အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
ကြာသပတေးနေ့

၂၉ စက်တင်ဘာ ၂၀၂၂

၀၈:၄၀:၂၄
1308984

အရှေ့တောင်အာရှမှ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းကို စစ်တမ်းကောက်ယူမှု ဘာတွေတွေ့လဲ

အရှေ့တောင်အာရှက အစ္စလာမ်ဘာသာဝင် အများစုဟာ ဘာသာတရားကို လိုက်နာကျင့်သုံးရာမှာ ပြောင်းလဲလာတဲ့ ခေတ်ကို ပြုပြင် သွတ်သွင်းနိုင်တယ်ဆိုတာ မကြာသေးခင်က ပြုလုပ်တဲ့ လေ့လာမှုတစ်ရပ်မှာ တွေ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်န

အရှေ့တောင်အာရှက အစ္စလာမ်ဘာသာဝင် အများစုဟာ ဘာသာတရားကို လိုက်နာကျင့်သုံးရာမှာ ပြောင်းလဲလာတဲ့ ခေတ်ကို ပြုပြင် သွတ်သွင်းနိုင်တယ်ဆိုတာ မကြာသေးခင်က ပြုလုပ်တဲ့ လေ့လာမှုတစ်ရပ်မှာ တွေ့ရပါတယ်။

အရှေ့တောင်အာရှဒေသမှာ အစ္စလာမ်ဘာဝင် သန်း ၂၅၀ လောက် ရှိနေတာပါ။ ၄၅ ရာခိုင်နှုန်းက သူတို့ဟာ ဘာသာတရားကို လိုက်နာ ကျင့်သုံးကျသူတွေဖြစ်တယ်လို့ ယုံကြည်ကြောင်း Wunderman Thompson Intelligence နဲ့ VMLY&R Malaysia တို့ ပူးပေါင်းပြုလုပ်တဲ့ စစ်တမ်းမှာ ဖြေကြားခဲ့ပါတယ်။

လေ့လာတွေ့ရှိချက်တွေကို New Muslim Consumer အမည်နဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်း အနောက်တိုင်းစတိုင်လူနေမှု တွင်ကျယ်လာတဲ့အချိန်မှာ အရှေ့တောင်အာရှ မွတ်စလင်တွေက ဘာသာတရားအဆုံးမနဲ့ ကိုက်ညီတဲ့ လူနေမှုမျိုးဖြစ်အောင် ဖန်တီးယူနေကြပါတယ်။

ဖက်ရှင်ကဏ္ဍမှာ ခန္ဓာကိုယ်လုံခြုံမှုကို အခြေခံတဲ့ ‘Modest Fashion’ မျိုး ထွန်းကားလာသလို၊ အိမ်ထောင်ဖက်ရှာတဲ့ကဏ္ဍ၊ ခရီးသွားတဲ့ကဏ္ဍမှာလည်း အစ္စလာမ့်ကျင့်ဝတ်တွေနဲ့ ကိုက်ညီမယ့် Muslim Dating App၊ Halal Travel App စတာတွေကို တီထွင်ဖန်တီး အသုံးပြုလာကြပါတယ်။

“မွတ်စလင်တွေဟာ ဝယ်ယူသုံးစွဲတဲ့နေရာမှာ ဘာသာတရားနဲ့ ကိုက်ညီရဲ့လားဆိုတာမျိုး ပိုမိုစဉ်စား သုံးသပ်လာကြပါတယ်။ နည်းပညာအသစ်တွေကို ချဉ်းကပ်ရာမှာလည်း ဒီလိုပါပဲ။ Metaverse သုံးတဲ့အခါ အစ္စလာမ့်သွန်သင်ချက်နဲ့ ဘာတွေညိနိုင်လဲပေါ့” လို့ Wunderman Thompson Intelligence အဖွဲ့ရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ ဒါရိုက်တာ ချန်မေယီက ပြောပါတယ်။

စစ်တမ်းမှာ အစ္စလာမ်ဘာသာဝင် ၉၁ ရာခိုင်နှုန်းက သူတို့ ဝယ်ယူအသုံးပြုတဲ့ ပစ္စည်းတွေဟာ ဟာလာဖြစ်ရဲ့လားဆိုတာကို ဆန်းစစ်ဖို့ အရေးအကြီးဆုံးဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

စစ်တမ်းဟာ အင်ဒိုနီးရှားနဲ့ မလေးရှားက အစ္စလာမ်ဘာဝင် တစ်ထောင်လောက်ကို မေးမြန်းကောက်ယူထားတာ ဖြစ်ပါတယ်။

ဘာသာရေးကျင့်သုံးမှု

လူ ၃ ယောက်မှာ တစ်ယောက်က သူတို့ဟာ မိဘတွေထက်ပိုပြီး ဘာသာရေးကို လိုက်နာကျင့်သုံးတယ်လို့ ယုံကြည်ကြောင်း စစ်တမ်းမှာ ဖြေကြားပါတယ်။

၄၅ ရာခိုင်နှုန်းက သူတို့ဟာ ဘာသာရေးသွန်သင်မှုတွေကို သေသေချာချာ လိုက်နာကျင့်သုံးတယ်လို့ ယူဆနေပြီး၊ ၂၁ ရာခိုင်နှုန်းက မိဘတွေလောက် ဘာသာရေးကို အလေးမထားဖြစ်ဘူးလို့ ဖြေကြားခဲ့ပါတယ်။

ဘုရားသခင်နဲ့ ခိုင်မာတဲ့ ဆက်သွယ်မှုရဖို့က ဘဝမှာ အရေးအကြီးဆုံးဖြစ်တယ်ဆိုတာကို ၉၁ ရာခိုင်နှုန်းက လက်ခံကြပါတယ်။

စီးပွားရေး

စစ်တမ်းမှာ ဖြေကြားသူတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်က ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ အတိုးမယူရ၊ ခေါင်းပုံမဖြတ်ရ စတဲ့ အစ္စလာမ်ရဲ့ သွန်သင်မှုနဲ့ ကိုက်ညီဖို့ အလွန်အရေးကြီးတယ်လို့ ယူဆပါတယ်။

၇၇ ရာခိုင်နှုန်းက သူတို့ဟာ ခရီးသွားရင် ဟာလာအစားအသောက် ရရှိနိုင်မှုကို အဓိကထား ရွေးချယ်တယ်လို့ ဖြေကြားပါတယ်။

အရှေ့တောင်အာရှ အစ္စလာမ်လူ့အဖွဲ့အစည်းမှာ မိသားစု စားဝတ်နေရေးကို တာဝန်ယူ ဖြည့်ဆည်းပေးတဲ့ အမျိုးသမီးအရေအတွက်ဟာ ၄၂ ရာခိုင်နှုန်းလောက် ရှိတာကိုလည်း အခု စစ်တမ်းမှာ တွေ့ခဲ့ရပါတယ်။

****************************************************************
END / 251