အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Mizzima
ဗုဒ္ဓဟူးနေ့

၂၀ အောက်တိုဘာ ၂၀၂၁

၁၉:၁၄:၄၀
1190506

အမေရိကန် တက္ကဆပ်ပြည်နယ်မှာ လေယာဉ်ပျက်ကျ၊ ခရီးသည်အားလုံး အသက်ရှင်လွတ်မြောက်

အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်မှာ အောက်တိုဘာ ၁၉ ရက်က လေယာဉ်တစင်း မြေပြင်မှ ပျံတက်ပြီး မကြာမီ ပျက်ကျခဲ့မှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာမှာ လေယာဉ်ပေါ်ပါ အမှုထမ်းတွေနဲ့ ခရီးသည် ၂၁ ဦးစလုံး ကံကောင်းထောက်မစွာ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။




အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်မှာ အောက်တိုဘာ ၁၉ ရက်က လေယာဉ်တစင်း မြေပြင်မှ ပျံတက်ပြီး မကြာမီ ပျက်ကျခဲ့မှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာမှာ လေယာဉ်ပေါ်ပါ အမှုထမ်းတွေနဲ့ ခရီးသည် ၂၁ ဦးစလုံး ကံကောင်းထောက်မစွာ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။

အဆိုပါ လေယာဉ်ပေါ်ပါသူ ၂၁ ဦးစလုံးဟာ လေယာဉ် ပျက်ကျပြီး မီးမလောင်ကျွမ်းခင်မှာပဲ ဘေးလွတ်ရာကို ကမန်းကတန်း ထွက်ခွာလွတ်မြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံဗီဒီယိုတွေထဲမှာတော့ မီးလောင်ကျွမ်းနေတဲ့ လေယာဉ်ကို မီးသတ်သမားတွေ ရေဖျန်း ငြှိမ်းသတ်နေတာကို ပြသထားပြီး ကွင်းပြင်တစ်ခုမှာ ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ ကိုယ်ထည်ပိုင်း မီးလောင်ကျွမ်း ပြာကျသွားခဲ့ပြီး အမြီးပိုင်းတစ်ခုသာ ကျန်ရှိနေကာ အပျက်အစီးတွေထဲကနေ မီးခိုးမည်းလုံးကြီးတွေ တက်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

“ကံကောင်းစွာနဲ့ပဲ အမှုထမ်း သုံးယောက် အပါအဝင် ခရီးသည် ၂၁ ဦးစလုံး ဘေးကင်းခဲ့ပါတယ်၊ ဒီ အင်ဂျင်နှစ်လုံးတပ် လေယာဉ် လုံးလုံးလျားလျား မီးလောင်မှု မတိုင်ခင်မှာပဲ ခရီးသည်တွေဟာ ဘေးကင်းရာ ရွှေ့ပြောင်း ရောက်ရှိခဲ့တာပါ” လို့ ကေတီမြို့ မီးသတ်ဌာနက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပါတယ်။

အဆိုပါ မက်ဒေါနယ် ဒေါက်ဂလပ်စ် လေယာဉ်ဟာ ဘရွတ်ရှိုင်းယားမြို့အနီး ဟူစတန် လေဆိပ်တစ်ခုကနေ ပျံတက်ပြီး ဘော်စတွန်ကို ဦးတည်ထွက်ခွာခဲ့ချိန်မှာ ပျက်ကျခဲ့တာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယင်း လေယာဉ်ဟာ အောက်တိုဘာ ၁၉ ရက် ညနေပိုင်းမှာ ကစားမယ့် ဟူစတန် အက်စ်ထရိုစ် အသင်းနဲ့ ဘော်စတွန် ရက်ဒ် ဆောက်ဇ် အသင်းတို့ရဲ့ ပလေးအော့ဖ် ဘေ့စ်ဘော ပွဲစဉ်ကို ကြည့်ရှုမယ့် ပရိသတ်တွေကို ခေါ်ဆောင် လိုက်ပို့ပေးခဲ့တာ ဖြစ်တယ်လို့  ပြည်တွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ဝေါ်လာ ဟားရစ် ကောင်တီ အရေးပေါ် ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူး တင်မ် ဂစ်ဘ်ဆင်က ခရီးသည်တွေနဲ့ အမှုထမ်းတွေဟာ အင်မတန် ကံကောင်းသွားခဲ့ကြတယ်လို့ ပြောပါတယ်။ “ကျွန်တော်တို့ဟာ အမြဲတမ်း အဆိုးဆုံးကို တွက်ဆပြင်ဆင်ထားတယ် ဆိုပေမယ့် ဒီနေ့မှာတော့ အကောင်းဆုံး ဖြစ်ဖို့ကို မျှော်လင့်ခဲ့ကြတာပါ၊ တကယ်တမ်းမှာလည်း ဒီ ဖြစ်စဉ်ကနေ ကျွန်တော်တို့ မျှော်လင့်နိုင်တဲ့ အကောင်းဆုံး ရလဒ်ကို တကယ်ပဲ ရခဲ့ပါတယ်” လို့ ၎င်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားခဲ့ပါတယ်။


****************************************************************

END / 251