အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
ကြာသပတေးနေ့

၂၁ ဇန်နဝါရီ ၂၀၂၁

၀၈:၂၉:၄၄
1107853

အမေရိကန် ၏ ၄၆ ဦးမြောက် သမ္မတ အဖြစ် ဂျိုးဘိုင်ဒင် ကျမ်းသစ္စာ ကျိန်ဆို

အမေရိကန်သမ္မတရာထူးကိုရယူရန် စတင်ကြိုးပမ်းခဲ့ပြီးနောက် ၃၄ နှစ်အကြာတွင် ဂျိုးဘိုင်ဒင်သည် အမေရိကန်၏ ၄၆ ဦးမြောက် သမ္မတအဖြစ် ဇန်နဝါရီ ၂၀ တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး မျက်မှောက်ခေတ် အချိန်ကာလမျိုးတွင် ပရမ်းပတာအဖြစ်ဆုံး အစိုးရအဖွဲ့ကို ဆွဲချကာ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် စာမျက်နှာသစ်ကို ဖွင့်လှစ်နေပြီး နှစ်ခြမ်းကွဲနေသည့် နိုင်ငံကို ပြန်လည်ပေါင်းစည်းရန် လုပ်ဆောင်နေသည်။



အမေရိကန်သမ္မတရာထူးကိုရယူရန် စတင်ကြိုးပမ်းခဲ့ပြီးနောက် ၃၄ နှစ်အကြာတွင် ဂျိုးဘိုင်ဒင်သည် အမေရိကန်၏ ၄၆ ဦးမြောက် သမ္မတအဖြစ် ဇန်နဝါရီ ၂၀ တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး မျက်မှောက်ခေတ် အချိန်ကာလမျိုးတွင် ပရမ်းပတာအဖြစ်ဆုံး အစိုးရအဖွဲ့ကို ဆွဲချကာ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် စာမျက်နှာသစ်ကို ဖွင့်လှစ်နေပြီး နှစ်ခြမ်းကွဲနေသည့် နိုင်ငံကို ပြန်လည်ပေါင်းစည်းရန် လုပ်ဆောင်နေသည်။

ရာထူးမှထွက်ခွာမည့် သမ္မတဒေါ်နယ်ထရန့်သည် လွန်ခဲ့သည့် လေးနှစ်အလိုက အိမ်ဖြူတော်သို့ နိုင်ငံရေးပြင်ပမှ ဘီလျံနာတစ်ဦးအဖြစ် မထီမဲ့မြင်ဝင်ရောက်လာခဲ့သော်လည်း ၎င်းနှင့်ဆန့်ကျင်ဘက်ဖြစ်သည့် အလုပ်အပေါ် အလေးထားပြီး ၀ါရှင်တန်အကြောင်း အူမချေးခါးမကျန်သိရှိသည့် ဘိုင်ဒင်၏ နောက်ကောက်ချမှုကိုခံခဲ့ရသည်။

အသက် ၇၈ နှစ်အရွယ် ဒုသမ္မတဟောင်းဖြစ်ပြီး အထက်လွှတ်တော်အမတ်အဖြစ်ကာ လကြာရှည် တာဝန်ထမ်းဆောင်ခဲ့သည့်ဘိုင်ဒင်သည် ပြီးခဲ့သည့် သီတင်းနှစ်ပတ်အလိုက ထရန့်လိုလားသည့် ဆန္ဒပြသူများ ဝင်ရောက်စီးနင်းခဲ့သည့် အမေရိကန်ကွန်ဂရက် Capitol အဆောက်အအုံတွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီဖြစ်သည်။

အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်ကို ရာစုနှစ် ၂၀၀ ကျော်ကတည်းက ပြုလုပ်ခဲ့သည့် အစဉ်အလာအတိုင်းလုပ်ဆောင်မည်ဖြစ်သော်လည်း ယခုအကြိမ်ကျမ်းသစ္စာကျိန်ဆိုမှုသည် ထူးခြားနေသည်။

Capitol အဆောက်အအုံ စီးနင်းခံခဲ့ရသည့်ဖြစ်စဉ်မျိုးကို တားဆီးရန်အတွက် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၅၀၀၀ သည် ၀ါရှင်တန်သို့ရောက်ရှိခဲ့ပြီး ကျမ်းသစ္စာကျိန်ဆိုပွဲကို အကာအကွယ်ပေးခဲ့သည်။

သို့သော်လည်း ကျမ်းသစ္စာကျိန်ဆိုပွဲကို ကာကွယ်စောင့်ကြပ်ရမည့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များကို ဖက်ဒရယ်ထောက် လှမ်းရေးဗျူရို FBI က သေချာစွာစိစစ်ခဲ့ပြီးနောက် ယင်းကျမ်းကျိန်ပွဲနှင့်ပတ်သက်ပြီး အစွန်းရောက်သည့် စာများရေးသားခဲ့သည့် တပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် အမျိုးသားအစောင့်တပ် ဖွဲ့ဝင် ၁၂ ဦးကို ကျမ်းကျိန်ပွဲအားစောင့်ကြပ်ပေးရမည့် တာဝန်မှ ဖယ်ရှားခဲ့သည်ဟု ပင်တဂွန်အရာရှိများက ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

