါတယ်။
 

■ (၂) လုပ်ငန်းစဉ် ရှုပ်ထွေးခြင်းနှင့် ကြိုတင်မဲ

မဲစာရင်း ပြုစုမှု၊ မဲပေးမှုမှာ လုပ်ငန်းစဉ် ရှုပ်ထွေးမှု ဖြစ်နေတာကလည်း မဲမသမာ လုပ်ချိန်မှာ သုံးလေ့ရှိတဲ့ နည်းလမ်း တစ်ခုပါ။ အခု ရွေးကောက်ပွဲမှာလည်း လုပ်ငန်းစဉ် ရှုပ်ထွေးမှုများစွာ တွေ့ရပါတယ်။

မဲစာရင်း ပြုစုတာနဲ့ ပတ်သက်ပြီး လုပ်ငန်းစဉ် ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ပြီးပါပြီ။ အခု ကြိုတင်မဲ ပေးနေချိန်မှာလည်း ရှုပ်ထွေးမှု ရှိနေတာ တွေ့ရပါတယ်။

ဥပမာ ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ ကြိုတင်မဲ ထည့်တဲ့အခါ တံဆိပ်တုံး နှိပ်ရမှာ ဖြစ်ပေမယ့် အမှန်ခြစ်နဲ့ ပေးခဲ့တဲ့အတွက် တံဆိပ်တုံးနှိပ်ပြီး ပေးဖို့ ညွှန်ကြားခဲ့ရတာ ရှိပါတယ်။

ကြိုတင်မဲနဲ့ ပတ်သက်ပြီး မဲပေးရမယ့် ပုံစံအမျိုးမျိုး ခွဲထားတာကလည်း ရှုပ်ထွေးမှုတွေ ဖြစ်စေပါတယ်။ တစ်ချိန်တည်းမှာပဲ မဲပေးပိုင်ခွင့် ရှိသူ ၃၂ သန်းကျော် ရှိနေချိန်မှာ ကြိုတင်မဲ စာအိတ်သုံးသန်း ရိုက်နှိပ်ထားတဲ့ အတွက် မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်း နီးပါးကို ကြိုတင်မဲ လုပ်မလားဆိုတဲ့ သံသယ ဖြစ်စေပါတယ်။

ကြိုတင်မဲနဲ့ မသမာမှု မလုပ်နိုင်အောင် ဥပဒေအရ တားဆီးလို့ ရပါတယ်။ အခု စပေးနေပြီဖြစ်တဲ့ ကြိုတင်မဲပေးမှု၊ ဖြန့်ဝေမှု၊ စာရင်း စတဲ့ အရာအားလုံးကို လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ မဲရုံကိုယ်စားလှယ်တွေ တရားဝင် စောင့်ကြည့်လို့ ရပါတယ်။

ကြိုတင်မဲနဲ့ ပတ်သက်ပြီး နှစ်မျိုး ခွဲထားပါတယ်။ ပထမ တစ်မျိုးက ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒနယ် ပြင်ပကို ရောက်နေတဲ့သူတွေ ဖြစ်ပါတယ်။ ဒုတိယ တစ်မျိုးက ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒနယ်အတွင်း ရှိနေပေမယ့် လာပြီး မဲမပေးနိုင်သူတွေ ဖြစ်ပါတယ်။

တာဝန်နဲ့ ခရီးသွားဖို့ရှိတဲ့ ၀န်ထမ်းတွေကို အောက်တိုဘာ ၂၉ ရက်နေ့မှာ စပြီး ကြိုတင်မဲထည့်ခွင့် ပေးထားပေမယ့် မဲရုံမှာ တာဝန်ယူမယ့်သူတွေ၊ ရွေးကောက်ပွဲရက် ခရီးသွားလာသူတွေကို နိုဝင်ဘာ ၆ နဲ့ ၇ ရက်မှာ ကြိုတင်မဲထည့်ဖို့ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၇ ရက်မှာ ညွှန်ကြားထားပါတယ်။

လက်တွေ့မှာတော့ အောက်တိုဘာ ၂၉ ရက်ကစလို့  နားလည်မှုယူပြီး ကြိုတင်မဲ ထည့်နေသူတွေ ရှိပါတယ်။ ဒါဟာ စိုးရိမ်စရာ ဖြစ်ပေမယ့် ဥပဒေအရ စောင့်ကြည့် စိစစ်နိုင်တဲ့ အခြေအနေ ရှိပါတယ်။

ကြိုတင်မဲနဲ့ ပတ်သက်ပြီး သတိထား ကြည့်ရမှာလည်း နှစ်ချက်ပဲ ရှိပါတယ်။

ပထမ တစ်ချက်က ပုံစံ (၁-၁)၊ ပုံစံ (၁-၂) နဲ့ ပုံစံ (၁-၃) တို့နဲ့ ရောက်လာမယ့် ကြိုတင်မဲ ဖြစ်ပါတယ်။ ပုံစံ(၁-၁) က ပုံစံ ၁၅ နဲ့ ကြိုတင်မဲပေးဖို့ တောင်းဆိုထားတဲ့ ကျောင်းသား၊ သင်တန်းသား၊ အချုပ်ခံနေရသူ၊ ဆေးရုံတက်နေရသူတွေ ဖြစ်ပါတယ်။ ပုံစံ(၁-၂)က သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပ ရောက်နေတဲ့ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ တပ်မတော်သားများနဲ့ အတူနေ အိမ်ထောင်စုဝင်တွေ ဖြစ်ပါတယ်။ တပ်ကြိုတင်မဲစာရင်း ဖြစ်ပါတယ်။ ပုံစံ(၁-၃) ကတော့ ပုံစံ ၁၅ နဲ့ ကြိုတင်မဲပေးဖို့ တောင်းဆိုထားတဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ် ပြင်ပရောက် နိုင်ငံပြင်ပမှာ အစိုးရ ခွင့်ပြုချက်နဲ့ ရောက်နေသူတွေရဲ့ ကြိုတင်မဲ ဖြစ်ပါတယ်။

ဒီသုံးမျိုးထဲမှာ ပုံစံ (၁-၁) ကြိုတင်မဲနဲ့ ပုံစံ (၁-၃) ကြိုတင်မဲ ကိစ္စက ရှင်းပါတယ်။ အဲဒီပုံစံ နှစ်မျိုးနဲ့ ထုတ်ယူသွားတဲ့ ကြိုတင်မဲစာရင်း၊ ပြန်ရောက်လာတဲ့ ကြိုတင်မဲတွေကို သိရှိထားပြီး ဖြစ်တဲ့အတွက် အဲဒီကတစ်ဆင့် မဲမသမာမှု လုပ်ဖို့ အခွင့်အရေး နည်းသွားပါပြီ။

