အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
အင်္ဂါနေ့

၇ မေ ၂၀၂၄

၂၀:၁၉:၅၁
1456952

၃ နှစ်သား PDF ဘယ်လောက်အထိ ခရီးရောက်ပြီလဲ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် တနိုင်ငံလုံးအတိုင်းအတာနဲ့ လမ်းပေါ်ထွက်ဆန့်ကျင်မှုတွေဖြစ်ခဲ့တာပါ။ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေ ရှိလာတဲ့နောက်မှာတော့ လူထုရဲ့ဆန့်ကျင်မှုတွေဟာ လက်နက်ကိုင်တော်လှန်ရေးအသွင်ကို ပြောင်းလဲခဲ့လာပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် တနိုင်ငံလုံးအတိုင်းအတာနဲ့ လမ်းပေါ်ထွက်ဆန့်ကျင်မှုတွေဖြစ်ခဲ့တာပါ။ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေ ရှိလာတဲ့နောက်မှာတော့ လူထုရဲ့ဆန့်ကျင်မှုတွေဟာ လက်နက်ကိုင်တော်လှန်ရေးအသွင်ကို ပြောင်းလဲခဲ့လာပါတယ်။

အဲဒီနောက် အမျိုးသားညီညွတ်ရေးအစိုးရပေါ်ပေါက်လာခဲ့ပြီး မေလ ၅ ရက်နေ့မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို တည်ထောင်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ခုတော့ NUG လက်အောက်ခံ PDF တွေဟာ ၃ နှစ်သက်တမ်းပြည့်ခဲ့ပါပြီ။

၃ နှစ်သား PDF လျှောက်ခဲ့တဲ့ ခရီး ဘယ်လောက်ပေါက်ခဲ့ပါပြီလဲ။ PDF တွေဟာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးတွဲတိုက်ပွဲဝင်နေရာကနေ သီးသန့်တိုက်ပွဲ ဖော်ဆောင်နိုင်လာတဲ့ အခြေအနေကို ရောက်ရှိလာပြီဆိုတာကတော့ မြေပြင်တိုက်ပွဲတွေကိုကြည့်ရင် တွေ့နိုင်ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တူမီးကစတဲ့ PDF တွေဟာ စစ်တပ်အသွင်ကို ပြောင်းလဲလာသလို ပြောက်ကျားစစ်ကနေ လှုပ်ရှားစစ်အသွင်ကိုလည်း ဆောင်ရွက်လာနိုင်နေပြီလို့ သုံးသပ်ပါတယ်။ ဒါကြောင့် PDF တွေရဲ့ ၃ နှစ်ခရီးဟာ မျှော်မှန်းတာထက် အောင်မြင်တယ်လို့ ဆိုပါတယ်။

“PDF တွေရဲ့ ၃ နှစ်ခရီးမှာတော့ အရင် လယ်သမား စစ်သားတွေဘဝကနေပြီး အခု စစ်တပ်တွေ ထူထောင်တည်ဆောက်နိုင်တဲ့ အခြေအနေအထိ ရောက်ရှိလာခဲ့ပါပြီ။ အခု PDF တွေဟာ ကျနော်တို့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနိုင်တဲ့ အနေအထားမှာဆိုရင်တော့ မြို့လေးငါးမြို့လောက်အထိ သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေရှိနေပါပြီ။ အဲတော့ ဆိုလိုတာကတော့ လှုပ်ရှားစစ်တိုက်နိုင်တဲ့ စစ်တပ်တွေ ဖြစ်အောင် တပ်ရင်းပေါင်း သုံးရာလောက်အထိ စုစည်းနိုင်တဲ့ အခြေအနေအထိ ရောက်နေပါပြီ။ အဲဒါအပြင် ဒေသအုပ်ချုပ်ရေးအဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ၊ စစ်ရေးနဲ့ အတူ အုပ်ချုပ်ရေး ပုံစံတွေပါ လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေရှိပါတယ်။ အဲဒါကြောင့် ဒီနွေဦးတော်လှန်ရေးရဲ့ အရေးကြီးတဲ့ စစ်အင်အားတရပ်ရဲ့ အစိတ်အပိုင်းတပိုင်း တရပ်ဖြစ်လာတာကို တွေ့ရပါတယ်။ အဲဒါကြောင့် PDF တွေရဲ့ ၃ နှစ်တာခရီးဟာ မျှော်မှန်းတာထက် အောင်မြင်လာတဲ့ အနေအထားတော့ ရောက်ရှိနေပြီလို့ ပြောလို့ရတယ်။”

၃ နှစ်ကာလဟာ စစ်တပ်တခုတည်ဆောက်ဖို့ အချိန်နည်းပါးလွန်းတာကြောင့် အားနည်းချက်တချို့ ရှိပေမဲ့ စိတ်ဓာတ်ခံယူချက်ကောင်းတဲ့ တပ်ပုံစံမျိုးကိုတော့ မြင်နေရပြီလို့ CDM ဗိုလ်ကြီး ကိုလင်းထက်အောင်ကလည်း သုံးသပ်ပါတယ်။

