အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Mizzima Burmese
ဗုဒ္ဓဟူးနေ့

၂ မတ် ၂၀၂၂

၂၀:၂၆:၂၂
1235236

ပူတင်နှင့် ဆွေးနွေးပြောဆိုနေဆဲဖြစ်သည့် ဥရောပခေါင်းဆောင် မက်ခရွန်

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် ရုရှ သမ္မတ ဗလာဒီမာ ပူတင်အကြား ဖေဖေါ်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်း တယ်လီဖုန်းဖြင့် ပြောဆိုဆွေးနွေးမှုက မိနစ် ၉၀ အချိန်ကြာမြင့်ခဲ့သည်။ ယူကရိန်းအပေါ် စစ်ကြေညာထားသူတစ်ဦး နှင့် ရုရှအပေါ် ပြင်းထန်သည့် ဒဏ်ခတ်အရေးယူမှုများ ချမှတ်နေသည့် ဥရောပ ရှေ့တန်းမျက်နှာစာတွင် ပါဝင်ထားသူတစ်ဦးအကြား ဆွေးနွေးမှုက အချိန် တစ်နာရီခွဲအထိ ကြာမြင့်ခဲ့သည့် ဖြစ်သည့်အတွက် ယင်းက အလားအလာကောင်းခဲ့သည်ဟု ထင်ကောင်းထင်ရနိုင်သည်။ သို့သော် ဖေဖေါ်ဝါရီ ၂၈ ရက် ညနေခင်းတွင် ပြင်သစ်သမ္မတရုံးဖြစ်သည့် Elysee Palace ၏ သဘောထားကမူ လွန်ကဲစွာ အကောင်မြင်ထားခဲ့ခြင်းတော့ မရှိပေ။



ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် ရုရှ သမ္မတ ဗလာဒီမာ ပူတင်အကြား ဖေဖေါ်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်း တယ်လီဖုန်းဖြင့် ပြောဆိုဆွေးနွေးမှုက မိနစ် ၉၀ အချိန်ကြာမြင့်ခဲ့သည်။ ယူကရိန်းအပေါ် စစ်ကြေညာထားသူတစ်ဦး နှင့် ရုရှအပေါ် ပြင်းထန်သည့် ဒဏ်ခတ်အရေးယူမှုများ ချမှတ်နေသည့် ဥရောပ ရှေ့တန်းမျက်နှာစာတွင် ပါဝင်ထားသူတစ်ဦးအကြား ဆွေးနွေးမှုက အချိန် တစ်နာရီခွဲအထိ ကြာမြင့်ခဲ့သည့် ဖြစ်သည့်အတွက် ယင်းက အလားအလာကောင်းခဲ့သည်ဟု ထင်ကောင်းထင်ရနိုင်သည်။ သို့သော် ဖေဖေါ်ဝါရီ ၂၈ ရက် ညနေခင်းတွင် ပြင်သစ်သမ္မတရုံးဖြစ်သည့် Elysee Palace ၏ သဘောထားကမူ လွန်ကဲစွာ အကောင်မြင်ထားခဲ့ခြင်းတော့ မရှိပေ။

