အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၂၂ ဒီဇင်ဘာ ၂၀၂၂

၁၉:၃၅:၃၆
1332892

ကုလလုံခြုံရေးကောင်စီ၏ မြန်မာအရေးဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာတုံ့ပြန်ချက်

မြန်မာနိုင်ငံအရေးနဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာနိုင်ငံအရေးနဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဒီဇင်ဘာ ၂၁  ရက်မှာ ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

နိုင်ငံတဝန်း အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံနေရတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ဖို့၊ လူသားချင်းစာနာမှုအကူအညီ အကန့်အသတ်အထိန်းအချုပ်မရှိ ခွင့်ပြုဖို့ စတာတွေပါဝင်တဲ့ ဆုံးဖြတ်ချက်ကို  ကုလသမဂ္ဂလုံခြုံရေးကောင်စီက  ဒီဇင်ဘာ ၂၁  ရက်မှာ ကန့်ကွက်သူမရှိ အတည်ပြုချမှတ်ခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ဟာ အကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက အရပ်သားပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်မှုနဲ့ အကြမ်းဖက်မှုတွေ တိုးမြှင့်ဆောင်ရွက် လာတာကို အဆုံးသတ်ဖို့  လုံခြုံရေးကောင်စီရဲ့ အရေးပါတဲ့ ခြေလှမ်းတခုဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဒီမိုကရေစီ လိုလားတောင့်တမှုကို လေးစားဖို့ စစ်အာဏာရှင်ကို နိုင်ငံတကာအသိုက်အဝန်းက အလေးအနက်ပေးပို့တဲ့ သတင်းစကားဖြစ်တယ်လို့ ဝန်ကြီးဘလင်ကန်က ပြောပါတယ်။

ဒီဆုံးဖြတ်ချက်ကို ချီးကျူးပေမဲ့ မြန်မာနိုင်ငံတွင်းမှ အကျပ်အတည်းအတွက် တရားမျှတတဲ့ ဖြေရှင်းမှုတခု ပေါ်ပေါက်လာစေဖို့လုံခြုံရေးကောင်စီက ဆက်လက် ဆောင်ရွက်နိုင်တဲ့ အရာများစွာ ကျန်ရှိ​နေပါသေးတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ ဒီအခွင့်အရေးကိုအသုံးချပြီး မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်စေဖို့နဲ့ တခြားနည်းလမ်းသစ်တွေရှာဖွေရေး၊ အာဏာရှင်အဖွဲ့အစည်းရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံမှု တာဝန်ယူမှု ပိုမိုရှိလာစေရေးနဲ့  ဘုံသဘောတူညီချက် ၅ ရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ အားထုတ်နေတဲ့ အာဆီယံအဖွဲ့ကို အားပေးထောက်ခံဖို့  အမေရိကန်က တိုက်တွန်းပါတယ်။

ဒီဆုံးဖြတ်ချက် ဖြစ်မြောက်လာဖို့ အဆိုပြုချက်မူကြမ်း ရေးဆွဲ ကမကထလုပ် ဆောင်ရွက်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး ဘာဘရာဝုဒ်ဝါ့ဒ်ကတော့ ဒီနေ့ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို အကြွင်းမဲ့လုံးဝလိုက်နာ အကောင်အထည်ဖော်ပေးဖို့လိုမယ်ဆိုတဲ့ အချက်ကို မြန်မာစစ်တပ် သိအောင် အခိုင်အမာသတင်းစကားပါးလိုက်တာ ဖြစ်တယ်လို့ ဆုံးဖြတ်ချက် မူကြမ်းကို မဲပေးပြီးနောက်မှာ ပြောပါတယ်။

မြန်မာနိုင်ငံသားတွေကို သူတို့ရဲ့အခွင့်အရေး၊ မျှော်လင့်ချက်၊ ဆန္ဒတွေနဲ့ ကိုက်ညီမယ့် တိုးတက်ပြောင်းလဲမှုတွေရအောင် ကြိုးပမ်းနေတယ်ဆိုတာကိုပါ ရှင်းရှင်းလင်းလင်း အသိပေးလိုက်နိုင်တာလို့လည်း ဗြိတိန်နိုင်ငံသံအမတ်ကြီး ဘာဘရာဝုဒ်ဝါ့ဒ်က ပြောပါတယ်။