လက်ရှိ PDF တွေရဲ့ အနေအထားဟာ လက်နက်ပိုင်းဆိုင်ရာ ဖြည့်တင်းဖို့နဲ့ တပ်စုဖွဲ့မှု ပိုမိုအားကောင်းဖို့ လိုအပ်နေသေးပေမဲ့လည်း အဆုံးသတ်၊ အဆုံးဖြတ်တိုက်ပွဲတွေမှာ စစ်ကောင်တပ်တွေနဲ့ ရင်ဆိုင်နိုင်တဲ့အခြေအနေမှာရှိနေပြီလို့ ဆိုပါတယ်။

“လက်ရှိ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ပုံစံမျိုးနဲ့တော့ ကျနော်တို့က ရင်ဆိုင်နိုင်တဲ့ အခြေအနေမျိုးကို ရောက်နေပြီဆိုတာကိုတော့ ပြောလို့ရတယ်။ တချို့နေရာတွေတော့ လိုနေဦးမယ်။ ဉပမာ လက်နက်ပိုင်းဆိုင်ရာတွေပေါ့။ လိုအပ်တာတွေရှိတယ်။ တချို့နေရာတွေမှာ ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွေမှာ လိုအပ်တာတွေရှိမယ်။ ဒါပေမဲ့ စစ်သည် စစ်သည်ချင်း စစ်မြေပြင်မှာ တွေ့တဲ့အခါမှာတော့ ရန်သူကို အနိုင်ယူနိုင်တဲ့ အခြေအနေကတော့ ရောက်နေပါပြီ။”

အငြိမ်းစားတပ်အရာရှိကြီးတဦးကတော့ လက်ရှိ PDF တွေရဲ့ လူအင်အား လက်နက်အင်အား တပ်ဆင်မှုအပိုင်းမှာတော့ ခေတ်မီလာတာကို တွေ့ရသလို  တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေနဲ့ တွဲပြီးတိုက်နေတဲ့ အဖွဲ့တွေမှာတော့ ကွပ်ကဲမှုခိုင်မာပြီး စစ်တပ်နဲ့တူလာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ကျန်တဲ့ အများစုကတော့ လိုအပ်ချက်တွေ ရှိနေသေးပြီး စစ်တပ်ကို ယှဉ်နိုင်ပြီလို့ ပြောဖို့ ခက်သေးတယ်လို့ ဆိုပါတယ်။

“KNU တို့ ဘာတို့နဲ့ တွဲနေတဲ့လူတွေ အနေအထားနဲ့ကတော့ အုပ်ချုပ်မှု ဘာညာက အခိုင်အမာရှိတယ်။ ကွပ်ကဲမှုလည်းရှိတယ်။ အဲ့အခါကျ ဒါကတော့ မဆိုဘူးပေါ့။ တဖြည်းဖြည်းနဲ့တော့ စစ်တပ်နဲ့တူလာတာပေါ့။ ဒါပေမဲ့ ကျန်တဲ့ အများစုကတော့ အခုထက်ထိ မတွေ့သေးဘူး။ နောက်တခုကတော့ လူအင်အား၊ လက်နက်အင်အား နောက်ပြီးတော့ စိတ်ဓာတ်ခံယူချက်အပိုင်းမှာလည်း တော်တော်လေးတော့ ဟိုဟာဖြစ်ပါတယ်။ နည်းနည်း ရှိတဲ့သဘော ရှိပါတယ်။ ဒါပေမဲ့ တကယ့် တကယ်ကျတော့ ရေရှည်မှာ ပရော်ဖက်ရှင်နယ်သမားတွေလို့ သတ်မှတ်ပြီးတော့ တပ်ကို ခံတိုက်နိုင်ပြီလားလို့ ပြောဖို့ကတော့ ခက်သေးတယ်။”

သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းကလည်း PDF တွေရဲ့ မြေပြင်စိုးမိုးမှုက တဖြည်းဖြည်း ကျယ်ပြန့်လာသလို စစ်ကောင်စီတပ်တွေ ကြောက်ရတဲ့ တိုက်စွမ်းရည်မြင့်တဲ့ တပ်တွေဖြစ်လာနေပြီလို့ သုံးသပ်ပါတယ်။ ဒါပေမယ့်လည်း အောင်မြင်မှုတွေ ပိုပြီးရရှိဖို့ကတော့ အမိန့်ပေးကွပ်ကဲ အုပ်ချုပ်မှုစနစ်နဲ့ စစ်သည်ကျင့်ဝတ်တွေကို ပိုပြီးလေးစားလိုက်နာဖို့ လိုတယ်လို့ ဆိုပါတယ်။