ထို ဆွေးနွေးပြောဆိုမှုက အလွန်တရာ ပွင့်လင်းပြီး ဟက်ဟက်ပက်ပက် ရှိသည့် ဆွေးနွေးမှုတစ်ခု ဖြစ်ခဲ့ကြောင်း မက်ခရွန်၏ အကြံပေးတစ်ဦးက ထိုနေ့ညနေခင်းတွင် ပြောသည်။ ယင်းကို သံတမန်ရေးရာ ဘာသာစကားဖြင့် ဘာသာပြန်ဆိုမည်ဆိုပါက ထို ဆွေးနွေးပြောဆိုမှုက အတော်လေး ထိပ်တိုက်တွေ့ပြီး ပြင်းထန်ခဲ့သည်ဟု ဆိုလိုရနိုင်ဖွယ် ရှိသည်။ အကြံပေးဖြစ်သူ၏ အဆိုအရ မက်ခရွန်၏ အစောပိုင်း မော်စကို ခရီးစဉ်အတွင်း ဖြစ်ခဲ့သကဲ့သို့ပင် ပြင်သစ်သမ္မတသည် ကိုယ်ပိုင်ဘဝအမြင်၏ ပိတ်လှောင်ခံအကျဉ်းသားတစ်ဦး ဖြစ်နေခဲ့သော ရုရှခေါင်းဆောင်တစ်ဦးနှင့် ရင်ဆိုင်တွေ့ဆုံခဲ့ရသည့်အဖြစ်ကို သိရှိခဲ့ရသည်ဟု ဆိုသည်။

“စစ်ပွဲထက်စာရင် အခြားရွေးချယ်စရာတွေ ရှိတယ် ဆိုတာကို ပူတင်ကို ထောက်ပြဖို့ ကျွန်တော်တို့ ဆက်လက်ကြိုးစားနေပါတယ်” ဟု မက်ခရွန်၏ အနီးကပ် အကြံပေးတစ်ဦးက ပြောသည်။ “ပြီးတော့ အဲဒီလို လုပ်ဖို့ကိုလည်း ကျွန်တော်တို့ရဲ့ မဟာမိတ်တွေက ကျွန်တော်တို့ကို တိုက်တွန်းနေပါတယ်” ဟု ၎င်းက ပြောသည်။

ပြင်သစ်သမ္မတသည် ၎င်း၏ နက်ရှိုင်းသော စိုးရိမ်ပူပန်မှုနှင့် တည်ကြည်လေးနက်မှုကို ထုတ်ဖော်ခဲ့သလို အရာအားလုံးသည် ပထဝီနိုင်ငံရေးအရ ချိန်ခွင်ညှာပေါ်တွင် ရှိနေသည် ဆိုသည်ကို ပူတင်အား မက်ခရွန်က ထောက်ပြခဲ့သည်ဟု ၎င်းက ပြောသည်။ တစ်ဘက်တွင် ရုရှသမ္မတက မက်ခရွန်အား အလွန်တရာ “စိတ်ခံစားခြင်း ကင်းသည့် အေးစက်စက်နိုင်သည့်” အပြုအမူဖြင့် တုံ့ပြန်ခဲ့သည်ဟု ၎င်းက ပြောသည်။

ပူတင်ဆီမှ ဘယ်လိုကတိကဝတ်တွေကို ယုံကြည်လို့ ရနိုင်ဆဲလဲ

မည်သို့ပင် ဖြစ်စေကာမူ မက်ခရွန်သည် ပူတင်ထံမှ ကတိကဝတ်အနည်းငယ်ကို ဆွဲထုတ်နှိုက်ယူနိုင်ခဲ့သည်ဟု ဆိုသည်။ သို့သော် ယင်းတို့သည် များများစားစား ယုံကြည်သင့်သလားဆိုသည်ကို ပြင်သစ်သမ္မတရုံးမှ တာဝန်ရှိသူများက သေချာမသိသေးပေ။ ရှေ့လာမည့် ရက်များအတွင်း အခြေအနေကို အနီးကပ် စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ အရပ်သားများနှင့် လူနေဧရိယာများအပေါ် တိုက်ခိုက်မှုများ ရပ်ဆိုင်းရန်၊ အရပ်သား အခြေခံအဆောက်အအုံများကို ထိခိုက်ပျက်စီးအောင် လုပ်ခြင်းမှ ရှောင်ကြဉ်ရန်၊ ယူကရိန်း၏ အဓိက သယ်ယူပို့ဆောင်ရေး ပင်မလမ်းကြောင်းများ၊ အထူးသဖြင့် တောင်ပိုင်းမှ ကိယက်ဗ်သို့ ဦးတည်သည့် လမ်းကို တိုက်ခိုက်ခြင်းမှ ရှောင်ရန်အတွက် မက်ခရွန်က ပူတင်ကို တောင်းဆိုခဲ့သည်။ ပြင်သစ်သမ္မတရုံးမှ တရားဝင်ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ရုရှသမ္မတသည် ဤအချက်သုံးချက်စလုံးကို လိုက်လျောရန် အသင့်ရှိသည်ဟု အတည်ပြုခဲ့သည်ဟု ဆိုသည်။