ပုံစံ (၁-၃) တပ်ကြိုတင်မဲစာရင်းကို သတိထားရမယ့် အခြေအနေ ရှိပါတယ်။ ဒါပေမဲ့ အခုချိန်မှာ တပ်ကြိုတင်မဲအတွက် ထုတ်ပေးလိုက်တဲ့ စာရင်းတွေ ကော်မရှင် ရုံးခွဲတွေမှာ ရှိနေပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ သိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုတိယ သတိထားရမှာက ပုံစံ ၁၃ ကြိုတင်မဲစာရင်း ဖြစ်ပါတယ်။

ပုံစံ ၁၃ နဲ့ ကြိုတင်မဲပေးမှုဟာ နိုဝင်ဘာ ၇ ရက်အထိပဲ ရပါတယ်။ ရွေးကောက်ပွဲ လုပ်မယ့် နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီ အချိန်ကစပြီး ပုံစံ ၁၃ ကြိုတင်မဲတွေကို လက်ခံလို့ မရတော့ပါဘူး။ နောက်ပြီး ပုံစံ ၁၃ နဲ့ ကြိုတင်မဲထည့်ခဲ့သူ စာရင်းကို သက်ဆိုင်ရာ မဲရုံတွေမှာ ကပ်ထားရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၅၉ ပုဒ်မခွဲ (ခ)၊ ပုဒ်မငယ် (၅)၊ ပုဒ်မခွဲ (ဇ)မှာ ဒီအတိုင်း လုပ်ဖို့ ပြဋ္ဌာန်းထားပါတယ်။

အဲဒီအတိုင်း လုပ်ခဲ့မယ် ဆိုရင် ပုံစံ ၁၃ ကြိုတင်မဲနဲ့ ရွေးကောက်ပွဲ မသမာမှု လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

ပုံစံ (၁-၁)၊ ပုံစံ(၁-၂)၊ ပုံစံ (၁-၃) တွေနဲ့ ပတ်သက်တဲ့ ကြိုတင်မဲစာရင်းကို မြို့နယ် ဒါမှမဟုတ် ရပ်ကွက် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲတွေမှာ ကပ်ထားရပါမယ်။ အဲဒီ ပုံစံ သုံးမျိုးနဲ့ ပေးပို့မယ့် ကြိုတင်မဲကို ညနေ ၄ နာရီ နောက်ဆုံးထား လက်ခံရမှာပါ။ ညနေ ၄ နာရီ ကျော်တာနဲ့ လက်ခံလို့ မရတော့ပါဘူး။ ရွေးကောက်ပွဲ ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၇၁၊ ပုဒ်မ ခွဲ (က) နဲ့ (ဃ) မှာ ဒီအတိုင်း လုပ်ရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် ညနေ ၄ နာရီ နောက်ပိုင်း ရောက်လာတဲ့ ကြိုတင်မဲတွေကို လက်ခံတာနဲ့ ဥပဒေ ချိုးဖောက်တာပါပဲ။

နောက်ပြီး ပုံစံ (၁-၁)၊ ပုံစံ(၁- ၂)၊ ပုံစံ (၁-၃)နဲ့ ကြိုတင်မဲ ပို့မယ့်သူတွေဟာ ကြိုတင်မဲ အားလုံးကို စုစည်းပြီး ပို့လို့ မရပါဘူး။ အရင်ရတဲ့ ကြိုတင်မဲ လက်မှတ်တွေကို အရင်ပို့ရတဲ့ စနစ်ကို ကျင့်သုံးရမယ်။ အားလုံးပေါင်းပြီး စုပြုံပို့လို့ မရပါဘူး။

ဒါကြောင့် ကြိုတင်မဲ ကိစ္စရပ်မှာ စောင့်ကြည့်ပြီး ဥပဒေ ချိုးဖောက်တာနဲ့ ကန့်ကွက်ရမှာ ဖြစ်ပါတယ်။ ဒီလို လုပ်မယ် ဆိုရင်တော့ ကြိုတင်မဲနဲ့ ရွေးကောက်ပွဲ မသမာမှု လုပ်တာကို တားဆီးနိုင်ပါတယ်။
 

■ (၃) ဘာသာရေးကို ခုတုံးလုပ်ခြင်း

ဘာသာရေးကို တိုက်ရိုက်၊ သွယ်ဝိုက်အားဖြင့် ခုတုံးလုပ်ပြီး မဲဆွယ်တာ၊ မဲထည့်ခိုင်းတာကလည်း ရွေးကောက်ပွဲ မသမာမှု လုပ်ရာမှာ အသုံးပြုလာနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါကိုလည်း ဥပဒေအရ တားဆီးလို့ ရပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒီလိုလုပ်တာကို တားဆီးဖို့ဆိုရင် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၇၊ ပုဒ်မ ၅၈(ဂ) အရ တိုင်ကြားနိုင်ပြီး ပြစ်မှုထင်ရှားတယ် ဆိုရင် ထောင်ချလို့ ရပါတယ်။

ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၇ မှာ “မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲ ပေးပိုင်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရလျှင် ထိုသူအား တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်” လို့ ဖွင့်ဆိုထားပါတယ်။

ဥပဒေ ပုဒ်မ ၅၈(ဂ)မှာတော့ “လူမျိုးရေးကို ဖြစ်စေ၊ ဘာသာရေး ဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲပေးရန်သော် လည်းကောင်း၊ ဆန္ဒမဲ မပေးရန်သော် လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက် ထုတ်ပြန်ခြင်း သို့မဟုတ် ယင်းသို့ ပြုလုပ်ရန် အားပေး လှုံ့ဆော်ခြင်း” လုပ်ခဲ့မယ်ဆိုရင် အဲဒီလူကို ထောင်တစ်နှစ် ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ဒဏ်ငွေ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

တကယ်လို့ အဲဒီ နည်းလမ်းကို သုံးပြီး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ် ဆိုရင်လည်း အဲဒီနည်းနဲ့ အနိုင်ရအောင် လုပ်ခဲ့သူကို အရေးယူလို့ ရပါသေးတယ်။ ရွေးကောက်ပွဲ ပြီးရင်လည်း ရရှိတဲ့ အထောက်အထားတွေနဲ့ အရေးယူနိုင်တဲ့ အခြေအနေပါ။ ဒီလို အရေးယူလို့ ရအောင် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၇၁(င) မှာ အတိအကျ ပြဋ္ဌာန်းထားပါတယ်။

ဒီလို ကန့်ကွက် တိုင်ကြားတဲ့ အခါမှာလည်း လွှတ်တော်ကိုယ်စားလှယ်လောင်း သာမကဘဲ မဲဆန္ဒရှင် ပြည်သူ ဘယ်သူမဆို တိုင်ကြားလို့ ရပါတယ်။