“ကျနော်တို့သည် စစ်တပ်တခု၊ တပ်မတော်တရပ်ကို ဖွဲ့စည်းတည်ထောင်ထားတာဖြစ်တယ်။ လက်နက်ကိုင်ထားတဲ့ လူအုပ်ကြီးကို ထူထောင်ထားတာ မဟုတ်ဘူးဆိုတာကိုလည်း လေးလေးနက်နက် သဘောပေါက်ဖို့လိုပါတယ်။ ဒါကြောင့် PDF တပ်မတော် စစ်သည်တဦးတယောက်ချင်းအားလုံးက ကျနော်တို့ ဒါ ငါတို့သည် တပ်မတော်တရပ်ဖြစ်တယ်။ ငါတို့သည် တပ်မတော်ရဲ့ အမိန့်ပေးညွှန်ကြားမှုစနစ်သည် တပ်ပုံကျဖို့၊ စစ်ပုံကျဖို့ လိုတယ်ဆိုတာကိုတော့ လေးလေးနက်နက် ခံယူပြီးတော့ မိမိတို့ တပ်ရင်းတပ်ဖွဲ့အသီးသီးကို ခိုင်မာတောင့်တင်းတဲ့ တပ်မတော်ဖြစ်အောင် မိမိတို့ တဦးချင်းတယောက်ချင်းအနေနဲ့ စစ်သည်တော်ကောင်းတွေဖြစ်အောင် ကျင့်ကြံပြုမူနေထိုင်ရမှာလည်းဖြစ်ပါတယ်။”

လက်ရှိ စစ်ကောင်စီတပ်ဟာ အရင် မဆလ၊ နအဖ စတဲ့ခေတ်တွေတုန်းကလို တိုက်ခိုက်ရည် မြင့်မားတဲ့ တပ်မဟုတ်တော့ပေမဲ့လည်း အာဏာကို လွယ်လွယ်နဲ့ လက်လွှတ်မယ့်သူတွေ မဟုတ်တာကြောင့် PDF တွေအနေနဲ့ ရရှိထားတဲ့ အောင်မြင်မှုတွေကို ခိုင်မာအောင်လုပ်ဖို့၊ အားနည်းချက်တွေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အကြံပြုပါတယ်။

“PDF တွေကို အထူးသတိပေးချင်တာက စစ်ကောင်စီတပ်က အရင်တုန်းက မဆလ ခေတ်တို့၊ နအဖခေတ် တို့တုန်းကလို စစ်တပ်နဲ့ မတူတော့ဘူးဗျ။ တော်တော်ကို စိတ်ဓာတ်ရေးရာအရရော၊ တိုက်ရည်ခိုက်ရည် အရည်အချင်းဘက်မှာရော တော်တော်ကို ကျဆင်းနေတဲ့ တပ်ဖြစ်တယ်။ ဒါပေမဲ့ သူတို့က အနှစ် ၆၀၊ ၇၀ နီးပါး အာဏာကို စွဲကိုင်ထားတဲ့ အဖွဲ့အစည်းဖြစ်တော့ လွယ်လွယ်ကူကူနဲ့တော့ အလျော့ပေးမယ်မထင်ဘူး။ ဒါကြောင့် ကျမတို့ ရရှိထားတဲ့ အောင်ပွဲတွေကို ပိုပြီးခိုင်မာအောင်လုပ်၊ ကိုယ့်အားနည်းချက်တွေကို ကိုယ် ကောင်းကောင်း ပြင်ပြီးရင် ရှေ့ပိုမိုကျယ်ပြန့်တဲ့ တပ်ပေါင်းစုဖွဲ့ပြီးရင် ကျားကုတ်ကျားခဲတော့ လုပ်ရမယ် ထင်တယ်။ အလွယ်တကူနဲ့တော့ ဒီစစ်အာဏာရှင်ကြီးက ပြုတ်သွားမှာမဟုတ်ဘူး။ တပြိုင်နက်တည်းမှာပဲ ကျမတို့က တပ်အသစ်ကို တည်ဆောက်တာဖြစ်တော့ တပ်အသစ်ကိုလည်း စနစ်တကျ၊ စည်းကမ်းတကျ ခိုင်ခိုင်မာမာတည်ဆောက်ပေးဖို့လိုတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်တွေအရ NUG လက်အောက်ခံ PDF တပ်ရင်းတွေဟာ ၃၀၀ ကျော်ရှိနေတယ်လို့ ဆိုထားပါတယ်။ အင်အား ဘယ်လောက်ရှိတယ်လို့ အတိအကျ မပြောဆိုပေမယ့်လည်း တပ်ရင်းတရင်းကို ၂၀၀ နဲ့ တွက်မယ်ဆိုရင်တော့ အနည်းဆုံးအင်အား ၆၀,၀၀၀ ဝန်းကျင်အထိရှိတယ်လို့ ခန့်မှန်းရပါတယ်။ PDF တပ်ဖွဲ့တွေရဲ့ ရုပ်ပိုင်းဆိုင်ရာအရ လက်နက်ငယ်တွေသာမကဘဲ လက်နက်ကြီးနဲ့ ဒရုန်းသုံးစွဲနိုင်စွမ်းတွေကိုလည်း မြှင့်တင်နေသလို ခဲယမ်းမီးကျောက် အလုံအလောက် ရရှိဖို့အတွက်လည်း ဖြည့်တင်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ ၃ နှစ်သား PDF အနေနဲ့ အဆုံးသတ်တိုက်ပွဲဖော်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလား ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
.......................................................
END / 251