“ဒီနေ့တော့ မြန်မာနိုင်ငံ အခြေအနေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တခုကို ပထမဆုံးအကြိမ်အဖြစ်နဲ့ လုံခြုံရေးကောင်စီမှာ ကျမတို့ ချမှတ်နိုင်ခဲ့ပါတယ်။ ဒါဟာ ရက်သတ္တပတ်ပေါင်းများစွာ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ ဒေသတွင်းမိတ်ဘက် အဖွဲ့အစည်းတွေ နိုင်ငံတွေနဲ့အတူ သေသေချာချာ ဂရုတစိုက် ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်ပြီး ရရှိလာတဲ့ ရလဒ်တခုပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒီမိုကရေစီနည်းလမ်းအတိုင်း ရွေးကောက်ပွဲကနေ ရရှိလာတဲ့ ရလဒ်ကို မြန်မာစစ်တပ်က ပြောင်းပြန်လှန်ကာ အာဏာသိမ်းယူခဲ့ပြီး မြန်မာနိုင်ငံနဲ့ နိုင်ငံသား ၅၅ သန်းကို ပဋိပက္ခတွေ၊ လူသားချင်းစာနာမှုအရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးပြဿနာတွေကြား ရောက်အောင် ဆွဲနှစ်ခဲ့ပါတယ်။ အာဏာသိမ်းမှုရဲ့ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံမှာသာမက ဒေသတွင်းမှာပါ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။”

ဒီဆုံးဖြတ်ချက်မဲခွဲရာမှာ မဲမပေးဘဲ ကြားနေခဲ့တဲ့ တရုတ်နိုင်ငံကတော့  အခုမဲခွဲပြီး ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ အဆင်ပြေ အောင်မြင်မယ်ဆိုတာ သံသယရှိနေဆဲ ဖြစ်ပါတယ်။ မြန်မာ့ပဋိပက္ခတွေကို ပြင်ပကနေ အလွယ်တကူနဲ့ လျင်လျင်မြန်မြန် ဖြေရှင်းပေးနိုင်မှာမဟုတ်ဘဲ  မြန်မာနိုင်ငံကိုယ်တိုင်ကသာ ဖြေရှင်းနိုင်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံရဲ့ သံတမန် ကျန်းဂျင်းက “အခုလိုအခြေအနေမျိုးမှာ လုံခြုံရေးကောင်စီရဲ့ ဥက္ကဋ္ဌကနေ ထုတ်ပြန်ချက်ထုတ်တာ ပိုပြီးသင့်လျော်မယ်လို့ ထင်ပါတယ်။ ပါဝင်တဲ့ အချက်အလက်တွေဆိုရင်လည်း ညှိနှိုင်းပြုပြင်ထားပြီးဖြစ်ပေမယ့် မျှတမှုတော့ မရှိသေးဘူး။ အဲဒါကြောင့် တရုတ်က မဲဝင်မပေးခဲ့ပါဘူး။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ရပ်တည်ချက်တွေကို ပြောရရင် ပထမအချက်က မြန်မာ့အရေးဟာ ပြင်ပတခုတည်းကနေ အဆောတလျင် ဝင်ပြီးဖြေရှင်းလို့မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပြဿနာပြေလည်ဖို့အတွက် အခြေခံအားဖြင့် မြန်မာကိုယ်တိုင်အပေါ်မှာပဲ မူတည်နေတာ။” လို့ ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်  ဗက်ဆလီနီဗင်းဇီးယားကလည်း ရုရှားရဲ့ အမြင်မှာ မြန်မာ့အရေးဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်မယ့်ပြဿနာတစ်ခု မဟုတ်တာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဝင်ရောက်ဖြေရှင်းပေးဖို့ မလိုဘူးလို့ ယူဆကြောင်း ပြောခဲ့ပါတယ်။

မြန်မာ့အရေး ဆုံးဖြတ်ချက်အဆိုပြုမူကြမ်းကို မဲခွဲဆုံးဖြတ်ရာမှာတော့ အဖွဲ့ဝင် နိုင်ငံ ၁၅ နိုင်ငံထဲမှာ  ရုရှားနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံဖြစ်တဲ့  တရုတ်နဲ့ အိန္ဒိယတို့ ပါဝင်မဲပေးခြင်းမရှိခဲ့ဘဲ ကျန်တဲ့ ၁၂ နိုင်ငံက ထောက်ခံမဲပေးကာ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားတို့က မဲမပေးဘဲနေတာကို ကြည့်ရင် ရှိစုမဲ့စု မိတ်ဘက်နည်းနည်းလေးကတောင်မှ ဒီမြန်မာစစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေေပေါ်မှာ အငြိုငြင်ခံပြီး ကာကွယ်ပေးလိုစိတ် မရှိတော့ဘူးဆိုတဲ့ သဘောပဲလို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့  HRW ရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒါရိုက်တာ လူးဝစ်ရှာဘွန်နူးက ပြောလိုက်ပါတယ်။