ဒါကြောင့် ဘာသာရေးကို ခုတုံးလုပ်ပြီး ရွေးကောက်ပွဲ မသမာမှု လုပ်မယ်ဆိုရင် အထောက်အထား ခိုင်မာစွာနဲ့ ဥပဒေအရ တိုင်ကြားပိုင်ခွင့် ရှိတယ်။ တိုင်ကြားမှုကို ရွေးကောက်ပွဲ မတိုင်ခင်မှာရော ရွေးကောက်ပွဲ အပြီးမှာပါ လုပ်လို့ရတယ်။ ပြစ်မှုထင်ရှားတယ် ဆိုရင် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်ရင်တောင် အဲဒီ ရွေးကောက်တင်မြှောက်ခံရမှု ပျက်ပြယ်ပြီး ထောင်ချနိုင်တဲ့အထိ အရေးယူလို့ ရပါတယ်။
 

■ ၄။ မဲဝယ်ခြင်း

မဲဝယ်ခြင်းကို အသုံးပြုပြီး ရွေးကောက်ပွဲ မသမာမှု လုပ်တဲ့ နည်းလမ်းကို သုံးနိုင်ပါသေးတယ်။ မဲဝယ်ခြင်းဟာ လာဘ်ပေး၊ လာဘ်ယူမှုနဲ့ သက်ဆိုင်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၇ နဲ့ ငြိစွန်းပါတယ်။ ဒါက တိုက်ရိုက်အားဖြင့် မဲဝယ်ခဲ့တယ် ဆိုရင် သုံးလို့ရတဲ့ ဥပဒေ ပြဋ္ဌာန်းချက် ဖြစ်ပါတယ်။

သွယ်ဝိုက်အားဖြင့် မဲဝယ်တာတွေ ရှိခဲ့တယ် ဆိုရင် အထောက်အထားပြပြီး တိုင်လို့ ရပါတယ်။ အခုချိန်မှာ အာဏာရ ပါတီက အစိုးရ အဖွဲ့ဝင် ၀န်ကြီးအချို့၊ အစိုးရ အဖွဲ့ဝင် အချို့ မဲဆွယ်တဲ့အခါ ဒေသဖွံ့ဖြိုးရေးအတွက် အစိုးရဘတ်ဂျက် အသုံးပြုပြီး လုပ်ဆောင်နေတာတွေကို ခုတုံးလုပ် မဲဆွယ်ခဲ့မယ် ဆိုရင် ဒါဟာ သွယ်ဝိုက်အားဖြင့် မဲဝယ်တယ်ဆိုတဲ့ သဘော သက်ရောက်နေပါတယ်။

အကယ်၍ ဒီလိုပုံစံနဲ့ မဲဝယ်ခဲ့တာ ထင်ရှားတယ်ဆိုရင် ရွေးကောက်ပွဲ အပြီးမှာလည်း ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၇၁ အရ တိုင်ကြားလို့ ရပါတယ်။
 

■ ၅။ နယ်မည်ဖျက်ခြင်း

ရွေးကောက်ပွဲမှာ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းကို နာမည်ဖျက်ပြီး ရွေးကောက်ပွဲ မသမာမှု လုပ်နိုင်တဲ့ နည်းလမ်းကိုလည်း လုပ်နိုင်ပါသေးတယ်။

အခုချိန်မှာလည်း ဒီလိုလုပ်တဲ့ လုပ်ဆောင်မှုတွေ ရှိနေပါတယ်။ ဒီအတွက်လည်း ဥပဒေအရ တားဆီးနိုင်ပါတယ်။ ဒီလို လုပ်ဆောင်မှုတွေဟာ ရွေးကောက်ပွဲ တရားမဲ့ ပြုကျင့်မှုကို ကျူးလွန်တာ ဖြစ်ပါတယ်။

ဒီလိုလုပ်ပြီး ရွေးကောက်ပွဲကို အနိုင်ယူခဲ့မယ် ဆိုရင်လည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၆၆ (က)ပါ ဖွင့်ဆိုချက်တွေအရ အရေးယူလို့ ရနိုင်သလို အခြားတည်ဆဲ ဥပဒေတွေနဲ့လည်း အရေးယူလို့ ရပါတယ်။

ဒီအတွက် ခိုင်မာတဲ့ အထောက်အထား ရှာထားမယ် ဆိုရင် ရွေးကောက်ပွဲ ကာလမှာတင် မဟုတ်ဘဲ ရွေးကောက်ပွဲ အပြီးမှာလည်း ဥပဒေအရ အရေးယူလုပ်ဖို့ ဘယ်သူမဆို တိုင်ကြားနိုင်မှာ ဖြစ်ပါတယ်။
 

■ ၆။ ခြိမ်းခြောက်ခြင်း

ရွေးကောက်ပွဲမှာ ခြိမ်းခြောက်ပြီး မသမာမှု လုပ်နိုင်တာလည်း ထည့်စဉ်းစာရမယ့် အချက်တစ်ခု ဖြစ်ပါတယ်။

ဒါကို လုပ်လာခဲ့ပြီ ဆိုရင်လည်း ခိုင်လုံတဲ့ အထောက်အထား ရထားဖို့ပဲ လိုပါတယ်။ ပြီးရင် ဥပဒေအရ အရေးယူနိုင်ဖို့ ဆက်လုပ်နိုင်ပါတယ်။

ရွေးကောက်ပွဲမှာ ခြိမ်းခြောက်ပြီး မဲထည့်စေခြင်းဟာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၇ ကို ချိုးဖောက်တာ ဖြစ်ပြီး ထောင်ဒဏ်တစ်နှစ်အထိ ချလို့ရတဲ့ ပြစ်မှု ဖြစ်ပါတယ်။

ဒီနည်းလမ်းကို သုံးပြီး ရွေးကောက်ပွဲမှာ အနိုင်ယူခဲ့မယ် ဆိုရင်လည်း ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၇၁ ကို အသုံးပြုပြီး အနိုင်ရမှု ပျက်ပြယ်အောင် လုပ်ဆောင်လို့ ရပါတယ်။ ဒါကိုလည်း ဘယ်သူမဆို တိုင်ကြားလို့ ရပါတယ်။
 

■ ၇။ ကန့်ကွက်ခြင်း

ရွေးကောက်ပွဲ အပြီး အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်ကို ရွေးကောက်တင်မြှောက်ခြင်း ပျက်ပြယ်အောင် ကန့်ကွက်မှု လုပ်ပြီး ရွေးကောက်ပွဲ မသမာမှု လုပ်ဖို့ ကြိုးစားတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ဒီနည်းလမ်းကို အာဏာရ ပါတီတွေက အသုံးပြုပြီး ရွေးကောက်ပွဲ မသမာမှု လုပ်နိုင်တယ် ဆိုပေမယ့် အတိုက်အခံ ပါတီတွေ အပြင် မဲဆန္ဒရှင် ပြည်သူတွေလည်း အသုံးချလို့ ရပါတယ်။

ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ပုဒ်မ ၆၈ (က)၊ နည်းဥပဒေ ပုဒ်မ ၈၇ အရ ရွေးကောက်တင်မြှောက် ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးကို ကန့်ကွက်ချင်တယ်၊ သူ့ရဲ့ မဲဆန္ဒနယ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ ယူဆတဲ့အတွက် ကန့်ကွက်ချင်တယ် ဆိုရင် ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ် စာရင်း ကြေညာပြီးလို့ ၄၅ ရက်အတွင်း ကန့်ကွက်လွှာ တင်သွင်းလို့ ရပါတယ်။

ကန့်ကွက်တဲ့ အခါမှာလည်း ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတင် မကဘဲ မဲဆန္ဒရှင် ဘယ်သူမဆို ကန့်ကွက်ပိုင်ခွင့် ရှိပါတယ်။

ဒါကြောင့် ဥပမာ အနေနဲ့ အာဏာရ ပါတီက ကန့်ကွက်ခြင်း နည်းလမ်းကို သုံးပြီး ရွေးကောက်ပွဲ ညစ်ဖို့ ကြိုးစားမယ် ဆိုရင်လည်း ဒါကို ပြည်သူတွေကပါ ဥပဒေအရ တန်ပြန်နည်းလမ်း သုံးပြီး တားဆီးလို့ ရပါတယ်။

ရွေးကောက်ပွဲ ဥပဒေအရ ဥပဒေ ဖောက်ဖျက်တဲ့ ပြစ်မှုတွေဟာ ရဲအရေးပိုင်တဲ့ အမှုတွေ ဖြစ်ပါတယ်။ အကယ်၍ မဲဆန္ဒနယ် တစ်ခုမှာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေနဲ့ စပ်လျဉ်းတဲ့ ကိစ္စ ဖြစ်ခဲ့ပြီ ဆိုရင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးက ဖြစ်စေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ် တစ်ဦးဦးက ဖြစ်စေ၊ ကော်မရှင် အဖွဲ့ခွဲ၊ မဲရုံအဖွဲ့ တစ်ခုခုမှာ ပါဝင်သူ တစ်ဦးဦးက ဖြစ်စေ သက်သေအထောက်အထားပြပြီး တိုင်ကြားပိုင်ခွင့် ရှိပါတယ်။ ဒီတိုင်ကြားမှုဟာ ရွေးကောက်ပွဲ မလုပ်ခင်မှာရော၊ ရွေးကောက်ပွဲ လုပ်နေစဉ်မှာရော၊ ရွေးကောက်ပွဲ လုပ်ပြီးလို့ ၁၅ ရက်အတွင်းမှာရော တိုင်ကြားနိုင်တယ်ဆိုပြီး ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ဒါဟာ ရွေးကောက်ပွဲ အပြီးမှာလည်း ရွေးကောက်ပွဲ မသမာမှု လုပ်သူတွေကို အရေးယူနိုင်တယ်လို့ သတိပေးထားတာ ဖြစ်ပါတယ်။    


ကြိုတင်မဲပေးပိုင်ခွင့် ရှိသူများ ခွဲခြားထားမှု

ရွေးကောက်ပွဲ မသမာမှုကို တားဆီးနိုင်သော ဥပဒေပါ ပြဋ္ဌာန်းချက်များ

■ လူပိုများကို ပယ်ဖျက်နိုင်သည့် ဥပဒေ ပေးထားချက်

ဥပဒေ ပုဒ်မ ၁၈ (က)

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုတစ်ခု၏ မဲစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့် မရှိသူ တစ်ဦး၏ အမည် ပါဝင်နေကြောင်း ယင်းမဲစာရင်း၌ ပါဝင်နေသူ တစ်ဦးက ကန့်ကွက်လိုလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲသို့ သတ်မှတ်ထားသည့်အတိုင်း ကန့်ကွက်လွှာ တင်သွင်းနိုင်သည်။

ဥပဒေ ပုဒ်မ ၁၈ (ခ)

သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက ယင်းအမည်ကို မဲစာရင်းမှ ပယ်ဖျက်ပေးခဲ့ခြင်း မရှိခဲ့လျှင် သတ်မှတ်ထားသည့်အတိုင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲသို့ အယူခံခွင့် ရှိသည်။ ယင်း ကော်မရှင် အဖွဲ့ခွဲ၏ ဆုံးဖြတ်ချက်သည် ပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်မှ တစ်ပါး အပြီးအပြတ် ဖြစ်စေသည်။

(ပုဒ်မ ၅၃ ပြဋ္ဌာန်းချက်မှာ - ရွေးကောက်ပွဲ ကိစ္စအတွက် ကော်မရှင် အဖွဲ့ခွဲ အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ကော်မရှင်သည် မိမိ၏ ဆန္ဒအလျောက် သက်ဆိုင်ရာ အမှုတွဲ၊ စာရွက်စာတမ်းများကို တောင်းယူ ကြည့်ရှု၍ လိုအပ်သလို အဆုံးအဖြတ် ချမှတ်နိုင်သည်။ ယင်းဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်)
 

■ လူပိုများကို ပယ်ဖျက်ခြင်းအတွက် ကော်မရှင် အဖွဲ့ခွဲများ၏ လုပ်ပိုင်ခွင့် နည်းဥပဒေ ပေးထားချက်

ဥပဒေ ပုဒ်မ ၁၉ (ခ)  

ကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲ အသီးသီးတို့သည် မဲစာရင်း ပြုစုရာတွင် မဲစာရင်းတွင် ပါဝင်ခွင့် မရှိဘဲ ပါဝင်ကြောင်း တွေ့ရှိလျှင် ထိုအမည်များကို မဲစာရင်းမှ ပယ်ဖျက်ရမည်။

နည်းဥပဒေ ၁၃

(က) နည်းဥပဒေ ၈ အရ ထုတ်ပြန် ကြေညာပြီးသော မဲစာရင်းများနှင့် စပ်လျဉ်း၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲသည် မှန်ကန် စုံလင်သော မဲစာရင်းများ ဖြစ်စေရန် လိုအပ်သော အချက်အလက်များကို ဖြည့်စွက်ခြင်း၊ ကွယ်လွန်သူများ၏ အမည်များနှင့် ရွေးကောက်ပွဲ ဥပဒေအရ ဆန္ဒမဲ ပေးပိုင်ခွင့် မရှိသူများ၏ အမည်များကို ထုတ်ပယ်ခြင်း၊ သတ်ပုံသတ်ညွှန်း အမှားများနှင့် အရေးအကူး ချွတ်ယွင်းသော အမှားများကို ပြင်ဆင်ခြင်းများ ပြုနိုင်သည်။ ယင်းသို့ ပြင်ဆင်ထားသည့် မဲစာရင်းများကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲသို့ တင်ပြရမည်။