နှစ်ဘက်စလုံးသည် လာမည့်ရက်များတွင်လည်း ဆက်သွယ်တွေ့ဆုံမှု ဆက်ထိန်းထားရန် သဘောတူခဲ့သည်။ ယင်းသဘောတူညီမှု ကတိကဝတ်ကြောင့်လည်း မက်ခရွန်သည် ပူတင် ဆက်လက် ဆွေးနွေးပြောဆိုနေဆဲဖြစ်သည့် တစ်ဦးတည်းသော ဥရောပခေါင်းဆောင် ဖြစ်နေသည်။ ထိုသမ္မတနှစ်ဦးစလုံးသည် စနေနေ့ကလည်း တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးထားခဲ့သည်။

ပြင်သစ်သမ္မတ တာဝန် စတင်ထမ်းဆောင်စဉ် ကာလမှစပြီး မက်ခရွန်သည် ပူတင်နှင့်အကြား အထူး ဆက်ဆံရေးတစ်ရပ် တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်။ ၂၀၁၇ ခုနှစ် မေလက ၎င်း၏ ရွေးကောက်ပွဲနောက်ပိုင်း သီတင်းပတ်အနည်းငယ်အကြာမှာပင် မက်ခရွန်သည် ဗာဆိုင်းနန်းတော်၏ ခမ်းနားထည်ဝါလှသော ခန်းမများတွင် ရုရှခေါင်းဆောင်ကို လက်ခံတွေ့ဆုံခဲ့သည်။ ထို့နောက် နှစ်နှစ်အကြာတွင် အခြားသော ဥရောပခေါင်းဆောင်များနှင့် အရင် မတိုင်ပင်ဘဲ မက်ခရွန်သည် ပူတင်ကို Côte d’Azur ပင်လယ်ကမ်းခြေဒေသ အလယ်ခေတ်ခံတပ်မြို့ရှိ သမ္မတ၏ အပန်းဖြေအိမ်တော်သို့ ဖိတ်ကြားခဲ့သည်။ ယင်းနောက် ရက်အနည်းငယ်အကြာတွင် ပြင်သစ်၏ Biarritz မြို့၌ ဂျီ-၇ အစည်းအဝေးကို ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးသည် ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီးနောက် ရုရှတို့ ဖယ်ထုတ်ခံခဲ့ရသည့် အစည်းအဝေးတစ်ခု ဖြစ်ခဲ့သည်။ ယင်းအတွက်ကြောင့် ဂျီ-၇ အစည်းအဝေးမတိုင်မီ ပူတင်နှင့် မက်ခရွန် တွေ့ဆုံမှုက တမင်ရန်စမှုတစ်ခုအဖြစ် ထိုစဉ်က အများက ရှုမြင်ခဲ့ကြသည်။