HRW ရဲ့ အာရှဒါရိုက်တာ အီလိန်းပီယာဆန်ကလည်း “လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ရက်စက်မှုတွေကို တာဝန်ခံမှုရှိစေရေးအတွက် မြန်မာနိုင်ငံသားတွေအတွက် အရေးကြီးတဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။ ဒီ ဆုံးဖြတ်ချက်ကနေ အကြမ်းဖက်မှုတွေကို နေ့စဉ်နဲ့အမျှ ရက်ရက်စက်စက် ကျူးလွန်နေတဲ့ မြန်မာစစ်အာဏာရှင်တွေကို စောင့်ကြည့်စစ်ဆေးထိန်းသိမ်းမယ့် အစီအစဉ်သစ် ပေါ်ထွန်းလာမှာဖြစ်ပြီး ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် ရဲရဲဝံ့ဝံ့ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူလူထုရဲ့ ကြိုးစားအားထုတ်မှုတွေအပေါ်မှာ အသိအမှတ်ပြုမှုကိုပြရာရောက်ပါတယ်” လို့ ပြောပါတယ်။

အခု အတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ကမ္ဘာ့အနှံ့နဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေကနေ မြန်မာစစ်အာဏာရှင်တွေကို အင်အားအသစ်နဲ့ ဖိအားတွေပေးဖို့ စမှတ်တခုလည်း ဖြစ်လိမ့်မယ်လို့လည်း HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ရဲ့ အတွင်းရေးမှူးချုပ် အန်းနီးရက်စ်ကလာမာ့ဒ်ကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံက အလွန်ဆိုးရွားတဲ့အခြေအနေတွေကို အသိအမှတ်ပြုဖို့အတွက် သေးငယ်ပေမယ့် အရေးကြီးတဲ့ ခြေတလှမ်းကို လှမ်းလိုက်ပြီဖြစ်ကြောင်းနဲ့ အခုဆိုရင် လုံခြုံရေးကောင်စီမှာ ပုံမှန်တံခါးဖွင့်အစည်းအဝေးတွေကို ဆောင်ရွက်ပြီးထွက်ပေါ်လာတဲ့ တောင်းဆိုချက်တွေကို အကောင်အထည်ပေါ်စေဖို့ ပုံမှန်လုပ်ဆောင်သွားရတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် အခုဆုံးဖြတ်ချက်ရဲ့ အခန်း ၇ မှာပါဝင်တဲ့ ထပ်ဆောင်းဆုံးဖြတ်ချက်တွေထဲမှာ ဖော်ပြထားတယ်လို့ ပြောပါတယ်။

မြန်မာ့ပဋိပက္ခတွေ ပြေလည်စေရေးအတွက် နောက်ထပ်အရေးတကြီးဆောင်ရွက်ဖို့လိုတဲ့ လက်နက်တင်ပို့မှု ပိတ်ဆို့တားဆီးရေး၊ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဆောင်ရွက်ရေးနဲ့ ပြစ်မှုတွေအတွက် နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုနိုင်ရေးတို့ကတော့ အခုအတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်မှာ မပါဝင်သေးဘူးလို့ AI ရဲ့ ထုတ်ပြန်ချက်က ပြောပါတယ်။

ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အရပ်သားတွေကို တိုက်ခိုက်နေတာတွေကို စိတ်ထင်တိုင်း ကျူးလွန်လို့မရတော့ဘူး လုံခြုံရေးကောင်စီက စောင့်ကြည့်နေတယ် ဆိုတဲ့အသိ မြန်မာစစ်တပ်ကို ပေးလိုက်နိုင်မှာဖြစ်ပါတယ်လို့ AI အကြီးအကဲက ပြောပါတယ်။

၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ စဖြစ်လာကတည်းက နှစ်ပေါင်း ၇၅ နှစ်နီးပါး အကြာမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တခုကို ချမှတ်ခဲ့ပါတယ်။

ဗြိတိန်က တင်ပြလာတဲ့ ဒီဆုံးဖြတ်ချက်မူကြမ်းကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကနေ စတင်ကာ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အဲဒီမူကြမ်းမှာ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ချက်ချင်းရပ်တန့်ဖို့နဲ့ ကုလသမဂ္ဂရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ဖို့တို့ ကနဦးကဖော်ပြထားခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲဒီစာသားတွေကို ဖယ်ရှားလိုက်ကြတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။


****************************************************************
END / 251