အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M- Mediagroup
ကြာသပတေးနေ့

၂၄ ဖေဖော်ဝါရီ ၂၀၂၂

၂၀:၂၁:၁၈
1233113

ခေါင်းဆောင်းပုဝါ (ဟေဂျာဗ်) ကိစ္စကိုင်တွယ်သော တရားသူကြီးကို ၀ဖေန်သည့် အိန္ဒိယတက်ကြွလှုပ်ရှားသူတစ်ဦး ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်က မွတ်စလင်ကျောင်းသူတွေ ပုဝါမဆောင်းရဆိုတဲ့ကိစ္စ ကိုင်တွယ်တဲ့ တရားသူကြီးကို ၀ဖေန်မှုအတွက် အိန္ဒိယ ရုပ်ရှင်မင်းသားနဲ့ တက်ကြွလှုပ်ရှားသူ ချီတန်ကူးမားတစ်ယောက် အဖမ်းခံလိုက်ရပါတယ်။




အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်က မွတ်စလင်ကျောင်းသူတွေ ပုဝါမဆောင်းရဆိုတဲ့ကိစ္စ ကိုင်တွယ်တဲ့ တရားသူကြီးကို ၀ဖေန်မှုအတွက် အိန္ဒိယ ရုပ်ရှင်မင်းသားနဲ့ တက်ကြွလှုပ်ရှားသူ ချီတန်ကူးမားတစ်ယောက် အဖမ်းခံလိုက်ရပါတယ်။

စာသင်ကျောင်းတွေမှာ မွတ်စလင်ကျောင်းသူတွေ ပုဝါမဆောင်းရဆိုတဲ့ ပြည်နယ်အစိုးရရဲ့အမိန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့အတွက် ဖျက်သိမ်းပေးဖို့ တရားရုံးဦးတိုက်လျှောက်ထားမှုကို တရားသူကြီး ခရရှ်နား ဒီဇစ်က ကိုင်တွယ်နေတာပါ။

ဒီဇစ်ဟာ ၂၀၂၀ ခုနှစ်က အဓမ္မကျင့်မှုတစ်ခုကို ကိုင်တွယ်ရာမှာ ကျူးလွန်ခံရသူ အမျိုးသမီးနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်မှတ်ချက် ပေးခဲ့မှုအတွက် ၀ဖေန်ပြစ်တင်မှုကို အကြီးအကျယ် ခံခဲ့ရသူပါ။ ကျူးလွန်ခံရသူ အမျိုးသမီးရဲ့ ထွက်ဆိုချက်ဟာ ယုံကြည်ရခက်ပြီး မဖြစ်နိုင်ဘူးလို့ဆိုကာ စွပ်စွဲခံရသူကို ဒီဇင်က အာမခံပေးခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့က Twitter ပို့စ်မှာ ကူးမားက အဓမ္မ ကျင့်မှုကိစ္စမှာ စိတ်ပျက်စရာမှတ်ချက်ပေးခဲ့တဲ့ တရားသူကြီး ဒီဇစ်ဟာ ကာနာတာကာပြည်နယ်က ထိလွယ်ရှလွယ်တဲ့ မွတ်စလင်အမျိုးသမီးတွေကိစ္စ ကိုယ်တွယ်ဖို့ အရည်အချင်းရှိရဲ့လားဆိုပြီး မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီပို့စ်အတွက် ဘန်ဂလောမြို့ ရဲတပ်ဖွဲ့က ကူးမားကို လူ့အဖွဲ့အစည်း ဒေါသထွက်အောင် လှုံ့ဆော်မှု၊ ငြိမ်းချမ်းမှု ပျက်ပြားအောင် စော်ကားပြောဆိုမှု စွဲချက်တွေနဲ့ တရားစွဲကာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ တရားရုံးတင်မယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိပါဘူး။

ကူးမားရဲ့ ဇနီးသည်က သူ့ယောက်ျားဟာ ရုတ်တရက် နေအိမ်ကနေပျောက်ဆုံးသွားခဲ့ပြီး ဖုန်းဆက်သွယ်မှုလည်း မရတော့ဘဲ နောက်ပိုင်းကျမှ ဖမ်းဆီးခံရတာကို သိရကြောင်း Facebook စာမျက်နှာကနေ Live လွှင့်ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံသားဖြစ်တဲ့ ကူးမားဟာ ဟိန္ဒူဇာတ်နိမ့် (ဒါလစ်) မျိုးနွယ်ကဖြစ်ပြီး အိန္ဒိယမှာ ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှု၊ လူနည်းစုတွေအပေါ် ဖိနှိပ်မှု တိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပါတယ်။ ချို့တဲ့သူ ကူညီရေးလုပ်ငန်း လုပ်ဆောင်တဲ့အတွက် ကူမားဟာ ပစ်မှတ်ထားတိုက်ခိုက်ခံရလေ့ ရှိပါတယ်။

ဟိန္ဒူလူ့အဖွဲ့အစည်းမှာ ဇာတ်အမြင့်ဆုံးဖြစ်တဲ့ ‘ဘရာမင်’ တွေကို ၀ဖေန်မှုအတွက် ရဲတပ်ဖွဲ့က ကူးမားကို အမှု ၂ ခု ဖွင့်ထားပါတယ်။

ကူးမား အခုလို ဖမ်းဆီးခံရမှုအတွက် အိန္ဒိယမှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေ ရှေ့နေတွေနဲ့ အိန္ဒိယလူ့အဖွဲ့အစည်းက ရဲတပ်ဖွဲ့နဲ့ အစိုးရအပေါ် ၀ဖေန်ပြစ်တင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အိန္ဒိယမှာ တရားရေးဌာန ၀န်ထမ်းတွေကို ၀ဖေန်ပြောဆိုသူတွေ ဖမ်းဆီးထောင်ချခံရတဲ့ ဖြစ်စဉ်တွေ အရင်ကလည်း အများအပြား ရှိခဲ့ပါတယ်။

****************************************************************
END / 251