အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : eleven news
အင်္ဂါနေ့

၂၁ ဧပြီ ၂၀၂၀

၁၉:၁၁:၄၅
1028381

ရှမ်းပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးလေးဦးနှင့် လွှတ်တော်ဥက္ကဋ္ဌတို့ Facility Quarantine ဝင်နေ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးလေးဦးနှင့် လွှတ်တော်ဥက္ကဋ္ဌတို့ Facility Quarantine ဝင်နေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။



ရှမ်းပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးလေးဦးနှင့် လွှတ်တော်ဥက္ကဋ္ဌတို့ Facility Quarantine ဝင်နေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။

ပြည်နယ်တွင်း ခရီးစဉ်တစ်ခုကို သွားရောက်ပြီးအပြန် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ရောက်ရှိ စဉ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ လှူဒါန်းထားသော Test Kit ဖြင့် စမ်းကြည့်ရာ လွှတ်တော်ဥက္ကဋ္ဌ ယာဉ်မောင်းနှင့် ရှမ်းပြည်နယ် ရဲမှူးချုပ် PSO တို့တွင် Positive ပြခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းယောင်း ခရီးစဉ်မှ ပြန်ရောက်လာပြီး ဧပြီ ၂၀ ရက် က အစိုးရဧည့်ရိပ်သာတွင် Facility Quarantine ဝင်နေကြောင်း သိရသည်။

 “ဝန်ကြီးချုပ်နဲ့ ဝန်ကြီးလေးယောက် ရှမ်းအရှေ့ခရီးစဉ် သွားပါတယ်။ ပြန်လာတော့ ကျိုင်းတုံမှာ သူနဲ့ ပါလာတဲ့လူတွေ အကုန်လုံးကို လူမှုရေးဝန်ကြီးက သူတို့ကို လှူဒါန်းထားတဲ့ Rapid Test Kit တွေကို စမ်းသပ်တာပေါ့။ MOHS ကတော့ အသိအမှတ်မပြုပါဘူး။ သို့သော်လည်း ဒါကို သုံးကြည့်တာပေါ့။ ဘယ်လောက်အထိ တိကျမှန်ကန်လဲ ဆိုတော့ ခရီးစဉ်ကလည်း ရက်ရှည်တော့ အဖွဲ့တွေ စမ်းကြည့်တော့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးအားလုံးက လက္ခဏာ မပြဘူး။ Negative ထွက်တယ်။ လူ ၃၀ လောက် စမ်းကြည့်တော့ လွှတ်တော်ဥက္ကဋ္ဌ ယာဉ်မောင်းနဲ့ ရဲမှူးချုပ် PSO က Postive ထွက်တယ်။ နောက်တစ်ကြိမ် ထပ်စစ်တော့လည်း Positive လိုလို ပြနေတယ်။ ဒီ Test Kit ကို တစ်ခါမှလည်း မသုံးဖူးတော့ ဆရာဝန်တွေကလည်း သေသေချာချာတော့ စစ်တာပေါ့။ ပျံ့ပြားမှု မြင့်လာရင် အသုံးပြုလို့ရအောင် သုံးကြည့်မယ်ဆိုပြီး သုံးကြည့်တာ” ဟု ဦးစိုးညွန့်လွင်က ပြောကြားသည်။

ယင်းအပြင် ခရီးစဉ်တွင် အတူပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ များကိုလည်း ဟိုတယ်တစ်ခုတွင် Quarantine ဝင်ခိုင်းထားကြောင်း၊ Test Kit ဖြင့် စစ်ဆေးရာတွင် Positive ပြခဲ့သူနှစ်ဦး၏ နှာခေါင်းတို့ဖတ်များကို ရန်ကုန်သို့ ပေးပို့ကာ စစ်ဆေးခိုင်းထားကြောင်း ဦးစိုးညွန့်လွင်က ပြောကြားသည်။

"ဝန်ကြီးချုပ်တွေ ဝန်ကြီး တွေကလည်း ဆရာဝန်တွေ များတော့ သူတို့ကိုယ်တိုင်ပဲ ရှမ်းပြည်နယ်အစိုးရ ရိပ်သာမှာ Facility Quarantine ဝင်ကြတာပေါ့။ အဖြေပေါ် မူတည်ပြီး ကွာရတင်း ပြည့်အောင် နေသွားမယ့် အနေအထား ရှိပါတယ်။ တွေ့ရှိတယ်လို့ ထွက်တဲ့ နှစ်ယောက်ကိုတော့ ကျိုင်းတုံမှာပဲ ထားခဲ့ပြီးတော့ သူတို့ နမူနာစတွေကို ရန်ကုန်ကို မနက်က ကားနဲ့ ပို့လိုက်တယ်။ သူတို့ အဖြေပေါ် မူတည်ပြီးတော့ ခရီးစဉ်တစ်လျှောက်လုံး ပါတဲ့ လုံခြုံရေး အဖွဲ့တွေ အားလုံးကလည်း ဟိုတယ်မှာ ကွာရတင်းလုပ်ထားပါတယ်။ ဒီအဖြေဟာ မှားတာ မှန်တာ တိတိကျကျ မသိသေးဘူး အကျိုးဆက် ၂ ခုတော့ ရမှာပေါ့။ ဒီ Test Kit က အသုံးပြုလို့ တည့်လား မတည့်လား အကျိုးတစ်ခု ရနိုင်သလို၊ Test Kit အဖြေအမှားပေါ် မူတည်ပြီးတော့ ဆက်သုံးသင့် မသုံးသင့် ဆိုတာ အဖြေ တစ်ခု ထွက်နိုင်မယ်။ နောက်တစ်ခုက လက္ခဏာ မပြဘဲနဲ့လည်း တကယ်ဘဲ Postive ဖြစ်တတ်တယ် ဒီလို လက္ခဏာ မပြဘဲနဲ့လည်း Silent Carrier အဖြစ် လူထုကြားထဲ ဘယ်လောက်ပျံ့နှံ့နေပြီလဲ ဆိုတာ စဉ်းစားစရာ တစ်ခုတော့ ရရှိသွားတာပေါ့။ အစိုးရအဖွဲ့ရော အဖွဲ့အားလုံးရော ကိုယ့်အသိစိတ်ဓါတ်နဲ့ မနေ့ည က ရောက်ရောက်ချင်း ဟိုတယ် ကွာရတင်း ဝင်သွားပါတယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။

အဆိုပါ ယာဉ်မောင်းနှင့် PSO တို့နှစ်ဦးကို ကျိုင်းတုံ ဆေးရုံတွင် ထားခဲ့ပြီး၊ ၎င်းတို့နှစ်ဦး၏ နမူနာ နှာခေါင်းတို့ဖတ်စများကို ဧပြီ ၂၁ ရက်(ယနေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပေးပို့စစ်ဆေးထားခြင်း ဖြစ်ပြီး၊ Quarantine ဝင်ရမည့် အချိန်သည် အဆိုပါ နှစ်ဦး၏ ထွက်ရှိလာမှုအဖြေပေါ် မူတည်နေ ကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။

**********************************************

END /251