၁၄ အောက်တိုဘာ ၂၀၂၆ - ၂၂:၅၂
ကိုယ်တိုင် မကျင့်ကြံဘဲ ဆုံးမနေခြင်းအပေါ် ကုရ်အာန်ကျမ်းမြတ်နှင့် ရှီအဟ်၊ စွန်နီ သဖ်စီးရ် ပညာရှင်ကြီးများ၏ သတိပေးချက်

«အသင်တို့သည် မိမိတို့ကိုယ်တိုင် မကျင့်ကြံ၊ မလုပ်ဆောင်သော အရာများကို အဘယ်ကြောင့် ပြောဆိုနေကြသနည်း? » ဟူသော စူရဟ် အဆ်ဆွဖ် (၆၁)၊ အာယသ်တော် (၂) ၏ အနှစ်သာရနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ဟောပြောဆုံးမမှုများ ပြုလုပ်နေကြသော်လည်း လက်တွေ့ဘဝတွင် ကိုယ်ကျင့်တရားနှင့် စကားတည်ကြည်မှု ကင်းမဲ့နေကြခြင်းအပေါ် ရှီအဟ်နှင့် စွန်နီ အာလင်မ် (ပညာရှင်) ကြီးများက မည်သို့ သုံးသပ်ဖွင့်ဆိုထားကြသည်ကို တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျမ်းတော်မြတ်ကုရ်အာန် ၏ စူရဟ် အဆ်ဆွဖ် (စူရဟ်  - ၆၁)၊ အာယသ်တော် အမှတ် (၂)  တွင် အလ္လာဟ် ဟို အရှင်မြတ် အောက်ပါအတိုင်း မိန့်ကြားထားတော်မူထားပါတယ်။

يَا أَيُّهَا الَّذِينَ آمَنُوا لِمَ تَقُولُونَ مَا لَا تَفْعَلُونَ .

 ဘာသာပြန် အဓိပ္ပာယ် - 
«အို- အီမာန်သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့ကိုယ်တိုင် မကျင့်ကြံ၊ မလုပ်ဆောင်သော အရာများကို အဘယ်ကြောင့် (အခြားသူများအား) ပြောဆိုနေကြသနည်း? ။ »

ဆက်လက်ပြီး အာယသ် ၃ တွင်လည်း - 

«မိမိတို့ မလုပ်ဆောင်သောအရာကို ပြောဆိုခြင်းသည် အလ္လာဟ် ဟို အရှင်မြတ်ထံတော်တွင် အလွန်တရာ အမျက်တော်သင့်စေသောအမှု (မုန်းတီးဖွယ်ရာ) ဖြစ်သည်» ဟု မိန့်ဆိုထားပါသည်။ »


စွန်နီ  သဖ်စီးရ် ပညာရှင်များ ၏ အမြင်များ 

စွန်နီ သဖ်စီးရ် ပညာရှင် များဖြစ်သည့် အိဗ်နေ့ ကစီးရ် ၊ ကိုရ်သူဘီ ၊ ဂျလလွတ်ဒ်ဒီးန် စူယူသီ  တို့က ဤအာယသ်တော်ကို အောက်ပါရှုထောင့်များဖြင့် ရှင်းပြကြပါတယ်။

၁။ ကျရောက်ရခြင်းအကြောင်းအရင်း 
မွတ်စလင်မ် တချို့က "အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးသော ကောင်းမှုကုသိုလ်အလုပ်ကို သိရပါက အသက်စွန့်၍ပင် လုပ်ဆောင်ပါမည်" ဟု ပြောဆိုခဲ့ကြသော်လည်း အုဟုဒ် စစ်ပွဲနှင့် အခြားစမ်းသပ်မှုများ ကြုံတွေ့ရချိန်တွင် တချို့မှာ တွန့်ဆုတ်ခဲ့ကြ၊ စကားအတိုင်း မတည်နိုင်ခဲ့ကြသည့်အတွက် ဤသတိပေးဆုံးမစကား ကျရောက်လာခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြကြပါတယ်။

၂။ ကတိသစ္စာ တည်ကြည်ခြင်း 

အိဗ်နေ့ ကစီးရ်  က ဤအာယသ်သည် "စကားနှင့် အလုပ် မညီခြင်း" နှင့် "ကတိမတည်ခြင်း" ကို တားမြစ်ထားကြောင်း တမန်တော်မြတ် (ဆွ) ၏ ဟဒီးစ်တော်ဖြစ်သော "မုနာဖိက် (ဟန်ဆောင်သူ) ၏ လက္ခဏာ ၃ ပါးတွင် စကားပြောလျှင် မုသားဆိုခြင်း၊ ကတိပေးလျှင် ဖျက်ခြင်း၊ ယုံကြည်အပ်နှံလျှင် သစ္စာဖောက်ခြင်း"တို့နှင့် ချိတ်ဆက်ကာ ရှင်းပြထားပါတယ်။