တပ်ဖွဲ့ဝင်တစ်ဦးသည် အစွန်းရောက်သည့် မက်ဆေ့ခ်ျများပေးပို့မှုနှင့် အခြားတပ်ဖွဲ့ဝင် အစွန်းရောက်မှုနှင့်ပတ်သက်ပြီး သတင်းပေးတိုင်ကြားမှုကြောင့် တာဝန်မှဖယ်ရှားခံခဲ့ရခြင်းဖြစ်ကြောင်း အမျိုးသားအစောင့် တပ်ဖွဲ့ဗျူရိုအကြီးအကဲ ဗိုလ်ချုပ်ကြီးဒန်နီယယ်ဟိုကန်ဆန်က ပြောကြားခဲ့သည်။

အခြားတပ်ဖွဲ့ဝင် ၁၀ ဦးသည် ယခင်က ပြစ်မှုဆိုင်ရာ အပြုအမူ သို့မဟုတ် အခြားလှုပ်ရှားချက်များပါဝင်နိုင်သည့် ဖြစ်နိုင်ချေရှိသည့် ပြဿနာများကြောင့် တာဝန်မှဖယ်ရှားခြင်းဖြစ်သော်လည်း ယင်းပြဿနာများသည် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားနှင့် တိုက်ရိုက်ပတ်သက်မှုမရှိကြောင်း ဟိုကန်ဆန်က ပြောကြားခဲ့သည်။

“ဂရုစိုက်ဖို့ သတိပေးချက်တွေကြောင့် အဲဒီတပ်ဖွဲ့ဝင်တွေကို ကျမ်းသစ္စာကျိန်ဆိုပွဲပြုလုပ်မယ့် Capitol အဆောက်အအုံနဲ့ အဲဒီပွဲအခမ်းအနားကို စောင့်ကြပ်ဖို့ တာဝန်ချထားတာကနေ ချက်ချင်းဖယ်ရှားလိုက်တာဖြစ်ပါတယ်” ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန်ဟော့ဖ်မန်းက ပြောကြားခဲ့သည်။

ကျမ်းသစ္စာကျိန်ဆိုပွဲနှင့် ပတ်သက်မှုမရှိသည့် သတင်းအချက်အလက်များလည်း များပြားစွာရရှိခဲ့ပြီး အစွန်းရောက်ဝါဒီများနှင့်လည်း ဆက်နွှယ်မှုမရှိသည့် သတင်းများကို ရရှိခဲ့သည်ဟု ဟော့ဖ်မန်းက ပြောခဲ့သည်။

ယင်းသို့ စိစစ်လုပ်ဆောင်မှုများသည် အတိတ်ကာလက မေးခွန်းထုတ်ဖွယ်အပြု အမူများ သို့မဟုတ် ယင်းအပြုအမှုများနှင့် ဖြစ်နိုင်ချေရှိသည့် ပတ်သက်မှုများကို ခွဲခြားသတ်မှတ်ရန် လုပ်ဆောင်ခြင်းဖြစ်ပြီး အစွန်းရောက်ဝါဒတစ်ခုတည်းအတွက်သာ ပြုလုပ်ခြင်းမဟုတ်ကြောင်း ဟော့ဖ်မန်းက ဆိုသည်။

ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ကာကွယ်ပေးရန် ပြည်နယ်အနှံ့မှ ရောက်ရှိလာခဲ့သည့် အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၂၅၀၀၀ လုံးကို FBI က စိစစ်ခဲ့ပြီးနောက် ယခုကဲ့သို့ တာဝန်မှ ဖယ်ရှားမှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဇန်နဝါရီလ ၆ ရက်က ဖြစ်ပွားခဲ့သည့် ထရန့်လိုလားသည့် ဆန္ဒပြသူများက Capitol အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့မှုတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ဝင်မဆို ယင်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့မှုရှိ၊ မရှိ FBI က စစ်ဆေးနေသည်ဟု ဆိုသည်။

ထို့ပြင် ထရန့်သည် ရာထူးမှ မထွက်ခွာခင်တွင် မက္ကဆီကို နယ်စပ်တံတိုင်းဆောက် လုပ်ရေးအတွက် ရန်ပုံငွေများကောက်ခံရာတွင် ပြည်သူများကို လိမ်ညာမှုဖြင့် စွဲချက်တင် ခံထားရသည့် ၎င်း၏ သြဇာကြီးမားသည့် လက်ထောက်ဟောင်း စတိဗ်ဘန်နွန်နှင့် အခြားသူ ၇၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့ပြီး ယင်းတို့အနက် ၎င်း၏ အဓိကမဟာမိတ်များပါဝင်ခဲ့သည်။

********************************************
END / 251