အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
အင်္ဂါနေ့

၂၇ အောက်တိုဘာ ၂၀၂၀

၂၀:၂၉:၅၇
1081484

ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်က တင်းကျပ်သည့် တားမြစ် ကန့်သတ်ချက် များ ချမှတ်ဖွယ်ရှိနေ

ဂျာမနီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေပြီး ဆေးရုံများတွင် လူနာများပြည့်နှက်လာသဖြင့် ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က အောက်တိုဘာ ၂၈ ရက်တွင် ဒေသဆိုင်ရာခေါင်းဆောင်များနှင့် ပြုလုပ်မည့် အစည်းအဝေးတွင် Lockdown ချမှတ်ရေးအတွက် တိုက်တွန်းသွားဖွယ်ရှိနေသည်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ဂျာမနီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေပြီး ဆေးရုံများတွင် လူနာများပြည့်နှက်လာသဖြင့် ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က အောက်တိုဘာ ၂၈ ရက်တွင် ဒေသဆိုင်ရာခေါင်းဆောင်များနှင့် ပြုလုပ်မည့် အစည်းအဝေးတွင် Lockdown ချမှတ်ရေးအတွက် တိုက်တွန်းသွားဖွယ်ရှိနေသည်။

အဆိုပြုထားသည့် တားမြစ်ကန့်သတ်ချက်အသစ်များတွင် စားသောက်ဆိုင်များနှင့် ဘားများ ပိတ်မှု၊ ပုဂ္ဂလိကနှင့် ပြည်သူပိုင်နေရာများတွင် စုဝေးရမည့် လူဦးရေကန့်သတ်ချက်များ ပါဝင်မည်ဖြစ်ပြီး စာသင်ကျောင်းများ၊ နေ့ကလေးထိန်းကျောင်းများနှင့် ဈေးဆိုင်များကိုမူ ဆက်လက်ဖွင့်လှစ်ခွင့် ပြုထားလိမ့်မည်ဟု ဂျာမနီနိုင်ငံ၏ရောင်းအားအကောင်းဆုံး Bild သတင်းစာတွင် ဖော်ပြခဲ့သည်။

“ ကျွန်တော်တို့အနေနဲ့ ရောဂါကူးစက်မှုလှိုင်းအသစ်ကို ချိုးဖျက်ဖို့ လျင်မြန်ပြီး တိကျတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်ပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီး အိုလက်ဖ်ရှောက မာကယ်နှင့် ဂျာမနီ၏ပြည်နယ် ၁၆ ခုမှ ဝန်ကြီးချုပ်များနှင့် အစည်းအဝေးမတိုင်မီ ပြောကြားခဲ့သည်။

“ ဂျာမနီ၏ ဖက်ဒရယ်စနစ်အရ ပြည်နယ်တစ်ခုချင်းစီသည် မည်သည့် တားမြစ်ကန့်သတ်ချက်များ ချမှတ်မည်ဆိုခြင်းကို နောက်ဆုံးအဆင့် ပြောကြားရမည်ဖြစ်ပြီး ရောဂါကူးစက်မှုနည်းပါးသည့် ဒေသများသည် စီးပွားရေးကို ထိခိုက်စေနိုင်သည့် အဆိုပါစီမံချက်များကို တင်းခံဖွယ်ရှိနေသည်။

ဂျာမနီနိုင်ငံ အရှေ့ပိုင်း တူဟင်ဂီယာ ပြည်နယ်ဝန်ကြီးချုပ် ဘိုဒိုဟာမယ်လိုက ဂျာမနီမီဒီယာများတွင် “Lockdown Light” ဟု သုံးနှုံးသည့် မာကယ်၏ Lockdown ချမှတ်ရေးအဆိုပြုချက်ကို ထောက်ခံမည် မဟုတ်ကြောင်း အစောပိုင်းကတည်းက ပြောကြားထားခဲ့သည်။

ဂျာမနီနိုင်ငံသည် ယခုနှစ် အစောပိုင်းက ကိုရိုနာဗိုင်းရပ် ကူးစက်မှုပထမလှိုင်းကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့သော်လည်း မကြာသေးမီက ဥရောပတွင် ကူးစက်မှုများ မြင့်တက်လာမှုနှင့်အတူ ဂျာမနီတွင် ကူးစက်ခံရသူများမှာလည်း ပိုမိုများပြားလာခဲ့သည်။

ထို့ပြင်ဂျာမနီသည် နေ့အလိုက် ကူးစက်ခံရသူပေါင်း ၁၀,၀၀၀ ကျော်ရှိခဲ့ပြီး အောက်တိုဘာ ၂၇ ရက်တွင် ကူးစက်ခံရသူ ၁၁,၄၀၀ ရှိခဲ့သည်။

ယင်းကူးစက်မှုပမာဏမှာ နေ့အလိုက် ရောဂါကူးစက်မှု ၅၀,၀၀၀ ကျော်ရှိခဲ့သည့် အိမ်နီးချင်း ပြင်သစ်နိုင်ငံ သို့မဟုတ် ဆေးရုံများ ဝင်ဆံ့နိုင်မှုပမာဏ ပြည့်သွားသည့် ဘယ်ဂျီယံနိုင်ငံတို့နှင့် နှိုင်းယှဉ်လျှင် လျော့နည်းနေသေးသည်။

သို့သော်လည်း စီးပွားရေးဝန်ကြီး ပီတာအက်တ်မာယာက ရောဂါကူးစက်ခံရမှုနှုန်း မြင့်တက်လာနိုင်သည့် အခြေအနေကို မြင်တွေ့နေရပြီး ယခုသီတင်းပတ်အကုန်တွင် နေ့အလိုက်ကူးစက်မှုအရေအတွက်သည် ၂၀,၀၀၀ အထိ ရှိလာနိုင်ကြောင်း ပြောကြားခဲ့သည်။

ဘာဗားရီးယားပြည်နယ်တွင် ရောဂါကူးစက်မှုကို အဆိုးရွားဆုံး ခံစားနေရသည့် ခရိုင်နှစ်ခုကို Lockdown ပြန်လည်ချမှတ်ခဲ့ပြီး စာသင်ကျောင်းများ၊ မူကြိုများနှင့် နေ့ကလေးထိန်းဌာနများကို ပိတ်ထားကာ နေအိမ်မှ အပြင်ထွက်မည့်သူများမှာလည်း အကျိုးအကြောင်းခိုင်လုံသည့် အကြောင်းပြချက်ပေးရန် လိုအပ်မည်ဖြစ်သည်။

ဂျာမနီတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူ ၄၅၀,ဝဝဝနီးပါးရှိပြီး သေဆုံးသူ ၁၀,၀၀၀ ကျော်ရှိသည်။

****************************

END / 251