အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Mizzima
တနင်္လာနေ့

၂ မေ ၂၀၂၂

၂၀:၅၉:၄၁
1254212

ပူတင်၏ ထိပ်တန်းတပ်မှူး ယူကရိန်း၌ အမြှောက်ဆန်ထိမှန်ပြီး ဒဏ်ရာရရှိဟု ဆို

ရုရှသမ္မတ ဗလာဒီမာ ပူတင်၏ ထိပ်တန်း တပ်မှူး ဖြစ်သည့် ရုရှစစ်ဦးစီးချုပ်ဖြစ်သူသည် ယူကရိန်း၌ အမြှောက်ဆန်ထိမှန်ပြီး ဒဏ်ရာ ရခဲ့၍ စစ်ဇုန်ကနေ လေယာဉ်ဖြင့် ပြန်လည်ခေါ်ထုတ်ခဲ့ရကြောင်း ရုရှ ပြည်တွင်းရေးရာ ဝန်ကြီးဟောင်းတစ်ဦးက ပြောသည်။




ရုရှသမ္မတ ဗလာဒီမာ ပူတင်၏ ထိပ်တန်း တပ်မှူး ဖြစ်သည့် ရုရှစစ်ဦးစီးချုပ်ဖြစ်သူသည် ယူကရိန်း၌ အမြှောက်ဆန်ထိမှန်ပြီး ဒဏ်ရာ ရခဲ့၍ စစ်ဇုန်ကနေ လေယာဉ်ဖြင့် ပြန်လည်ခေါ်ထုတ်ခဲ့ရကြောင်း ရုရှ ပြည်တွင်းရေးရာ ဝန်ကြီးဟောင်းတစ်ဦးက ပြောသည်။

ပူတင်သည် အောင်ပွဲ ရယူနိုင်ရန် ၎င်း၏ ထိပ်တန်းတပ်မှူး ဗာလရီ ဂျရက်စ်မော့ဗ်ကို ယူကရိန်းသို့ လွှတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဂျရက်စ်မော့ဗ် ထိခိုက်ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်သည်။

ရုရှ စစ်တပ်၏ စစ်ဦးစီးချုပ် ဗာလရီ ဂျရက်စ်မော့ဗ်သည် မေလ ၁ ရက်က ယူကရိန်းနိုင်ငံ ခါဗစ် ဒေသ အိုင်ဇယမ်မြို့တွင် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဒေသသည် ရုရှတို့ ယူကရိန်းကို ကျူးကျော်ပြီးနောက် ပြင်းထန်တိုက်ပွဲများ ဖြစ်ပေါ်ထားခဲ့ရာ ဒေသလည်း ဖြစ်သည်။

ပူတင်သည် ယူကရိန်းအရှေ့ခြမ်း၌ နယ်မြေသိမ်းဆည်းရယူနိုင်ရန် ၎င်း၏ ထိုးစစ်ကို ထိန်းချုပ်နိုင်ရန် အဆိုပါ ယူကရိန်းအရှေ့ခြမ်း ဒေသသို့ ဂျရက်စ်မော့ဗ်ကို လွှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းမတိုင်မီ ရုရှစစ်တပ်သည် မတ်လကုန်ပိုင်းက ယူကရိန်းမြို့တော် ကိယက်ဗ်ကို သိမ်းမည့် ယင်း၏ အစီအစဉ်များကို စွန့်လွှတ်ပြီး ဒွန်နက်စ်ခ်နှင့် လူဟန့်စ်ဒေသတို့ ရှိသည့် အရှေ့ခြမ်း ဒွန်ဘတ်စ်ဒေသအပေါ် အာရုံစိုက် ဇောက်ချတိုက်ခိုက်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဂျရက်စ်မော့ဗ်သည် ၎င်း၏ ညာဘက် ခြေထောက် အထက်ဘက်တွင် အမြှောက်ဆန်မှန်ပြီး ဒဏ်ရာရတစ်ခု ရခဲ့ကာ အရိုး ကျိုးအက်ခြင်းတော့ မရှိခဲ့ဟု တရားဝင်မဟုတ်သည့် ရုရှသတင်းရင်းမြစ်တစ်ဦးက ထုတ်ဖော်သည်။

“အမြှောက်ဆန် အစအနကိုတော့ ဖယ်ရှားပြီးပါပြီ။ အသက်အန္တရာယ်တော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

သို့သော် ဂျရက်စ်မော့ဗ်၏ ဒဏ်ရာသည် အတန်ငယ် ပြင်းထန်သည့်အတွက် ရှေ့တန်းနေရာကနေ လေယာဉ်ဖြင့် ပြန်ခေါ်ခဲ့ကာ နောက်ထပ် ဆေးကုသမှု ခံယူရန် ရုရှသို့ ပြန်ခေါ်သွားကြောင်း သိရသဖြင့် ယင်းသည် ပူတင်၏ တပ်ဖွဲ့များအတွက် နောက်ထပ် ကသိကအောက် ဖြစ်စရာ အရှုံးတစ်ခု ဖြစ်စေခဲ့သည်။

ရုရှ စစ်ဦးစီးချုပ်၏ ဒဏ်ရာရမှု မတိုင်မီ အစောပိုင်းတစ်ရက်ကလည်း ရုရှ စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည့် အသက် ၅၅ နှစ်ရှိ အန်ဒရီ ဆိုင်မိုနော့ဗ်သည် ခါကစ်မြို့၌ သေဆုံးသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး၏ အကြံပေးတစ်ဦးက ပြောသည်။

၎င်းသည် ရုရှ ကျူးကျော်မှု စတင်ပြီးနောက် သေဆုံးခဲ့သည့် ရုရှ၏ ကိုးယောက်မြောက် စစ်ဗိုလ်ချုပ်လည်း ဖြစ်ခဲ့သည်။

+++++++++++++++++++++++++++++++++++++++++++++++++++++
END / 251