(ခ) မြို့နယ်ကော်မရှင် အဖွဲ့ခွဲသည် နည်းဥပဒေခွဲ (က)အရ တင်ပြချက်များအပြင် မဲစာရင်းများ၌ မိမိ တွေ့ရှိသည့် အရေးအကူး ချွတ်ယွင်းသော အမှားများနှင့် မတော်တဆ အမှားများကို ပြင်ဆင်နိုင်သည်။ ယင်းသို့ ပြင်ဆင်ထားသည့် မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲသို့ လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ရန် ပေးပို့ရမည်။

နည်းဥပဒေ ၁၄ (ခ)

တစ်ဦး တစ်ယောက်၏ အမည်သည် မဲစာရင်းတွင် ပါဝင်ခွင့် မရှိဘဲ ပါဝင်နေကြောင်း တွေ့ရှိလျှင် ထိုအမည်များအား မဲစာရင်းမှ ပယ်ဖျက်ခြင်းကို ကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တို့က ဆောင်ရွက်နိုင်သည်။

(ထိုအချက်ကို ပြောဆိုရာ၌ နည်းဥပဒေ ၁၁ (ဃ)တွင် မည်သို့ ဆိုထားစေကာမူဟု ဖွင့်ဆိုထားပြီး နည်းဥပဒေ ပုဒ်မ ၁၁ (ဃ) ဖွင့်ဆိုချက်တွင် “သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲသည် နည်းဥပဒေခွဲ (က) တွင် သတ်မှတ်ထားသည့် ကာလ အပိုင်းအခြားထက် ကျော်လွန်သော တောင်းဆိုလွှာ သို့မဟုတ် ပြင်ဆင်လွှာ သို့မဟုတ် ကန့်ကွက်လွှာကို လက်ခံခြင်း မပြုရ” ဟု ဆိုထားသည်။ နည်းဥပဒေ ၁၄ (ခ) ဖွင့်ဆိုချက် အရ မဲစာရင်းတွင် ပါဝင်ခွင့် မရှိသူများ ပါဝင်နေသည် ဆိုပါက ကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲများက ကန့်သတ်ချက်မရှိ ပယ်ဖျက်ခြင်းကို လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်)
 

■ ကြိုတင်မဲနှင့် ပတ်သက်ပြီး နည်းဥပဒေ ပေးထားချက်

နည်းဥပဒေ ပုဒ်မ ၅၁ (ဃ)

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲသည် ကော်မရှင် သတ်မှတ်ပေးသော နေ့ရက်နှင့် အချိန်အတွင်း၌သာ ကြိုတင် ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်ပေးရမည်။ ဆန္ဒပြုပြီးသော ကြိုတင် ဆန္ဒမဲ လက်မှတ်ပါ စာအိတ်များ ထည့်သွင်းရန် မဲပုံးများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မဲရုံကိုယ်စားလှယ် အပါအ၀င် ရောက်ရှိနေသူများအား ပြသပြီး ချိတ်ပိတ်ရမည်။

နည်းဥပဒေ ပုဒ်မ ၅၁ (င)     

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲသည် ကြိုတင်ဆန္ဒမဲ ပေးသူများ၏ အမည်စာရင်းကို ယင်းတို့နှင့် သက်ဆိုင်သော မဲစာရင်းများနှင့် ယှဉ်တွဲပြီး ရေးမှတ်ထားရမည်။ ယင်းတို့က ဆန္ဒပြုပြီးသော ကြိုတင် ဆန္ဒမဲ လက်မှတ်များ ပါရှိသည့် စာအိတ်များကို မဲရုံအလိုက် ချိပ်ပိတ်ထားသည့် သက်ဆိုင်ရာ မဲပုံးများ အတွင်းသို့ ထည့်သွင်း၍ လုံခြုံစွာ သိမ်းဆည်းထားရမည်။

နည်းဥပဒေ ပုဒ်မ ၅၁ (ဆ)

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံ မဖွင့်မီ ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲ လက်မှတ်များ ပါရှိသည့် ချိတ်ပိတ်ထားသော မဲပုံးအသီးသီးကို သက်ဆိုင်ရာ မဲရုံများသို့ သယ်ဆောင်သွားပြီး မဲရုံမှူးထံ အပ်နှံရမည်။ ဤသို့ အပ်နှံရာတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး လက်မှတ် ရေးထိုးထားသည့် ပုံစံ (၁၃) လေးစောင်နှင့်အတူ ဆန္ဒမဲ လက်မှတ် ဖြတ်ပိုင်းများလည်း တစ်ပါတည်း ပါရှိစေရမည်။ ယင်းပုံစံ (၁၃) များတွင် မဲရုံမှူးက လက်မှတ်ရေးထိုး၍ တစ်စောင်ကို သိမ်းဆည်းထားပြီး တစ်စောင်ကို မိမိ၏ မဲရုံတွင် ကပ်ထားရမည်။

ကျန်နှစ်စောင်ကို ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲသို့ ပြန်လည် ပေးအပ်ရမည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲသည် တစ်စောင်ကို သိမ်းဆည်းထားပြီး တစ်စောင်ကို မိမိတို့၏ ရုံးတွင် ကပ်ထားရမည်။

နည်းဥပဒေ ပုဒ်မ ၅၂      

သက်ဆိုင်ရာ မဲရုံမှူးသည် ပုံစံ (၁၃) ပါ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးပြီး သူများ၏ အမည်များကို သက်ဆိုင်ရာ မဲစာရင်းတွင် ကြိုတင်ဆန္ဒမဲ ပေးပြီးကြောင်း မှတ်သားထားရမည်။

နည်းဥပဒေ ပုဒ်မ ၇၁ (က)      

မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်သည် ကြိုတင် ဆန္ဒမဲ လက်မှတ်များနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲ ကျင်းပသည့်နေ့ မဲရုံပိတ်ချိန် ညနေ ၄ နာရီအထိသာ လက်ခံရမည်။

နည်းဥပဒေ ပုဒ်မ ၇၁ (ဃ)      

မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်သည် ကြိုတင်ဆန္ဒမဲ လက်မှတ်များနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲ ကျင်းပသည့်နေ့ မဲရုံပိတ်ချိန် ညနေ ၄ နာရီအထိသာ လက်ခံရမည်။  
 

■ သူတစ်ပါး အယောင်ဆောင် ဆန္ဒမဲ ထုတ်ယူခြင်းကို ကန့်ကွက်နိုင်ခြင်း နည်းဥပဒေ ပေးထားချက်

နည်းဥပဒေ ပုဒ်မ ၅၃ (က)  

