အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးနေသည့် အမေရိကန် အနောက်အလယ်ပိုင်းဒေသနှင့် တောင်ပိုင်းဒေသရှိပြည်နယ်များတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်များ မြင့်တက်လာသည်ကို တွေ့ ရကြောင်း FDA ကော်မရှင်နာဟောင်း စကော့ဂေါ့တလီက CBS ရုပ်သံနှင့်တွေ့ ဆုံမှုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
“ ဥပမာပြရရင် ကျွန်တော်နေတဲ့ ကွန်နက်တီကက်မှာ ကူးစက်မှုမြင့်လာတာ မတွေ့ရဘူး။ ဒါပေမဲ့ မစ္စစ္စပီ၊ အလာဘားမား၊ အာကန်ဆက်၊ မစ်ဆူရီတို့မှာတော့ ကူးစက်မှုတွေ သိသိသာသာ မြင့်တက်လာတာ တွေ့ရပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့လူဦးရေ အနည်းအများအပေါ်မှာ မူတည်နေတယ် ဆိုတာကို ပြနေတာပဲ ဖြစ်ပါတယ်” ဟု၎င်းက ပြောကြားခဲ့သည်။
အနောက်အလယ်ပိုင်းဒေသနှင့် တောင်ပိုင်းဒေသများရှိ ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးသော ပြည်နယ်များတွင် ကူးစက်မြန် ဒယ်တာမျိုးကွဲကူးစက်ခံရသည့် ဖြစ်စဉ်များ အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်များ မြင့်တက်သည်ကို တွေ့နေရသည်ဟု ဇွန် ၂၀ ရက်က CBS ရုပ်သံ၏ Face the Nation အစီအစဉ်တွင် စကော့ဂေါ့တလီက ပြောကြားခဲ့သည်။
ဒယ်တာမျိုးကွဲဗိုင်းရပ်စ်သည် ၄၀ မှ ၆၀ ရာခိုင်နှုန်းကျော် ကူးစက်မြန်ဖွယ်ရှိပြီး အမေရိကန်ပြည်ထောင်စုတွင် နေရာတိုင်း တွေ့ရကာ နွေဦးကာလနှောင်းပိုင်းက ကူးစက်မှု မြင့်တက်လာစေခဲ့သော အယ်လ်ဖာမျိုးကွဲ ဗိုင်းရပ်စ်ထက် ကူးစက်မှုပိုမြန်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ ကာကွယ်ဆေး ထိုးမထားသော ဗြိတိန်လူ့အသိုင်းအဝိုင်းများတွင် ယင်းအယ်လ်ဖာမျိုးကွဲဗိုင်းရပ်စ် ကူးစက်ခံထားကြရသည်ကို တွေ့ရသည်ဟု ဆိုသည်။
အိန္ဒိယတွင် စတင်ခဲ့သော ဒယ်တာမျိုးကွဲဗိုင်းရပ်စ်သည် ဗြိတိန်တွင် အဓိကကူးစက်နေသော ဗိုင်းရပ်စ်ဖြစ်၍ အမေရိကန်သည်လည်း ဗြိတိန်ကဲ့သို့ မဖြစ်စေရန် အမေရိကန် ပြည်သူများကာကွယ်ဆေးထိုးနှံခံကြရန် ကူးစက်ရောဂါပညာရှင် အန်သိုနီဖော်ချီကလည်း တိုက်တွန်းခဲ့သည်။ “အမေရိကန်မှာ အဲ့ဒီလို အဖြစ်မခံနိုင်ပါဘူး” ဟု ဖော်ချီက ပြောကြားခဲ့သည်။
ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့ နီးလာချိန်တွင် သက်ကြီးအမေရိကန်နိုင်ငံသား ၇၀ ရာခိုင်နှုန်းအထိ အနည်းဆုံးဗိုင်းရပ်စ် ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံထားကြရမည်ဟု သမ္မတ ဂျိုးဘိုင်ဒန် ကိုယ်တိုင် ချမှတ်ခဲ့သော ရည်မှန်းချက်ကို ပြည့်မီရန် အလားအလာ မမြင်ရသေးပေ။
ကာကွယ်ဆေးထိုးနှံမှုနှုန်း နှေးကွေးနေသောကြောင့် အမေရိကန်အစိုးရသည် ကာကွယ်ဆေး မဟာဗျူဟာသစ်ကို ချမှတ်ရန် လိုအပ်နေသည်ဟု ဇွန် ၂၀ ရက်တွင် အမေရိကန် အစားအစာနှင့် ဆေးဝါးဌာန (FDA) ၏ ကော်မရှင်နာဟောင်း ဒေါက်တာ စကော့ဂေါ့တလီက အကြုံပြုခဲ့သည်။
“ ကာကွယ်ဆေးထိုးပေးတဲ့နေရာတွေကို လာဖို့ဝန်လေးနေကြသူတွေ ဒါမှမဟုတ် အဲ့ဒီနေရာတွေကိုလာဖို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရဆဲလူတွေ ကာကွယ်ဆေးထိုးလာစေဖို့  ကွဲပြားခြားနားတဲ့ ကာကွယ်ဆေး မဟာဗျူဟာကို ကျွန်တော်တို့ စဉ်းစားဖို့ လိုနေပါတယ်” ဟု Face the Nation အစီအစဉ်တွင် ၎င်းက ပြောကြားခဲ့သည်။
*****************************************************************
END / 251
အကိုး အကား : Eleven News
တနင်္လာနေ့
၂၁ ဇွန် ၂၀၂၁
၁၄:၃၂:၀၉
1152579
အမေရိကန် တွင် ဒယ်တာ ဗိုင်းရပ်စ် မျိုးကွဲ ကူးစက်ခံ ရမှုနှုန်း မြင့်တက် နေဟု FDA ကော်မရှင်နာဟောင်း ပြောကြား
ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးနေသည့် အမေရိကန် အနောက်အလယ်ပိုင်းဒေသနှင့် တောင်ပိုင်းဒေသရှိပြည်နယ်များတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်များ မြင့်တက်လာသည်ကို တွေ့ ရကြောင်း FDA ကော်မရှင်နာဟောင်း စကော့ဂေါ့တလီက CBS ရုပ်သံနှင့်တွေ့ ဆုံမှုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။