“ရုရှကို ဥရောပဆီ တစ်ဖန် ပိုနီးကပ်လာအောင် ကျွန်တော်တို့ လုပ်လေလေ၊ အဲဒါက ပိုကောင်းလေလေ ပါပဲ။ ကျွန်တော်ကတော့ အဲဒါကို အခိုင်အမာ ယုံကြည်ပါတယ်။ ရုရှဟာ ဥရောပရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုဆီ ထားခဲ့လို့ မရနိုင်ပါဘူး” ဟု မက်ခရွန်က ဝေဖန်သူများကို တုံ့ပြန်ပြောဆိုခဲ့သည်။
သို့သော် ၂၀၂၂ ခုနှစ်တွင် တွေ့နေရသည့် ပူတင်သည် ၎င်း ပြီးခဲ့သည့် ငါးနှစ်အကြာက ဗာဆိုင်းကို ဖိတ်ခေါ်ခဲ့သည့် ရုရှခေါင်းဆောင်နှင့် အတော်လေး မတူကွဲပြားနေပြီ ဆိုသည်ကို မက်ခရွန်တစ်ယောက် ပြီးခဲ့သည့်အပတ်များတွင် သတိပြုထားခဲ့မိပြီဖြစ်သည်။ ဖေဖေါ်ဝါရီ ၇ ရက်က မော်စကို၌ ရုရှသမ္မတနှင့် ခြောက်နာရီနီးပါးကြာ ဆွေးနွေးပြောဆိုခဲ့ပြီးနောက် မက်ခရွန်က ၎င်း၏ အပြန်ခရီး လေယာဉ်ပေါ်တွင် အတူလိုက်ပါလာသည့် ဂျာနယ်လစ်များကို ပြောကြားရာတွင် ရုရှသမ္မတအိမ်တော်တွင် ပြောင်းလဲသွားခဲ့ပြီဖြစ်သော လူတစ်ဦးနှင့် တွေ့ကြုံခဲ့သည်ဟု ပြောခဲ့သည်။ ပူတင်သည် ပိုပြီး တင်းမာ ခက်ထန်နေခဲ့ပြီဟု ၎င်းက ပြောသည်။ ထို့ပြင် ပူတင်သည် အထီးကျန်နေပုံ ပေါ်သည်ဟု ၎င်းက ပြောသည်။

 ယူကရိန်း၏ ပန်ကြားချက်အရ ဆွေးနွေးညှိနှိုင်းမှုကို ဆက်လက်လုပ်ဆောင်နေခြင်း

ယူကရိန်းခွဲထွက်ဒေသနှစ်ခုဖြစ်သည့် ဒွန်နက်ခ်နှင့် လူဟန့်စ် တို့ကို လွတ်လပ်သော ပြည်သူ့သမ္မတနိုင်ငံများအဖြစ် ပူတင်က တရားဝင် အသိအမှတ်ပြုသည့် နေ့ဖြစ်သည့် ဖေဖေါ်ဝါရီ ၂၁ ရက် မတိုင်ခင်အထိ မက်ခရွန်၏ ဇွဲကောင်းသည့် သံတမန်ရေး အားထုတ်မှုများ၏ အောင်မြင်မှုများကို အားထားလျက်ဖြင့် ပြင်သစ်အစိုးရသည် အချိန်တချို့ကြာအထိ ဆက်လက်အကောင်းမြင်နေခဲ့ဆဲဖြစ်ခဲ့သည်။ ပူတင်၏ အသိအမှတ်ပြုမှု မတိုင်မီ တစ်ရက်တွင် မက်ခရွန်၏ အကြံပေးတစ်ဦးက ၎င်းတို့အနေဖြင့် တစ်ဆင့်ချင်းတစ်ဆင့်ဆိုသလို ခပ်ဖြည်းဖြည်းချင်းဖြင့် ဖြစ်စဉ် လမ်းကြောင်းကို ပြောင်းလဲရန် လုပ်ဆောင်နေသည်ဟု ပြောခဲ့သည်။ “ရုရှ အစိုးရ လက်ခံမယ့် သံတမန်ရေးရာ အလားအလာတစ်ခုကို ကျွန်တော်တို့ ဖန်တီးနေပါတယ်” ဟု ပြောခဲ့သည်။ သို့သော် ယင်းသည် အလျင်အမြန်ပင် ယတိပြတ်မပြောနိုင်သည့် အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။ လက်ရှိ လုပ်ဆောင်နေသော ဆွေးနွေးမှုများက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီး၏ ပန်ကြားချက်အရ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးမှ သံတမန်များက ပြောသည်။ ဇီလန်စကီးသည် မက်ခရွန်နှင့် ပုံမှန် စကားပြောဆိုဖြစ်သည်ဟုလည်း သိရသည်။ ပြင်သစ်သည် ယူကရိန်းကို ဘဏ္ဍာရေးအရ၊ ထောက်ပံ့ပို့ဆောင်ရေးအရ နှင့် လက်နက် ပေးပို့မှုများနှင့်အတူ ထောက်ပံ့ပေးနေသည်။ သို့သော် ထောက်ပံ့မှုတွင် မည်သည့် လက်နက်များ ပါဝင်သလဲ ဆိုသည်ကို လက်ရှိအချိန်အထိ ပြင်သစ်အစိုးရက ထုတ်မပြောထားပေ။