ဆန္ဒမဲ လက်မှတ်ကို တောင်းဆိုသူသည် သူတစ်ပါး အယောင်ဆောင်သော ပြစ်မှုကို ကျူးလွန်သူဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းက ဖြစ်စေ၊ ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်က ဖြစ်စေ၊ မဲရုံမှူးက သင့်လျော်သည်ဟု ထင်မြင်သူက ဖြစ်စေ ကန့်ကွက်လာလျှင် မဲရုံမှူးသည် ကန့်ကွက် မဲစာရင်းပုံစံ (၁၄) တွင် လိုအပ်သည်များ ဖြည့်စွက်၍ ထိုဆန္ဒမဲ လက်မှတ် တောင်းဆိုသူကို လက်မှတ်ရေးထိုး စေရမည်။ ကန့်ကွက်သူများကိုလည်း လက်မှတ်ရေးထိုးစေရမည်။ စာမရေးတတ်လျှင် လက်ဝဲလက်မ လက်ဗွေနှိပ်စေရမည်။ ဆန္ဒမဲလက်မှတ် တောင်းဆိုသူက ပုံစံ (၁၄) တွင် ဖြည့်စွက်ခြင်း၊ လက်မှတ်ရေးထိုးခြင်း မပြုလျှင် ထိုသူအား ဆန္ဒမဲပေးခွင့် မပြုရ။
 

■ မဲစာရင်းအား လွတ်လပ်စွာ တောင်းယူနိုင်ခွင့် အတွက် နည်းဥပဒေ ပေးထားချက်

နည်းဥပဒေ ပုဒ်မ ၁၅ (ခ)  

မြို့နယ်ကော်မရှင် အဖွဲ့သည် မဲစာရင်း မိတ္တူကို ကူးယူခွင့်ပြုရန် လျှောက်ထားလာပါက

(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးက လျှောက်ထားခြင်းဖြစ်လျှင် မဲစာရင်း မိတ္တူကို အခမဲ့ ကူးယူခွင့် ပြုနိုင်သည်။
(၂) အခြားသူ တစ်ဦးဦးက ခိုင်လုံသော အကြောင်းပြချက်ဖြင့် လျှောက်ထားခြင်းဖြစ်လျှင် တစ်မျက်နှလျှင် ငွေ ၂၅ ကျပ်နှုန်း ပေးသွင်းစေ၍ ကူးယူခွင့် ပြုနိုင်သည်။
 

■ မဲရုံပိတ်ချိန် ကျော်လွန်ပါက မဲပေးနိုင်မည့် ဥပဒေ ပေးထားချက်

ဥပဒေ ပုဒ်မ ၄၂

(က) ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံများကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားရမည်။ သို့ရာတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အားလုံး ဆန္ဒမဲ ပေးပြီးပါက မဲရုံများကို ညနေ ၄ နာရီထက် စော၍ ပိတ်နိုင်သည်။
(ခ) မဲရုံကို ညနေ ၄ နာရီတိတိ အချိန်တွင် ပိတ်သည့်အခါ မဲရုံ မပိတ်မီ ထိုမဲရုံ ပရ၀ဏ် အတွင်း၌ ဆန္ဒမဲ ပေးရန် ရောက်ရှိနေသူများ အနက် ဆန္ဒမဲ မပေးရသေးသူများ ရှိပါက ယင်းတို့ကို စာရင်းကောက်ယူ၍ ထိုစာရင်းတွင် ပါသူများကိုသာလျှင် ဆန္ဒမဲပေးချိန် ကျော်လွန်ပြီး ဖြစ်စေကာမူ ဆန္ဒမဲပေးခွင့် ပြုသည်။
 

■ ဆန္ဒမဲ ရေတွက်ခြင်းအတွက် ဥပဒေ ပေးထားချက်

ဥပဒေ ပုဒ်မ ၄၈ (က)

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲသည် မိမိနှင့် သက်ဆိုင်သော မဲရုံ အသီးသီးအတွက် ပုဒ်မ ၄၅၊ ပုဒ်မခွဲ(ခ)၊ (ဂ)နှင့် ပုဒ်မ ၄၆ တို့အရ ဆန္ဒပြုထားသော ကြိုတင်ဆန္ဒမဲ လက်မှတ်များနှင့် ဆန္ဒပြုခဲ့သော မဲဆန္ဒရှင် အမည်စာရင်းတို့ကို ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံမဖွင့်မီ သက်ဆိုင်ရာ မဲရုံမှူး၏ လက်ဝယ်သို့ အရောက် ပေးပို့ရမည်။

ဥပဒေ ပုဒ်မ ၄၈ (ခ)

သက်ဆိုင်ရာ မဲရုံအလိုက် ဆန္ဒမဲပေးခြင်းပြီး ပြတ်လျှင်ပြီးပြတ်ချင်း မဲရုံမှူးကိုယ်တိုင် ဖြစ်စေ၊ ယင်းက တာဝန်ပေးအပ်ထားသော မဲရုံ အဖွဲ့ဝင်က ဖြစ်စေ မဲရုံတွင်ပင် မဲရုံ အဖွဲ့ဝင်များ၊ မဲရုံ ကိုယ်စားလှယ်များနှင့် အများပြည်သူတို့၏ ရှေ့မှောက်၌ ဆန္ဒမဲ လက်မှတ်များကို ရေတွက်ရမည်။ ဆန္ဒမဲများ ရေတွက်ရာတွင် ခိုင်လုံသော ဆန္ဒမဲနှင့် မခိုင်လုံသော ဆန္ဒမဲများကို နည်းဥပဒေများနှင့်အညီ ခွဲခြား၍ ရေတွက်ရမည်။ မဲရုံမှူးသည် ရေတွက်ရရှိသော ဆန္ဒမဲ အရေအတွက်ကို သတ်မှတ်ထားသည့် အတိုင်း ဆန္ဒမဲ စာရင်းဇယားများ ပြုစုပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲသို့ ပေးပို့ရမည်။ မိတ္တူ တစ်စောင်ကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲသို့ ပေးပို့ရမည်။

ဥပဒေ ပုဒ်မ ၄၈ (ဂ)

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲသည် မိမိနယ်မြေ အတွင်းရှိ မဲရုံမှူးများက ပြုစုထားသော ဆန္ဒမဲ စာရင်းဇယားများကို သတ်မှတ်ထားသည့်အတိုင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲသို့ အချိန်မီ ရောက်ရှိစေရန် အမြန်ဆုံး ပေးပို့ရေးအတွက် လိုအပ်သလို ကြီးကြပ်ဆောင်ရွက်ရမည်။

ဥပဒေ ပုဒ်မ ၄၈ (ဃ)

မြို့နယ် ကော်မရှင် အဖွဲ့ခွဲများသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့ ညနေ ၄ နာရီ မတိုင်မီ မိမိလက်ဝယ်သို့ ရောက်ရှိနေသော ပုဒ်မ ၄၅၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မ ၄၇ တို့အရ ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ သို့မဟုတ် ယင်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များနှင့် အများပြည်သူတို့၏ ရှေ့မှောက်၌ ရေတွက်ပြီး သက်ဆိုင်ရာ မဲစာရင်းဇယားများကို သတ်မှတ်ထားသည့်အတိုင်း လွှတ်တော်မဲဆန္ဒနယ် တစ်နယ်စီအတွက် ပေါင်းရုံး စုစည်းရမည်။  
 

