အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္ဂနွေနေ့

၅ မေ ၂၀၂၄

၂၀:၁၆:၂၉
1456406

ရခိုင်စစ်မျက်နှာတွင် AA က လုံးဝအသာစီးရနေ၊ ၂၀၂၅ တွင် နယ်မြေအများစု ထိန်းချုပ်နိုင်မည်ဟု သုံးသပ်

ရခိုင်စစ်မျက်နှာမှာ စစ်ကောင်စီက တန်ပြန်တိုက်စစ်မလုပ်နိုင်ဘဲ ရက္ခိုင့်တပ်တော် AA က လုံးဝအသာစီးရနေပြီး ၂၀၂၅ ခုနှစ်မှာတော့ ရခိုင်ပြည်နယ်အတွင်းက‌ နေရာအတော်များများကို ထိန်းချုပ်သွားနိုင်ခြေရှိတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရခိုင်စစ်မျက်နှာမှာ စစ်ကောင်စီက တန်ပြန်တိုက်စစ်မလုပ်နိုင်ဘဲ ရက္ခိုင့်တပ်တော် AA က လုံးဝအသာစီးရနေပြီး ၂၀၂၅ ခုနှစ်မှာတော့ ရခိုင်ပြည်နယ်အတွင်းက‌ နေရာအတော်များများကို ထိန်းချုပ်သွားနိုင်ခြေရှိတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ခြေမြန်တပ်ရင်း ၂ ရင်းတို့ကို သိမ်းပိုက်နိုင်ပြီလို့ ရက္ခိုင့်တပ်တော် (AA) က မေ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မေယုမြစ်နဲ့ စိုင်းဒင်ချောင်းကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ကို မေ ၂ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့   ခမရ ၅၅၆ ကို ဧပြီ ၂၄ နဲ့ ခမရ ၅၅၁ ကို မေ ၃ ရက်နေ့မှာ အသီးသီးသိမ်းပိုက်လိုက်တာလို့ဆိုပါတယ်။

အဲဒီစခန်းတွေကနေ သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းပိုက်ရရှိခဲ့သလို စစ်ကောင်စီတပ်သားအများအပြားလည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  AA က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲတို့နဲ့ ချင်းပြည်နယ် ပလက်ဝ စုစုပေါင်း ၉ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲ စတဲ့မြို့နယ်တွေမှာလည်း အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။ လက်ရှိစစ်ရေးအနေအထားတွေကို ကြည့်ရင် ထိုးစစ်ဆင်နေတဲ့ မြို့နယ်တွေကို လာမယ့်မိုးတွင်းမှာ အပြီးသတ်သိမ်းပိုက်သွားနိုင်ခြေရှိသလို စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကိုလည်း မြို့ထဲဝင်မတိုက်ရင်တောင် ဝိုင်းပတ်ထိန်းချုပ်ထားနိုင်မယ့် အခြေအနေရှိတယ်လို့ ရခိုင်နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဉီးဖေသန်းက ပြောပါတယ်။

ဒါကြောင့် ရက္ခိုင့်တပ်တော်အနေနဲ့ မျှော်မှန်းထားတဲ့အတိုင်း လာမယ့် ၂၀၂၅ ခုနှစ်မှာတော့ ရခိုင်ပြည်နယ်အတွင်းက နယ်မြေအများစုဟာ လွတ်မြောက်သွားနိုင်ခြေရှိတယ်လို့ဆိုပါတယ်။

“ခြုံပြီးတော့ ပြောရရင် မိုးတွင်းလောက်မှာ အခြေအနေတခုအထိ ပြောင်းလဲသွားနိုင်တယ်။ ၂၀၂၅ ဆိုရင်တော့ သူတို့မျှော်မှန်းသလိုပေါ့ ရခိုင်ပြည်ရဲ့ နေရာတော်တော်များများကို ထိန်းချုပ်ပြီးသားဖြစ်လိမ့်မယ်။ လွတ်မြောက်နယ်မြေတော်တော်များများကို ထူထောင်ပြီးသားဖြစ်လိမ့်မယ်” လို့ ဦးဖေသန်းက ပြောပါတယ်။

AA အနေနဲ့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လုံးဝပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေဖြစ်သလို စစ်ရေးအခြေကို ကြည့်မယ်ဆိုရင်တော့ စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်မှာ လုံးဝ တန်ပြန်တိုက်စစ် မလုပ်နိုင်တာကြောင့် AA က လုံးဝ အသာစီးရထားတဲ့အခြေအနေလို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

“လက်ရှိအချိန်ထိတော့ AA ရဲ့ ထိုးစစ်ရော တိုက်စစ်အနေအထားရော ထိန်းချုပ်ပြီးနယ်မြေ၊ သိမ်းပိုက်ပြီး နယ်မြေတွေရော သူတို့ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်တယ်။ AA အနေနဲ့ ဒါ တိုက်စစ်ဖွင့်ထားနိုင်တုန်းလို့ ပြောလို့ရတယ်။ စစ်ကောင်စီကတော့ လေကြောင်းကလွဲလို့ ကျန်တဲ့ တန်ပြန်တိုက်စစ် မလုပ်နိုင်သေးဘူးပေါ့။ ကျန်တဲ့ စစ်မျက်နှာတွေကို ပိုပြီးတော့ အရေးကြီးနေတဲ့ အနေအထားမျိုးတွေကို အဓိပ္ပာပေါ်နေတဲ့အတွက် စစ်ကောင်စီဘက်က ခံစစ်ပေါ့၊ ခံစစ်နဲ့ နောက်ထပ် သူတို့ရဲ့ တပ်ရင်းဌာနချုပ်တွေ မကျအောင်ဘဲ ကာကွယ်နေရတဲ့ အနေအထားမျိုး ရှိတယ်။ အဲ့တော့ စစ်ရေးအခြေအနေအရတော့ တိုက်စစ်ဖွင့်နိုင်တဲ့ဘက်က သာတာဆိုတော့ စစ်ရေးအရ အသာစီးရနေဆဲလို့ ဆိုလို့ရပါတယ်” လို့ ပြောပါတယ်။

ဒါပေမဲ့ ရခိုင်တပြည်နယ်လုံးလွတ်မြောက်ဖို့အတွက်ကတော့ လာမယ့် မိုးအကုန်မှာ AA ရဲ့ တိုက်စစ်ဖွင့်နိုင်မှု အခြေအနေတွေကို စောင့်ကြည့်ရမယ်လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေနဲ့ စီးပွားရေးလုပ်ကွက်တွေရှိရာ ကျောက်ဖြူတို့မှာရှိတဲ့ လူထုတွေကိုလည်း ထွက်ခွာကြဖို့ သတိပေးထားပြီးဖြစ်တာကြောင့် အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်တဲ့အခြေအနေရှိနေပါတယ်။
.......................................................
END / 251