ပြင်သစ်အတွက် အချက်ကိစ္စနှစ်ခုက အထူးပင် အရေးကြီးသည်။ မက်ခရွန်၏ လုပ်ဆောင်မှုအားလုံးက ပြင်သစ်၏ ဥရောပ ပါတနာများနှင့် အမေရိကန်နှင့်အကြား နီးနီးကပ်ကပ် ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်ကြောင်း ၎င်းတို့က ထပ်တလဲလဲ အလေးပေး ပြောသည်။ ပြင်သစ်သမ္မတအနေဖြင့် ရွေးကောက်ပွဲကမ်ပိန်းတစ်ခုရှိနေစဉ် နိုင်ငံတကာ စင်မြင့်ထက် ၎င်းအပေါ် အများအမြင် အားကောင်းစေရန်အတွက် ယူကရိန်းစစ်ပွဲကို အကျိုးရှိရှိ အသုံးချနေသည်ဆိုပြီး သံသယဖြစ်ခံရမည့်အရေးကို ဘယ်လိုအကြောင်းနှင့်မှ လိုလားမည် မဟုတ်ပေ။

ထို့ပြင် လုံလောက်သည့် လုံခြုံရေးရင်းမြစ်များ ရှိပြီး ပိုမို၍ မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိသော၊ အချုပ်အခြာအာဏာပိုင် ဥရောပဒေသတစ်ခုဖြစ်ရေး ၎င်း၏ တောင်းဆိုချက်များအတွက် လက်ရှိအကျပ်အတည်းနှင့် ဤမတိုင်မီ ရှိနေသည့် ကပ်ရောဂါ အကျပ်အတည်းတို့က အတည်ပြုချက် ဖြစ်သည်ဟု မက်ခရွန်အနေဖြင့် ခံစားမိမည်ဖြစ်သည်။ လက်ရှိ အကျပ်အတည်းက ရုရှနှင့်အကြား ဥရောပ၏ ဆက်ဆံမှုကို အမြဲတစေ ပြောင်းလဲသွားစေလိမ့်မည်ဟု မက်ခရွန်၏ နိုင်ငံခြားမူဝါဒ အကြံပေးများက ပြောသည်။ ဥရောပ မြေပေါ်ရှိ အခြေခံကျသည့် မဟာဗျူဟာကျ အခြေအနေများက ကြီးမားသည့် အပြောင်းအလဲနှင့် ကြုံရသည့် အခြေအနေတွင် ရှိနေသည်ဟု ၎င်းတို့က ပြောသည်။