■ ပယ်မဲ သတ်မှတ်ရန် နည်းဥပဒေ ပေးထားချက်

နည်းဥပဒေ ပုဒ်မ ၆၆ (ဂ)

ဆန္ဒမဲ လက်မှတ်များကို ရေတွက်ရာတွင် ဆန္ဒမဲလက်မှတ် တစ်စောင်ချင်းစီအား မဲရုံ အဖွဲ့ဝင်များ၊ သက်သေများ၊ မဲရုံ ကိုယ်စားလှယ်များကို ပြသ၍ ရေတွက်ရမည်။ အောက်ပါ ဆန္ဒမဲ လက်မှတ်မျိုးကို ပယ်ရမည်။

(၁) ကော်မရှင်က အတည်ပြုထားသော အမှတ်အသား မပါသည့် ဆန္ဒမဲ လက်မှတ်၊
(၂) မဲရုံမှူးလက်မှတ် မပါသည့် ဆန္ဒမဲ လက်မှတ်၊
(၃) လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးထက် ပို၍ ဆန္ဒပြုထားသည့် ဆန္ဒမဲ လက်မှတ်၊
(၄) ဆန္ဒပြုထားခြင်း မရှိသော ဆန္ဒမဲ လက်မှတ်၊
(၅) ဆန္ဒပြုထားခြင်း မသေချာ မထင်ရှားသော ဆန္ဒမဲ လက်မှတ်၊
(၆) ဆန္ဒမဲလက်မှတ် အတုဖြစ်သည်ဟု မဲရုံမှူးက ဆုံးဖြတ်သည့် ဆန္ဒမဲ လက်မှတ်၊
(၇) ဆန္ဒမဲပေးသူကို သိရှိနိုင်အောင် အမှတ်အသား ပြုထားသည့် ဆန္ဒမဲ လက်မှတ်၊
(၈) ဆုတ်ဖြဲထားသည့် ဆန္ဒမဲ လက်မှတ်၊
(၉) ကော်မရှင်က ပယ်မဲအဖြစ် သတ်မှတ်ရန် ထုတ်ပြန်ထားသော ဆန္ဒမဲ လက်မှတ်များ။

နည်းဥပဒေ ပုဒ်မ ၆၆ (ဃ)

ကြိုတင် ဆန္ဒမဲ လက်မှတ်ကို ရေတွက်ရာတွင် ကြိုတင်ဆန္ဒမဲ လက်မှတ် တစ်စောင်ချင်းစီအား မဲရုံ အဖွဲ့ဝင်များ၊ သက်သေများ၊ မဲရုံ ကိုယ်စားလှယ်များကို ပြသ၍ ရေတွက်ရမည်။ အောက်ပါ ကြိုတင် ဆန္ဒမဲ လက်မှတ်များမျိုးကို ပယ်ရမည်။

(၁) ကော်မရှင်က အတည်ပြုထားသော အမှတ်အသား မပါသည့် ကြိုတင်ဆန္ဒမဲ လက်မှတ်၊
(၂) ကော်မရှင် အဖွဲ့ခွဲ၏ တံဆိပ် မပါရှိသော ကြိုတင်ဆန္ဒမဲ လက်မှတ်၊
(၃) တာဝန်ခံ ထုတ်ပေးသူ၏ အမည်နှင့် လက်မှတ် မပါသည့် ကြိုတင်ဆန္ဒမဲ လက်မှတ်
(၄) လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးထက် ပို၍ ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲ လက်မှတ်၊
(၅) ဆန္ဒပြုထားခြင်း မရှိသော ကြိုတင်ဆန္ဒမဲ လက်မှတ်၊
(၆) ဆန္ဒပြုထားခြင်းမှာ မသေချာ မထင်ရှားသော ကြိုတင်ဆန္ဒမဲ လက်မှတ်၊
(၇) ကြိုတင်ဆန္ဒမဲ လက်မှတ် အတု ဖြစ်သည်ဟု ကော်မရှင်၊ ကော်မရှင် အဖွဲ့ခွဲ သို့မဟုတ် မဲရုံမှူးက ဆုံးဖြတ်သည့် ကြိုတင်ဆန္ဒမဲ လက်မှတ်၊
(၈) ဆန္ဒမဲပေးသူကို သိရှိနိုင်အောင် အမှတ်အသား ပြုထားသည့် ကြိုတင်ဆန္ဒမဲ လက်မှတ်၊
(၉) ဆုတ်ဖြဲထားသည့် ကြိုတင်ဆန္ဒမဲ လက်မှတ်၊
(၁၀) ကော်မရှင်က ပယ်မဲအဖြစ် သတ်မှတ်ရန် ထုတ်ပြန်ထားသော ဆန္ဒမဲ လက်မှတ်များ။

နည်းဥပဒေ ပုဒ်မ ၆၆ (စ)

မဲရုံမှူးက ပယ်သည့် ဆန္ဒမဲ လက်မှတ်များနှင့် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို ဆန္ဒမဲ ရေတွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ယင်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မဲရုံ ကိုယ်စားလှယ်များ သို့မဟုတ် အကူ ကိုယ်စားလှယ်များအား ကြည့်ရှုရန် အခွင့်အရေး ပေးရမည်။ ပယ်ရသည့် အကြောင်းကို သတ်မှတ်ထားသည့် ပုံစံ (၁၇) ဖြင့် မှတ်တမ်းတင်၍ မဲရုံမှူးက လက်မှတ်ရေးထိုး ထားရမည်။
 

■ ရွေးကောက်ပွဲအပြီး ကန့်ကွက်ပိုင်ခွင့်အတွက် ဥပဒေ ပေးထားချက်

ဥပဒေ ပုဒ်မ ၆၈ (က)

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက် ခံရသူအား ကန့်ကွက်သော ကန့်ကွက်လွှာကို ယှဉ်ပြိုင် အရွေးခံရသော မည်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းက မဆို မည်သည့် မဲဆန္ဒရှင်က မဆို ပုဒ်မ ၅၃ အရ ကော်မရှင်က ဆုံးဖြတ်ပြီးသည့် ကိစ္စရပ်များမှအပ ယင်းရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆီလျော်သော အကြောင်းပြချက်များကို ဖော်ပြပြီး ကော်မရှင်သို့ သတ်မှတ်ထားသည့်အတိုင်း တင်သွင်း လျှောက်ထားနိုင်သည်။