၃။ လက်တွေ့ကျင့်ကြံမှုမရှိဘဲ ဟောပြောဆုံးမခြင်းကို ရှုတ်ချခြင်း

အခြားသူများကို ဒါနပြုရန်၊ သည်းခံရန်၊ တရားလမ်းစဉ်အတိုင်း နေထိုင်ရန် ဆုံးမပြီး မိမိကိုယ်တိုင်ကမူ ပျက်ကွက်နေခြင်းသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ကြီးလေးသော အပြစ်တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း ရှင်းပြကြပါတယ်။

 ရှီအဟ် သဖ်စီးရ် ပညာရှင်များ ၏ အမြင်များ 

ရှီအဟ် သဖ်စီးရ် ပညာရှင်ကြီးများ ဖြစ်ကြသည့် အလာမဟ် သွဗာသွဗာအီ၊ ရှိက်ခ်သွဗ်ရစီ ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမို ရှီရာဇီး တို့က အောက်ပါအတိုင်း ရှင်းလင်းပြခဲ့ပါတယ်။

၁၊စကားနှင့် လုပ်ရပ် တထပ်တည်းကျမှု

အလာမဟ် သွဗာသွဗာအီက - စကားနှင့် လုပ်ရပ် မကိုက်ညီခြင်းသည် စိတ်နေသဘောထား ချွတ်ယွင်းမှု (နိဖာက် / ဟန်ဆောင်ဟန်ဆောင်မှု) သို့မဟုတ် စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းခြင်း ကြောင့် ဖြစ်သည်ဟု ရှင်းပြထားပါတယ်။ လူတစ်ဦး၏ အောင်မြင်မှုနှင့် သန့်စင်မှုသည် နှုတ်ခမ်းဖျားစကားထက် စိတ်ရင်းမှန်ဖြင့် လက်တွေ့ကျင့်ကြံပြသနိုင်မှု  အပေါ်တွင်သာ အခြေခံကြောင်း သိရပါတယ်။

၂။ အခြားသူများအား လမ်းညွှန်ရာတွင် မိမိကိုယ်တိုင် စံပြဖြစ်ရမည်

ရှိက်ခ်သွဗ်ရစီ  က - တရားဓမ္မ၊ ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ အခြားသူကို မဆုံးမမီ မိမိကိုယ်တိုင်က လက်တွေ့ကျင့်ကြံပြသရမည်ဖြစ်ကြောင်း၊ အေမာမ် အလီ  (အ.စ)  မှ  နဲဟ်ဂျွလ် ဗလာဂဟ် ကျမ်း တွင်   မိန့်ဆိုချက်ဖြစ်"ငါသည် သင်တို့အား အမိန့်တစ်ခုခုကို လိုက်နာရန် မတိုက်တွန်းမီ ငါကိုယ်တိုင် ထိုအမှုကို ဦးစွာ လက်တွေ့ကျင့်ဆောင်ပြခဲ့ပြီး၊ သင်တို့အား အမှုတစ်ခုခုမှ မတားမြစ်မီ ငါကိုယ်တိုင် ထိုအမှုမှ ဦးစွာ ရှောင်ကြဉ်ပြခဲ့သည်။"  ဟဒီးစ်တော် သည် ဤအာယသ်တော်၏ အနှစ်သာရဖြစ်ကြောင်း ထောက်ပြထားပါတယ်။

၃။ အီမာန် (သက်ဝင် ယုံကြည်မှု) အဆင့်အတန်း စမ်းသပ်ချက်

အပြင်ပန်းအားဖြင့် အစ္စလာမ့်စကားလုံးများ၊ တရားတော်များကို အလွယ်တကူ သုံးစွဲပြောဆိုနိုင်သော်လည်း လက်တွေ့ဘဝ ဆက်ဆံရေး (လူမှုဆက်ဆံရေး၊ စလာမ်ပေးနှုတ်ဆက်မှု၊ မာနကင်းစင်မှု၊ ကတိတည်မှု) တွင် ပျက်ကွက်နေပါက ၎င်းသည် အီမာန်ရှင်စစ်စစ်၏ လက္ခဏာမဟုတ်ဘဲ ဟန်ဆောင်မှုတစ်ခုသာ ဖြစ်သွားနိုင်ကြောင်း သတိပေးထားပါတယ်။

အနှစ်ချုပ် ဆင်ခြင်ဖွယ်ရာ 

စွန်နီရော ရှီအဟ်ပါ ဤအာယသ်တော်နှင့် ပတ်သက်၍ တညီတညွတ်တည်း လက်ခံထားသည့် အချက်မှာ -
အစ္စလာမ်သာသနာသည် နှုတ်ဖြင့် ဟောပြောရုံသက်သက်  မဟုတ်ဘဲ၊ လက်တွေ့ကိုယ်ကျင့်တရားကို ပို၍ ဦးစားပေးတန်ဖိုးထားကြောင်း ဖြစ်ပါတယ်။

မိမိကိုယ်တိုင် မကျင့်ကြံနိုင်သေးသော အရာများကို အခြားသူများအား ဆရာလုပ် ဆုံးမပြောဆိုခြင်း၊ စကားကြီးစကားကျယ် ပြောပြီး လက်တွေ့တွင် မာနမချနိုင်ခြင်း၊ ကတိမတည်ခြင်းတို့သည် အလ္လာဟ်အရှင်မြတ် အမျက်တော်သင့်စေသော အပြုအမူများ ဖြစ်ကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha