အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
အင်္ဂါနေ့

၁၀ မေ ၂၀၂၂

၁၉:၂၈:၃၈
1256477

အာဆီယံအပေါ် ၀ဖေန်မှုများလျှော့ရန် NUG ကို ဂျကာတာပို့စ်က တိုက်တွန်း

မြန်မာနိုင်ငံပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို အ၀ေးရောက် NUG အစိုးရက ၀ဖေန်နေတာဟာ ဘာကောင်းကျိုးမှ ရလာမှမဟုတ်ဘဲ၊ အာဆီယံနိုင်ငံတွေနဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်ဆက်ဆံမှုမျိုး ပိုမိုလုပ်ဆောင်သင့်တယ်လို့ ဂျကာတာပိုစ်ရဲ့ ဒီကနေ့ အယ်ဒီတာ့အာဘော်မှာ ထောက်ပြ ရေးသားထားပါတယ်။



မြန်မာနိုင်ငံပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို အ၀ေးရောက် NUG အစိုးရက ၀ဖေန်နေတာဟာ ဘာကောင်းကျိုးမှ ရလာမှမဟုတ်ဘဲ၊ အာဆီယံနိုင်ငံတွေနဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်ဆက်ဆံမှုမျိုး ပိုမိုလုပ်ဆောင်သင့်တယ်လို့ ဂျကာတာပိုစ်ရဲ့ ဒီကနေ့ အယ်ဒီတာ့အာဘော်မှာ ထောက်ပြ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆိုခွန် ဦးဆောင်ပြီး မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စကို အာဆီယံနိုင်ငံတွေက ဆွေးနွးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို အာဏာသိမ်းစစ်ကောင်စီက ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး NUG က ဒီကိစ္စကို ၀ဖေန်ခဲ့ကာ၊ အာဆီယံအဖွဲ့က သူတို့နဲ့ ဆက်သွယ်ဆောက်ရွက်မှုမရှိဘူးဆိုတဲ့ အပြစ်တင်တဲ့သဘောမျိုး တနင်္ဂနွေနေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဂျကာတာပို့်စ်ရဲ့ အယ်ဒီတာ့အာဘော်မှာ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ မလေးရှားတို့လို အာဆီယံနိုင်ငံတစ်ချို့က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စတွေကနေ စတင်ပြီး တစ်ဖြည်းဖြည်းချင်း ဆက်သွယ်ဆောင်ရွက်သွားမယ့် အစီအစဉ်ကို NUG က နားမလည်ဘဲ  ၀ဖေန်ပြစ်တင်တာတွေဟာ ဒီအစီအစဉ်ကို ထိခိုက်ပျက်ဆီးစေနိုင်ကြောင်း သတိပေးထားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာဟာ NUG တာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့ လအနည်းငယ်က တွေ့ဆုံခဲ့ပြီး အာဆီယံကိုလည်း NUG နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ တိုက်တွန်းထားတာကို ဆောင်းပါးမှာ ထောက်ပြထားပါတယ်။

ဆိုက်ဖူဒင်ရဲ့ ဒီပြောကြားမှုကို အာဏာသိမ်းစစ်ကောင်စီက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။  

အာဆီယံအဖွဲ့ဟာ မိမိဆန္ဒရှိတဲ့အတိုင်း လုပ်ဆောင်လို့မရဘဲ မြန်မာပြည်သူတွေ လွတ်လပ်မှုပြန်ရဖို့နဲ့ အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ဖို့ ဆောင်ရွက်ပေးနိုင်မယ့် အဖွဲ့အစည်းတွေထဲမှာ ကိုယ်တိုင်ပါဝင်နေတယ်ဆိုတာ NUG က နားလည်ဖို့ လိုကြောင်း၊ NUG က မလုံလောက်သေးဘူးလို့ ထင်မြင်ယူဆနေပေမယ့် အာဆီယံအဖွဲ့အစည်းဟာ ၀င်မစွက်ရေးမူဝါဒကိုတောင် လစ်လျူရှုပြီး မြန်မာပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ ကြိုးပမ်းနေကြောင်း အယ်ဒီတာ့အာဘော်မှာ ဖော်ပြထားပါတယ်။

အာဆီယံက ဒီလို ကူညီဆောင်ရွက်ပေးနေပမယ့် NUG က ခေါင်းဆောင်တင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အထူးသဖြင့် အင်ဒိုနီးရှားနဲ့ မလေးရှားတို့အပေါ်မှာ အယုံအကြည်နည်းကာ ရန်ထောင်ခဲ့ပြီး၊ လာရောက်လည်ပတ်ဖို့ ဖိတ်ကြားမှုကိုတောင် ငြင်းဆိုခဲ့ကြောင်း ထောက်ပြထားပါတယ်။

အာဆီယံအစည်းအ၀ေးတွေမှာ တက်ရောက်ခွင့်မပေးတာလို့ မကြုံစဖူးဆောင်ရွက်ချက်တွေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံက အပြစ်ပေးထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၁၉ ခုနှစ် နိုင်ငံတကာ ခုံသမာဓိရုံး ICJ မှာ မြန်မာစစ်တပ်ကို လိုလိုလားလား ကာကွယ်ပေးခဲ့တာကို အာဆီယံကို ၀ဖေန်နေတဲ့ NUG က သတိချပ်ဖို့လိုကြောင်းလည်း ထောက်ပြထားပါတယ်။

မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံနိုင်ငံတွေအကြား သဘောထားကွဲလွဲနေပြီး အထူသဖြင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံနေတယ်လို့ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးနိုင်ရေးအတွက် အာဆီယံဟာ လိုအပ်တာထက် ပိုမိုလုပ်ဆောင်ထားကြောင်း၊ ကူညီမယ့်သူမရှိတဲ့ NUG အနေနဲ့ အာဆီယံရဲ့ လုပ်ရပ်ကို ရှုတ်ချတာတွေ၊ ၀ဖေန်တာတွေ လုပ်နေမယ်ဆိုရင် ဆိုးကျိုးတွေသာ ရရှိမှာဖြစ်ပြီး အာဆီယံအဖွဲ့နဲ့ သံတမန်ရေးရာ ပိုမိုချဉ်းကပ်ဆောင်ရွက်ဖို့ ဂျကာတာပို့စ်ရဲ့ အယ်ဒီတာ့အာဘော်အဆုံးပိုင်းမှာ တိုက်တွန်းထားပါတယ်။

****************************************************************
END / 251