အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
စနေနေ့

၅ ဇွန် ၂၀၂၁

၁၂:၅၇:၅၃
1147714

ဘိုင်ဒင် နှင့် တွေ့ဆုံမည့် အစည်းအဝေး တွင် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် နည်းလမ်းများ ရှာဖွေ သွားလို ကြောင်း ပူတင်ပြောကြား

ယခုလအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်ပြုလုပ်မည့် အစည်းအဝေးတွင် ယိုယွင်းနေသည့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ရန် မျှော်လင့်ထားသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန်လ ၄ ရက်တွင် ပြောကြားခဲ့သည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ



ယခုလအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်ပြုလုပ်မည့် အစည်းအဝေးတွင် ယိုယွင်းနေသည့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ရန် မျှော်လင့်ထားသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန်လ ၄ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံရေး အဆိုးရွားဆုံးအဆင့်အထိကျဆင်းခဲ့ပြီး ဆိုက်ဘာတိုက်ခိုက်မှုစွဲချက်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရွေးကောက်ပွဲတွင် ကြားဝင်စွက်ဖက်မှုစွဲချက်များကြောင့် တင်းမာမှုများမြင့်တက်နေချိန်တွင် ဂျနီဗာ၌၎င်းတို့နှစ်ဦး၏ မျက်နှာချင်းဆိုင် အစည်းအဝေးကို ဇွန်လ ၁၆ ရက်၌ ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဟာ ဒီတင်းမာမှုတွေကို ပုံမှန်ပြန်ဖြစ်ဖို့ နည်းလမ်းတွေရှာဖို့ လိုအပ်ပါတယ်” ဟု ပူတင်က စိန့်ပီတာစဘတ်ခ်ျမြို့တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာ စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ပြီး လက်ရှိနှစ်နိုင်ငံဆက်ဆံရေးမှာ နိမ့်ကျသည့်အဆင့်တွင်ရှိနေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

ပုံမှန်အားဖြင့် ကမ္ဘာ့ခေါင်းဆောင်များ ပါဝင်တက်ရောက်သည့် ဖိုရမ်၏ အဓိကအစည်းအဝေးတွင် ဇွန်လ ၄ ရက်က ရုရှားသမ္မတတစ်ဦးသာ စင်ပေါ်တွင်ရှိနေပြီး သဘာပတိအဖြစ် ဆောင်ရွက်ပေးသည့် သြစတြီးယားကောင်စစ်ဝန် ဆီဘက်စတီယန်ကာ့ဇ်နှင့် ကာတာစော်ဘွားကြီး ရှိတ်တာမင် ဘင်ဟာမက် အယ်သာနီတို့သည် ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် အစည်းအဝေးသို့တက်ရောက်ခဲ့သည်။

“ကျွန်တော်တို့ဟာ အမေရိကန်နဲ့ သဘောထားကွဲလွဲတာတွေ မရှိပါဘူး။ သူတို့ (အမေရိကန်)ကတော့ သဘောထားကွဲလွဲတာ တစ်ခုရှိနေပါတယ်။ သူတို့ဟာ ကျွန်တော်တို့ တိုးတက်နေတာကို တားဆီးချုပ်ချယ်ချင် နေပါတယ်။ အဲဒီအကြောင်းကိုလည်း သူတို့ဘက်က လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

ယင်းနေ့နှောင်းပိုင်းတွင် ရုရှား၏ Channel One ရုပ်သံနှင့်တွေ့ဆုံခဲ့ရာ၌ ပူတင်က ဂျနီဗာအစည်းအဝေးတွင် မည်သည့်အောင်မြင်မှုကိုမျှ မျှော်လင့်မထားသော်လည်း နှစ်နိုင်ငံအကျိုးစီးပွားအတွက် သက်ဆိုင်သည့် အကြောင်းအရာများကို ကောင်းမွန်စွာဆွေးနွေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

“အပြုသဘောဆောင်တဲ့ ရလဒ်တစ်ခုကို ကျွန်တော်မျှော်လင့်ထားပါတယ်” ဟု အသက် ၆၈ နှစ်အရွယ် ပူတင်က ဆိုသည်။

၎င်းတို့နှစ်ဦးသည် ၂၀၁၁ ခုနှစ်က တွေ့ဆုံခဲ့ဖူးပြီး ယင်းအချိန်က ဘိုင်ဒင်သည် ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေကာ ပူတင်သည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ဘိုင်ဒင်သည် အလွန်အတွေ့အကြုံရှိသူဖြစ်ပြီး လိမ်မာပါးနပ်သည့် နိုင်ငံရေးသမားဖြစ်သည်ဟု ပူတင်က ချီးကျူးခဲ့သည်။

မကြာသေးမီက အမေရိကန်ရှိ ကုမ္ပဏီများကို ဆိုက်ဘာတိုက်ခိုက်ခဲ့သည့် ဟက်ကာများသည် ရုရှားအခြေစိုက်အဖွဲ့များဖြစ်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဘိုင်ဒင်က ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရုရှားအားလက်တုံ့ပြန်ရန် လေ့လာနေသည်ဟု ဇွန်လ ၂ ရက်က ပြောကြားခဲ့သည်။


*****************************************************************
END / 251