ဧပြီ ၁၀ ရက်နှင့် ၂၄ ရက်တွင် ကျင်းပမည့် ပြင်သစ်သမ္မတ ရွေးကောက်ပွဲများမတိုင်မီ ရက် ၄၀ ခန့် လိုချိန်တွင် ရလဒ်အနေဖြင့်ကမူ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒနှင့်ပတ်သက်ပြီး ပိုမိုနက်ရှိုင်းသော ချိတ်ဆက်ညှိနှိုင်းပူးပေါင်းမှုနှင့် ပိုမို ကြီးမားသော ဥရောပအချုပ်အခြာအာဏာအတွက် မက်ခရွန်၏ ယခင်တောင်းဆိုချက်များက ယခင်ကထက် ပိုပြီး အရေးတကြီး ဖြစ်လာခြင်းပင် ဖြစ်သည်။ “ဒီ အကျပ်အတည်းကနေ ရတဲ့ သင်ခန်းစာတစ်ခုက ကျွန်တော်တို့ဟာ ဥရောပအတွင်း ပြန်လည်စုဖွဲ့၊ ဖွဲ့စည်းဖို့ လိုတယ်ဆိုတာပဲ ဖြစ်ပါလိမ့်မယ်” ဟု မက်ခရွန်၏ သမ္မတရုံးဆိုင်ရာ အကြံပေးတစ်ဦးက တနင်္လာနေ့တွင် ပြောသည်။

၎င်း၏ ရည်မှန်းချက်များနှင့် ပိုမိုနီးကပ်လာခြင်း

ကိုးရိုးကားရား နိုင်သည်ဟု ထင်စရာရှိသည်က ပြင်သစ်၌ ရွေးကောက်ပွဲများ ကျင်းပရန် သိပ်မလိုတော့သည့်အချိန် လက်ရှိအချိန်တွင် ယူကရိန်း-ရုရှစစ်ပွဲက ပြင်သစ်သမ္မတ မက်ခရွန် ၂၀၁၉ ဆောင်းဦးကာလက Sorbonne ၌ မိန့်ခွန်းပြောစဉ် ပထမဆုံး ချမှတ်ခဲ့သည့် ဥရောပဆိုင်ရာ မူဝါဒရည်မှန်းချက်များကို အားပေးနေခြင်း ဖြစ်သည်။ ထို့ပြင် ဥရောပတိုက်အတွက် လုံခြုံရေး ဗိသုကာပုံစံသစ်နှင့်အတူ ၎င်းက ထပ်တလဲလဲ တောင်းဆိုထားခဲ့သည့် “မဟာဗျူဟာကျ ဥရောပ၏ ကိုယ်ပိုင်လုပ်ပိုင်ခွင့်” သည် ပြီးခဲ့သည့်အပတ်များအတွင်း ယခင်ကထက် လက်တွေ့ဖြစ်လာရန် နီးစပ်လာနေသည်က အမှန်တရားပင် ဖြစ်သည်။

အခြေအနေသည် ကြီးလေးနေပြီး အချိန်မရွေး ပြောင်းလဲနိုင် သို့မဟုတ် ယုတ်စွအဆုံး အရှိန်မြင့်တက်သွားနိုင်သည်ဟု ပြင်သစ်သမ္မတရုံးက တနင်္လာနေ့ ညနေပိုင်းတွင် ပြောသည်။ ယင်းမတိုင်မီ အစောပိုင်းနာရီများက ပူတင်သည် မက်ခရွန်နှင့် စကားပြောဆိုခဲ့စဉ် အပစ်ရပ်စဲမှုအတွက် ၎င်း၏ သတ်မှတ်ချက်များကို ပြောခဲ့သည်။ ယင်းတို့ထဲတွင် နေတိုးအုပ်စု၌ အဖွဲ့ဝင်အဖြစ် ပါဝင်မည့် အလားအလာမှန်သမျှကို ယူကရိန်းဘက်က စွန့်လွှတ်ရေး၊ သိမ်းပိုက်ခံ ခရိုင်းမီးယားကို ရုရှ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုရေး၊ ယူကရိန်း၏ စစ်အသွင် ပပျောက်ရေးနှင့် ကြားနေရေး တို့ ပါဝင်သည်။

အချက်တစ်ချက်စီတိုင်းကို မက်ခရွန်က ပယ်ချခဲ့သည်။

****************************************************************
END / 251