အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : MIZZIMA
သောကြာနေ့

၃၁ ဒီဇင်ဘာ ၂၀၂၁

၂၀:၂၉:၁၉
1214231

ယူကရိန်း အရေး ဘိုင်ဒင်နဲ့ ပူတင် ဖုန်းဆက်ဆွေးနွေးပြီး အပြန်အလှန် သတိပေး

ယူကရိန်းအကျပ်အတည်းအရေးနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်က ဖုန်းဆက်ဆွေးနွေးပြီး အပြန်အလှန် သတိပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။


ယူကရိန်းအကျပ်အတည်းအရေးနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်က ဖုန်းဆက်ဆွေးနွေးပြီး အပြန်အလှန် သတိပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ယမန်နေ့က ဖုန်းဆက်ဆွေးနွေးမှုအတွင်း တကယ်လို့များ ရုရှားတို့ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မယ်ဆိုရင် အမေရိကန်ဘက်က အခိုင်အမာ တုံ့ပြန်သွားမှာဖြစ်တယ်လို့ ဘိုင်ဒင်က ပူတင်ကို သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အလားတူ မော်စကိုအပေါ် အရေးယူဒဏ်ခတ်မှု လုပ်မယ်ဆိုရင် ဒါက "အလွန်ကြီးမားတဲ့ အမှား" တစ်ခု ဖြစ်သွားလိမ့်မယ် ဆိုပြီး ရုရှားခေါင်းဆောင်ကလည်း ပြန်လည် သတိပေးခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့က မိနစ် ၅၀ ခန့် ကြာမြင့်ခဲ့တဲ့ ဖုန်းဆက်ဆွေးနွေးမှုကတော့ ဘိုင်ဒင်နဲ့ ပူတင် အကြား သီတင်းပတ် သုံးပတ်ကျော်အတွင်း ဒုတိယမြောက် ဖုန်းခေါ်ဆိုမှုလည်း ဖြစ်ခဲ့ပါတယ်။

ယခုတကြိမ် ဆွေးနွေးမှုမှာတော့ အနောက်အုပ်စု ထောက်ခံပေးထားတဲ့ ယူကရိန်းနဲ့ ရုရှားအကြား တင်းမာနေတဲ့ လိပ်ခဲတည်းလည်း အခြေအနေအပေါ်မှာ သံတမန်နည်းလမ်းအရ ဖြေရှင်းလုပ်ဆောင်သွားဖို့ကို ထောက်ခံကြောင်း ခေါင်းဆောင်နှစ်ဦးစလုံးက ထုတ်ဖော်ခဲ့တယ်လို့လည်း သိရပါတယ်။

ဆွေးနွေးမှုအပေါ် ယေဘုယျအားဖြင့် ပူတင်အနေနဲ့ "ကျေနပ်မှု" ရှိခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးမူဝါဒအကြံပေး ယူရီ အူရှာကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။ တချိန်တည်းမှာလည်းပဲ ဆွေးနွေးမှုအတွင်း ပြောဆိုခဲ့တဲ့ လေသံ အနေအထားက "လေးနက်မှု ရှိပြီး ခြေခြေမြစ်မြစ် ဖြစ်ကာ ထိရောက်မှု ရှိ" ခဲ့ကြောင်း အမည်မဖော်လိုသူ အမေရိကန်အကြီးတန်းအရာရှိတစ်ဦးကလည်း ပြောပါတယ်။

လာမယ့် ဇန်နဝါရီ ၁၀ ရက်မှာတော့ ရုရှားနဲ့ အမေရိကန် အဆင့်မြင့်အရာရှိတွေအကြား လူကိုယ်တိုင် တွေ့ဆုံညှိနှိုင်းသွားဖို့လည်း ရှိနေပါတယ်။

"ဒီဖုန်းဆက်ဆွေးနွေးမှုမှာ ယူကရိန်းကို ရုရှားဘက်က ကျူးကျော်မယ်ဆိုရင် အမေရိကန်နဲ့ မဟာမိတ်တွေဘက်ကလည်း ပြတ်ပြတ်သားသား တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ဘိုင်ဒင်က ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပါတယ်" လို့ အမေရိကန် ပြန်ကြားရေး အတွင်းဝန် ယန်ဆာကီက ထုတ်ပြန်ပြောဆိုပါတယ်။

ယူကရိန်းအပေါ် တိုက်ခိုက်မှုနဲ့ပတ်သက်လို့ တုံ့ပြန်ပြီး စီးပွားရေး ဒဏ်ခတ်အရေးယူမှုတွေ လုပ်မယ်လို့ ဝါရှင်တန်ဘက်က ထပ်တလဲလဲ ခြိမ်းခြောက်နေမှုတွေကို ရည်ညွှန်းရင်း ရုရှား နိုင်ငံခြားရေးမူဝါဒ အကြံပေး အူရှာကော့ဗ်က ပြောကြားရာမှာ ဒီလိုသာ ဒဏ်ခတ်အရေးယူမယ်ဆိုရင် ကြီးမားတဲ့ အမှားတစ်ခု ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဒါမျိုး ဖြစ်လာမှာ မဟုတ်ဘူးလို့ မိမိတို့ မျှော်လင့်တယ်လို့ ၎င်းက ပြောပါတယ်။

ဂျီနီဗာမှာ ပြုလုပ်မယ့် ဇန်နဝါရီလ ဆွေးနွေးမှုတွေအတွင်း ခိုင်မာတဲ့ ရလဒ်တစ်ခုကို ရုရှားဘက်က မျှော်လင့်ထားတယ်လို့ အူရှာကော့ဗ်က ပြောခဲ့ပါတယ်။ တချိန်တည်းမှာလည်းပဲ မိမိတို့အနေနဲ့လည်း ယူကရိန်းနယ်စပ်မှာ ရုရှားရဲ့ စစ်အင်အားတိုးချထားမှုကြောင့်ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ အရှိန်လျော့ကျအောင် လက်တွေ့လုပ်ဆောင်မှုကို အလိုရှိတယ်လို့ အိမ်ဖြူတော်က ပြောသွားပါတယ်။

****************************************************************
END / 251