အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : MIZZIMA
ကြာသပတေးနေ့

၁၉ မေ ၂၀၂၂

၁၉:၀၄:၀၇
1259044

သီရိလင်္ကာ ဝန်ကြီးချုပ်ဟောင်းနှင့် မဟာမိတ်များ နိုင်ငံကနေ ပြည်ပထွက်ခွာခွင့် တားမြစ်ခံရ

သီရိလင်္ကာနိုင်ငံတွင် အစိုးရဆန့်ကျင်သော ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း မဟင်ဒါ ရာဂျာပက်ဆာ၊ ၎င်း၏ သားဖြစ်သူ နိုင်ငံရေးသမား နာမဲလ် နှင့် အခြား မဟာမိတ်အပေါင်းပါ ၁၅ ဦးတို့ကို နိုင်ငံကနေ ပြည်ပထွက်ခွာခွင့် တားမြစ်ကြောင်း တရားရုံးတစ်ခုက မေလ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။





သီရိလင်္ကာနိုင်ငံတွင် အစိုးရဆန့်ကျင်သော ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း မဟင်ဒါ ရာဂျာပက်ဆာ၊ ၎င်း၏ သားဖြစ်သူ နိုင်ငံရေးသမား နာမဲလ် နှင့် အခြား မဟာမိတ်အပေါင်းပါ ၁၅ ဦးတို့ကို နိုင်ငံကနေ ပြည်ပထွက်ခွာခွင့် တားမြစ်ကြောင်း တရားရုံးတစ်ခုက မေလ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

မေလ ၉ ရက်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို လူအုပ်စုဖွဲ့ တိုက်ခိုက်မှုဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးရန် မြို့တော် ကိုလံဘိုမှ ရာဇဝတ်တရားသူကြီးက ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့သည်။ မေလ ၉ ရက် တိုက်ခိုက်မှုများကြောင့် လက်တုံ့ပြန် ထိပ်တိုက်တွေ့ အကြမ်းဖက်မှုကို ဖြစ်စေခဲ့ပြီး လူ ကိုးဦး အသက်ဆုံးရှုံးခဲ့ကာ ကြီးမားသည့် ထိခိုက်ပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ရာဂျာပက်ဆာနှင့် ၎င်း၏ အပေါင်းပါများကို ဖမ်းဝရမ်း ထုတ်ရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုတစ်ခုတွင် တောင်းဆိုထားကြောင်း တရားရုံး အရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

“ဒါပေမယ့် တရားသူကြီးက ဒါကို ပယ်ချခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သံသယရှိသူတိုင်းကို ဖမ်းဆီးထိန်းသိမ်းနိုင်မယ့် အခွင့်အာဏာ ရဲတွေမှာ ရှိနေလို့ပါ” ဟု ၎င်းက ပြောသည်။

ရာဂျာပက်ဆာနှင့် ၎င်း၏ လက်ထောက်များသည် ၎င်းတို့ကို ထောက်ခံသည့် လူပေါင်း ၃,၀၀၀ ခန့်ကို မြို့တော်သို့ ဘတ်စ်ကားများဖြင့် ခေါ်ဆောင်လာခဲ့ပြီး ငြိမ်းချမ်းစွာ ရှိနေသော ဆန္ဒပြသူများကို တိုက်ခိုက်ရန် လှုံ့ဆော်ခဲ့ကြောင်း မေလ ၉ ရက် အကြမ်းဖက်မှုတွင် ခံခဲ့ရသူများက ပြောကြသည်။

ရာဂျာပက်ဆာကို သစ္စာခံသော လူအုပ်စုသည် ၎င်း၏ နေအိမ်ထဲကနေ ထွက်လာပြီး အစိုးရဆန့်ကျင်သော ဆန္ဒပြသူများကို တုတ်များဖြင့် ရိုက်နှက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ခံရပြီးနောက် ဆေးရုံသို့ ရောက်ရှိသွားသူ ၂၂၅ ဦးထက်မနည်းတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးများနှင့် ကက်သလစ် ခရစ်ယာန်ဘုန်းကြီးများလည်း ပါဝင်ခဲ့သည်။

ယင်းနောက် လက်တုံ့ပြန်မှုများက နိုင်ငံတဝန်း ပျံ့နှံ့ဖြစ်ပေါ်ခဲ့ပြီး ရာဂျာပက်ဆာကို သစ္စာခံသူများ၏ ဒါဇင်နှင့်ချီသော နေအိမ်များ မီးရှိုခံခဲ့ရသည်။

မဟင်ဒါ ရာဂျာပက်ဆာသည် ပြီးခဲ့သည့် ရက်ပိုင်းက ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်သွားခဲ့ပြီး ၎င်းကို လက်နက်ကိုင်တပ်ဖွဲ့ဝင်များဖြင့် နေအိမ်ကနေ အခြားဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။

အသက် ၇၆ နှစ်ရှိ ခေါင်းဆောင်ဟောင်းသည် လက်ရှိတွင် အဆိုပါ ကျွန်းနိုင်ငံ၏ အရှေ့ပိုင်း ရေတပ် အဆောက်အအုံတစ်ခုတွင် ရှိနေသည်ဟု သိရသည်။

၎င်းတို့မိသားစုအနေဖြင့် နိုင်ငံကနေ ထွက်ခွာရန် ရည်ရွယ်ချက် မရှိဟု သားဖြစ်သူ နာမဲလ်က မေလ ၁၀ ရက်တွင် အေအက်ဖ်ပီကို ပြောသည်။

****************************************************************
END / 251