အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
အမျိုးသားလုံခြုံရေးကောင်စီ(NSC) ရဲ့ထောက်လှမ်းရေးပရိုဂရမ်ဆိုင်ရာ စီနီယာဒါရိုက်တာအဖြစ် ပါလက်စတိုင်း-အမေရိကန်အနွယ် မာဟီရ်ဘီတာကို အမေရိကန် သမ္မတသစ် ဂျိုးဘိုင်ဒန်က ခန့်အပ်လိုက်ပါတယ်။
ဘီတာဟာ လွှတ်တော်ထောက်လှမ်းရေးကော်မတီဆိုင်ရာ ဒီမိုကရက်တစ်ဥပဒေအကြံပေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတဟောင်းဒေါ်နယ်ထရန့်ကို ပထမဆုံးစွပ်စွဲ စွဲချက်တင်မှုမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။ “သူ့ကိုရာထူးအသစ်နဲ့မြင်တွေ့ရတာ ဝမ်းမြောက်ပီတိဖြစ်မိပါတယ် ဒါပေမယ့်ကော်မတီကတော့ သူ့ကိုသေချာပေါက်သတိရနေတော့မှာပါ ဒီရာထူးနေရာအတွက် မာဟီရ် ထက်ပိုပြီးသင့်တော်တဲ့သူကျွန်တော်စဉ်းစားလို့တောင်မရဘူး” လို့ လွှတ်တော်ထောက်လှမ်းရေးကော်မတီဥက္ကဌ အဒမ်ရှစ်ဖ်က Politico သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
ဂျော့တောင်းတက္ကသိုလ်ဥပဒေဘွဲ့ရ မာဟီရ်ဘီတာဟာ သမ္မတဟောင်းအိုဘားမာလက်အောက် အမျိုးသားလုံခြုံရေးကောင်စီရဲ့ အစ္စရေး- အသိမ်းပိုက်ခံပါလက်စတိုင်း အရေးဆိုင်ရာ ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဘီတာဟာ အောက်စ်ဖို့တက္ကသိုလ်ရဲ့ ဒုက္ခသည်ပညာသင်ကြားရေးစင်တာကနေ အတင်းအဓ္ဓမဖိအားပေးနေရပ်စွန့်ခွာရွှေ့ပြောင်းမှုဆိုင်ရာ မဟာသိပ္ပံဘွဲ့ကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ သူဟာ ဂျေရုဆလင်က ကုလသမဂ္ဂရဲ့ ကယ်ဆယ်ရေးနဲ့အလုပ်အကိုင်အေဂျင်စီ(UNRWA) နဲ့ လက်တွဲအလုပ်လုပ်ကိုင်ခဲ့ပါတယ်။
သမ္မတဘိုင်ဒန်ရဲ့ အီရန်နိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် ခန့်အပ်ခံရဖို့မျှော်မှန်းထားတဲ့ ရောဘတ်မေလီကလည်း “မဟာထက်ပိုပြီးသင့်တော်တဲ့သူ စဉ်းစားလို့မရပါဘူး။ သူဟာပရောဖက်ရှင်နယ်အဆန်ဆုံး စည်းကမ်းလိုက်နာမှုအရှိဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ် ပြီးတော့ အလုပ်ထဲမှာ စိတ်ရောကိုယ်ပါနှစ်မြုပ်ထားတဲ့ ပြည်သူ့ဝန်ထမ်းတစ်ဦးလည်းဖြစ်တာကြောင့် သူနဲ့အလုပ်တွဲလုပ်ခွင့်ရတာ တကယ်ပဲဂုဏ်ယူမိပါတယ်” လို့ တွစ်တာမှာရေးသားခဲ့ပါတယ်။
ဒီလအစောပိုင်းတုန်းကလည်း သမ္မတဘိုင်ဒန်က ဂျော်ဒန်-အမေရိကန်အနွယ် ဒါနာရှုဘတ်ကို သူ့ရဲ့စီနီယာဥပဒေရေးရာအကြံပေးအဖြစ်ခန့်အပ်ခဲ့ပါတယ်။ သူမဟာ ပြီးခဲ့တဲ့နိုဝင်ဘာနှောင်းပိုင်းလောက်က ဥပဒေရေးဆိုင်ရာအိမ်ဖြူတော်ရုံး ဒုဒါရိုက်တာအဖြစ်ခန့်အပ်ခံခဲ့ရတဲ့ ပါလက်စတိုင်း-အမေရိကန်အနွယ် ရီမာဒိုဒင်နဲ့ လက်တွဲပူးပေါင်းသွားမှာပဲဖြစ်ပါတယ်။
Middle East Monitor သတင်းဌာနပါ “Biden appoints Palestinian-American as senior intelligence director” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
******************************************
END / 251