နည်းဥပဒေ ပုဒ်မ ၈၇

ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၈ (က) ပါ ပုဂ္ဂိုလ် တစ်ဦးဦးက ရွေးကောက် တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို ကန့်ကွက်လိုလျှင် ဖြစ်စေ၊ ယင်း မဲဆန္ဒနယ်အတွက် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း အကြောင်းပြ၍ ကန့်ကွက်လိုလျှင် ဖြစ်စေ ထိုမဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက် ခံရသူ လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို နည်းဥပဒေ ၇၂ (က) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲက ကြေညာသည့်နေ့မှ စ၍ ၄၅ ရက်အတွင်း ကော်မရှင်သို့ ကိုယ်တိုင်သော် လည်းကောင်း၊ စာဖြင့် အခွင့်အာဏာ လွှဲအပ်ထားသော ကိုယ်စားလှယ်သော် လည်းကောင်း ကန့်ကွက်လွှာ တင်သွင်းနိုင်သည်။
 

■ ရွေးကောက်တင်မြှောက်ခြင်း ပျက်ပြယ်နိုင်သည်ဟု ဆုံးဖြတ်နိုင်သော ဥပဒေ ပေးထားချက်  

ဥပဒေ ပုဒ်မ ၇၁  

ရွေးကောက် တင်မြှောက်ခံရသူ တစ်ဦးသည် အောက်ပါအချက် တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း တွေ့ရှိလျှင် ယင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲ ခုံအဖွဲ့က ဆုံးဖြတ်နိုင်သည်။

(က) ရွေးကောက်တင်မြှောက် ခံရသော လွှတ်တော်ကိုယ်စားလှယ်သည် တရားမဲ့ ပြုကျင့်မှုများဖြင့် မဲအများဆုံးကို ရယူခဲ့သည်ဟု လည်းကောင်း၊ ထိုနည်းဖြင့်ပင် သွေးဆောင်၍ ရယူခဲ့သည်ဟု လည်းကောင်း၊ ရွေးကောက်ပွဲ အနိုင်အရှုံးသည် တရားမဲ့ ပြုကျင့်မှုများကြောင့်သာ ဖြစ်ရသည်ဟု လည်းကောင်း ပေါ်လွင် ထင်ရှားခြင်း၊
(ခ) ရွေးကောက်တင်မြှောက်ခံရေသော လွှတ်တော်ကိုယ်စားလှယ်၏ အကျိုးငှာ တရားမဲ့ ပြုကျင့်မှု တစ်ခုခုကို ပြုကြောင်းပေါ်လွင် ထင်ရှားခြင်း၊
(ဂ) လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ကြောင်း ပေါ်လွင်ထင်ရှားခြင်း၊
(ဃ) လာဘ်ပေးလာဘ်ယူမှု ပြုခြင်း၊ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများကို နှောင့်ယှက်ခြင်းတို့ကြောင့် လွတ်လပ်စွာ မဲပေးနိုင်ခွင့် ရှိသော ရွေးကောက်ပွဲ မဟုတ်ကြောင်း ပေါ်လွင်ထင်ရှားခြင်း၊ ယင်းသို့ ပြုလုပ်မှုများကြောင့် ရွေးကောက် တင်မြှောက်ခံရကြောင်း ပေါ်လွင် ထင်ရှားခြင်း၊
(င) ပုဒ်မ ၁၀၊ ပုဒ်မခွဲ(စ)၊ (ဆ)၊ (ဇ)၊ (ဈ) သို့မဟုတ် (ဌ) ပါ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်၏ အဖွဲ့အစည်းဝင် ဖြစ်ကြောင်း ပေါ်လွင် ထင်ရှားခြင်း။

(ဥပဒေပုဒ်မ ၇၁ ပုဒ်မခွဲ (င) ပါ ပြဋ္ဌာန်းချက်အရ ပုဒ်မ ၁၀၊ ပုဒ်မ ခွဲ (စ)တွင် ဖွင့်ဆိုထားသူမှာ “နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက် ရိုသေသူ၊ နိုင်ငံခြား အစိုးရ၏ သြဇာခံယူသူ၊ နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူ” ကို ဆိုလိုပါသည်။

ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဆ) တွင် ဖွင့်ဆိုထားသူမှာ “နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း၊ ခံစားရသော အခွင့်အရေးများ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူ” ဖြစ်သည်။     

ပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဇ)တွင် ဖွင့်ဆိုထားသူမှာ “နိုင်ငံခြား တိုင်းပြည် တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် အခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးထံမှ ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ အထောက်အပံ့ရယူ သုံးစွဲသူ သို့မဟုတ် ယင်းသို့ အထောက်အပံ့ရယူ သုံးစွဲသည့် အဖွဲ့အစည်းဝင် ဖြစ်သူ” ကို ဆိုလိုသည်။

ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဈ) တွင် “နိုင်ငံရေး ကိစ္စအတွက် ဘာသာရေးကို အကြောင်းပြု၍ ဆန္ဒမဲပေးရန်သော် လည်းကောင်း၊ ဆန္ဒမဲ မပေးရန်သော် လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက် ထုတ်ပြန်ခြင်းနှင့် ယင်းသို့ ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်းပြုသူ သို့မဟုတ် ယင်းသို့ ပြုလုပ်သည့် အဖွဲ့အစည်းဝင် ဖြစ်သူ” ကို ဆိုလိုပါသည်။

ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဌ) တွင် ဖွင့်ဆိုထားသည်မှာ “နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ ရယူ သုံးစွဲသည့် အဖွဲ့အစည်းဝင် ဖြစ်သူ” ကို ဆိုလိုခြင်း ဖြစ်သည်။

ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဌ) ကို ဖွင့်ဆိုရာ၌ ခြွင်းချက် ထည့်သွင်းထားပြီး “နိုင်ငံတော်ငွေကြေးဟူသော စကားရပ်တွင် အငြိမ်းစား လစာ၊ စရိတ်၊ ငွေကြေးသော် လည်းကောင်း၊ နိုင်ငံတော် အကျိုးအတွက် ဆောင်ရွက်သဖြင့် နိုင်ငံတော်က တရားဝင် ထောက်ပံ့ ချီးမြှင့်ထားသော လစာ၊ စရိတ်၊ ငွေကြေးသော် လည်းကောင်း မပါဝင်” ဟု ပြောဆိုထားပြီး “နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းဟူသော စကားရပ်တွင် ဥပဒေ တစ်ရပ်ရပ် အရသော် လည်းကောင်း၊ တာဝန်အရသော် လည်းကောင်း နိုင်ငံတော်က သုံးစွဲခွင့် ပြုထားသော သို့မဟုတ် နိုင်ငံတော်ထံမှ အခကြေးငွေဖြင့် ငှားရမ်းသုံးစွဲသော နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံနှင့် အခန်းများ၊ အခြားအဆောက်အအုံနှင့် အခန်းများ၊ နိုင်ငံတော်ပိုင် လေယာဉ်၊ ရထား၊ သင်္ဘော၊ မော်တော်ယာဉ်၊ ပစ္စည်း စသည်တို့ မပါဝင်” ဟု ဆိုထားသည်)    

ကိုးကား
(က) ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ
(ခ) ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ
Writer:
နေထွန်းနိုင်

==========================

251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*