အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
ကြာသပတေးနေ့

၁ ဇူလိုင် ၂၀၂၁

၁၃:၁၂:၄၁
1155864

ဂျာမန် ဆေးကုမ္ပဏီ CureVac မှ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး သည် ထိရောက် မှုနှုန်း ၄၈ ရာခိုင်နှုန်းသာရှိဟု ထုတ်ပြန်

ဂျာမန်ဆေးကုမ္ပဏီ CureVac က ၎င်း၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအား နောက်ဆုံးစမ်းသပ်မှု ရလဒ်များအရ ထိရောက်မှုနှုန်း ၄၈ ရာခိုင်နှုန်းသာရှိသည်ဟု ဇွန် ၃၀ ရက်က ထုတ်ပြန်ခဲ့ပြီး ယင်းကာကွယ်ဆေးသည် mRNA ပြိုင်ဘက်ဆေးကုမ္ပဏီများဖြစ်သည့် Pfizer/BioNTech နှင့် Moderna တို့မှ ထုတ်လုပ်သော ကာကွယ်ဆေးများ၏ ထိရောက်မှုနှုန်းထက် များစွာလျော့နည်းနေသည်ဟု သိရသည်။




ဂျာမန်ဆေးကုမ္ပဏီ CureVac က ၎င်း၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအား နောက်ဆုံးစမ်းသပ်မှု ရလဒ်များအရ ထိရောက်မှုနှုန်း ၄၈ ရာခိုင်နှုန်းသာရှိသည်ဟု ဇွန် ၃၀ ရက်က ထုတ်ပြန်ခဲ့ပြီး ယင်းကာကွယ်ဆေးသည် mRNA ပြိုင်ဘက်ဆေးကုမ္ပဏီများဖြစ်သည့် Pfizer/BioNTech နှင့် Moderna တို့မှ ထုတ်လုပ်သော ကာကွယ်ဆေးများ၏ ထိရောက်မှုနှုန်းထက် များစွာလျော့နည်းနေသည်ဟု သိရသည်။

ယခုလအစောပိုင်းက အားနည်းသော ကြားဖြတ်ရလဒ်များကို ထုတ်ပြန်ခဲ့ပြီးနောက် နောက်ဆုံးစမ်းသပ်မှုရလဒ်ကို မျှော်လင့်ထားကြသည်။

စမ်းသပ်မှုတွင် ပါဝင်သူများအကြား မမျှော်လင့်ဘဲ ဗိုင်းရပ်စ်မျိုးကွဲ ၁၅ ခုကူးစက်ပျံ့နှံ့ခဲ့သည့်အပြင် အသက်အရွယ်အုပ်စုများအသီးသီး၌ တုံ့ပြန်မှုများ ကွဲပြားနေခြင်းကြောင့် ဖြစ်သည်ဟု ကုမ္ပဏီက ပြစ်တင်ခဲ့သည်။

mRNA နည်းပညာကို အခြေခံ၍ထုတ်လုပ်ထားသည့် အမေရိကန်ဆေးကုမ္ပဏီ Moderna ၊ နောက်ထပ်အမေရိကန်ဆေး ကုမ္ပဏီကြီးဖြစ်သည့် Pfizer နှင့် တွဲဖက်ဂျာမန်ဆေးကုမ္ပဏီ BioNTech တို့မှထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ထိရောက်မှုနှုန်း ၉၅ ရာခိုင်နှုန်းနီးပါးရှိသောကြောင့် ကပ်ရောဂါအစောပိုင်းကာလများတွင် ယင်းကာကွယ်ဆေးများကို အရေးပေါ် အသုံးပြုရန် နိုင်ငံအများအပြားက အတည်ပြုခဲ့ကြသည်။

ယင်းကာကွယ်ဆေးများ၏ စမ်းသပ်မှုသည် မူလဗိုင်းရပ်စ်အပေါ် ထိရောက်စွာ ကာကွယ်နိုင်မှုနှုန်း ဖြစ်သော်လည်း မကြာသေးမီက ပြုလုပ်ခဲ့သည့် သုတေသနစစ်တမ်းများအရ ယင်းကာကွယ်ဆေး နှစ်မျိုးလုံးသည် ဗိုင်းရပ်စ်မျိုးကွဲအသစ်များနှင့် ပိုမိုကူးစက်မြန်ဗိုင်းရပ်စ်မျိုးကွဲများ ကူးစက်ခံရမှုမှ ထိရောက်မှု အားကောင်းစွာ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။

CureVac ဆေးကုမ္ပဏီ၏ CVnCoV ကာကွယ်ဆေးသည် အသက် ၁၈ နှစ်မှ ၆၀ အရွယ်ကြားရှိ လူများအတွက် ထိရောက်မှုနှုန်း ၅၃ ရာခိုင်နှုန်းအထိ မြင့်တက်မှုနှင့်အတူ အနည်းငယ်ပိုမိုကောင်းမွန်သည်ဟု ဆိုသည်။

ယင်း အသက် ၁၈ နှစ်မှ ၆၀ အတွင်းရှိ လူများအတွက် ကာကွယ်ဆေးသည် ဆေးရုံ တက်ရောက်ကုသမှုနှုန်းနှင့် သေဆုံးမှုနှုန်းကို ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။

“CVnCoV ကာကွယ်ဆေးဟာ အသက် ၁၈ နှစ်ကနေ ၆၀ အကြားအရွယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ ပြည်သူ့ကျန်းမာရေးစနစ်ကို ပေးစွမ်းနိုင်ပါတယ်။ အဲ့ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့် ဗိုင်းရပ်စ်မျိုးကွဲတွေကို စီမံခန့်ခွဲရာမှာ အကူအညီပေးနိုင်တဲ့အရေးပါတဲ့ ကာကွယ်ဆေးဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ဆေးကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ် ဖရန့်စ် ဝါနာဟားစ်က ဆိုသည်။

CureVac ၏ ဒုတိယအဆင့်နှင့် တတိယအဆင့် စမ်းသပ်မှုတွင် ဥရောပနှင့် လက်တင်အမေရိကရှိ နိုင်ငံပေါင်း ၁၀ နိုင်ငံမှ လူ ၄၀,၀၀၀ ခန့်ပါဝင်ပြီး ယင်းတို့ထဲမှ လူ ၂၂၈ ဦးသည် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်း တွေ့ရှိခဲ့သည်။

လွတ်လပ်သောအကဲဖြတ်စမ်းစစ်မှုအရ ကာကွယ်ဆေးနှစ်လုံးထိုးနှံရန်လိုအပ်သည့် CVnCoV ကာကွယ်ဆေးသည် ဘေးကင်းလုံခြုံမှုပိုင်းဆိုင်ရာ စိုးရိမ်ပူပန်ရန်မလိုကြောင်း CureVac ဆေးကုမ္ပဏီက မေလ၌ ထုတ်ပြန်ခဲ့သည်။ ယင်းဆေးကုမ္ပဏီသည်ကာကွယ်ဆေးနှင့် ဆက်နွှယ်သည့်အချက်အလက်များကို ဥရောပဆေးဝါးအေဂျင်စီ (EMA) ထံ တင်သွင်းခဲ့သည်။

****************************************************************

END / 251