အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Mizzimaburmese
အင်္ဂါနေ့

၁၃ ဇူလိုင် ၂၀၂၁

၁၉:၀၇:၁၂
1160309

မက်ခရွန်၊ မာကဲလ်နဲ့ ရှီကျင့်ဖျင်တို့ အွန်လိုင်း ဗီဒီယို မှတစ်ဆင့် သုံးပွင့်ဆိုင် ဆွေးနွေး

ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်နဲ့ ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကဲလ်တို့ဟာ တနင်္လာနေ့က အွန်လိုင်းဗီဒီယိုကနေ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရာသီဥတုပြောင်းလဲမှုကနေ လူ့အခွင့်အရေးအထိ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း ပြင်သစ်နိုင်ငံက ထုတ်ပြန်ပါတယ်။



ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်နဲ့ ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကဲလ်တို့ဟာ တနင်္လာနေ့က အွန်လိုင်းဗီဒီယိုကနေ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရာသီဥတုပြောင်းလဲမှုကနေ လူ့အခွင့်အရေးအထိ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း ပြင်သစ်နိုင်ငံက ထုတ်ပြန်ပါတယ်။

အခု ဆွေးနွေးပြောဆိုမှုတွေဟာ ဗြိတိန်နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ကြီးပူနွေးလာမှုအရေး COP26 ထိပ်သီးညီလာခံ၊ ရောမက ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတို့အပါအဝင် ဒီ နွေဦးက ကမ္ဘာ့အစည်းအဝေးအချို့ အကြိုမှာ ရှေ့ပြေးလမ်းခင်းတဲ့ သဘော အဓိပ္ပာယ်ဆောင်ပါတယ်လို့ ပြင်သစ်သမ္မတရုံးက ဆိုပါတယ်။

ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဥရောပခေါင်းဆောင်နှစ်ဦးက ကျောက်မီးသွေးစွမ်းအင် လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို ငွေကြေးမတည်ထောက်ပံ့နေတာ အဆုံးသတ်ဖို့က အရေးကြီးကြောင်း ရှီကျင့်ဖျင်နဲ့ ပြောဆိုဆွေးနွေးပါတယ်။

ကုန်သွယ်ရေးအတွက်တော့ “ဥရောပဟာ တရုတ်ဈေးကွက်ဆီ ဝင်ရောက်ဖို့နဲ့ မျှတတဲ့ ယှဉ်ပြိုင်မှု အနေအထားတွေကို မျှော်လင့်ထားတယ်”လို့ ဂျာမနီနဲ့ ပြင်သစ်အကြီးအကဲတို့က အလေးအနက် ပြောဆိုကြောင်း ပြင်သစ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတ ရှီကျင့်ဖျင်က တရုတ်ဟာ အခြားသူတွေကို အစားထိုးတာထက် ကိုယ်ခြေထောက်ပေါ်ကို ရပ်တည်ပြီး ဖွံ့ဖြိုးဖို့ကို ဆန္ဒပြင်းပြကြောင်း ပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ရှင်ဟွာသတင်းက ဖော်ပြပါတယ်။

တရုတ်အနေနဲ့ ဖြစ်နိုင်သမျှ အမြန် လေကြောင်းချိတ်ဆက်မှုကို ဖွင့်လှစ်ပေးဖို့ မာကဲလ်နဲ့အတူ တွန်းအားပေးပြောဆိုခဲ့ကြောင်း မက်ခရွန်ရဲ့ ရုံးက ဆိုပါတယ်။

မက်ခရွန်နဲ့ မာကဲလ်တို့ဟာ တရုတ်နိုင်ငံတွင်း လူ့အခွင့်အရေး ပြဿနာတွေအကြောင်းလည်း ပြောဆိုပြီး နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က အခြေအနေကို ရည်ညွှန်းတဲ့သဘောမျိုးနဲ့ အတင်းအကြပ် အလုပ်စေခိုင်းတာတွေကို တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး တောင်းဆိုခဲ့ကြောင်း ပြင်သစ်သမ္မတရုံးက ထပ်လောင်းပြောပါတယ်။

ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြားသော မွတ်စလင်လူနည်းစု တစ်သန်းကျော်ဟာ ကမ့်စခန်းတွေထဲ ပို့ဆောင်ခံရပြီး အတင်းအကြပ်စေခိုင်းမှုတွေ ရှိသလို အမျိုးသမီးအချို့ကိုလည်း အတင်းသားကြောဖြတ်တာတွေ ရှိနေတယ်လို့ လူ့အခွင့်အရေးအုပ်စုတွေက ယူဆထားကြပါတယ်။

ဥရောပနဲ့ တရုတ်နိုင်ငံအနေနဲ့ တစ်ဦးနဲ့ တစ်ဦးရဲ့ မတူညီမှုတွေကို မှန်ကန်တဲ့ လမ်းကြောင်းကနေ ရှုမြင်သင့်ပြီး ကွဲပြားခြားနားတာတွေကို ချင့်ချင့်ချိန်ချိန် ကိုင်တွယ်ရင်း နှစ်ဖက်ကြား ဆက်ဆံရေးကို ရှေ့သို့ တက်လှမ်းသွားရမှာ ဖြစ်တယ်လို့ ရှီကျင့်ဖျင်က ဆိုပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ရာပြည့်အခမ်းအနားမှာ ကိုလိုနီဘဝ အရှက်ရခဲ့ရာကနေ ကြီးမားတဲ့ အင်အားကြီးနိုင်ငံဖြစ်လာခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ခိုင်မြဲတဲ့ လမ်းကြောင်းကို ရှီကျင့်ဖျင်က ဂုဏ်ယူအမွှမ်းတင် ပြောဆိုပြီး ရက်ပိုင်းအတွင်းမှာ အခု သုံးပွင့်ဆိုင် အွန်လိုင်းဗီဒီယို ဆွေးနွေးပွဲ ပြုလုပ်တာပဲ ဖြစ်ပါတယ်။


****************************************************************

END / 251