အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆီးရီးယားတရားဝင်သတင်းဌာန SANA ၏ ဖော်ပြချက်အရ လားတာကီယာပြည်နယ် ပြည်တွင်း လုံခြုံရေး တပ်ဖွဲ့များသည် စုံစမ်းဖော်ထုတ်ခြင်းနှင့် စောင့်ကြည့်ခြင်းလုပ်ငန်းများ ပြုလုပ်ပြီးနောက် ပြည်နယ် အများ အပြားရှိ ဆီးရီးယားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော ယခင် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် လေယာဉ်မှူး ၉ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။
လားတာကီယာပြည်နယ် ပြည်တွင်းလုံခြုံရေးတပ်မှူး အဗ္ဒူလ်အဇစ် အယ်လ်-အာမက် က ဖမ်းဆီးခံရသူများမှာ ...
စစ်ဦးစီးဗိုလ်မှူးချုပ် မင်ဟာလ် အန်ဝါ ဆာလေဟ်
ဗိုလ်မှူးချုပ် ဆာမီ အီဗရာဟင်းမ် မဟ်မူးဒ်
ဗိုလ်မှူးချုပ် ဂီယာစ် အလီ အယ်လ်ရာဟီယာ
ဗိုလ်မှူးကြီး အီဆာ အက်ဇ်ဇဒင် ခဒူးရ်
ဗိုလ်မှူးကြီး မရ်ဝါန် ဆာလာဟ် နာဖက်ရှ်
ဗိုလ်မှူးကြီး ဘရှာ ဆမီးရ် ဝန်နူးစ်
ဗိုလ်မှူး အိုင်ဟမ် ဟမ်ဇာ အလီယာ
တပ်ကြပ်ကြီးအဆင့် အိုင်ဟမ် အဟ်မဒ် ဒါဝုဒ်
တပ်ကြပ်ကြီးအဆင့် အမ်မာရ် အီဆာ ဂျုနေးဒီ
တို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အယ်လ်အာမက်က လက်ရှိရရှိထားသည့် စုံစမ်းစစ်ဆေးမှုများနှင့် သတင်းအချက် အလက်များ အရ အဆိုပါပုဂ္ဂိုလ်များသည် စစ်တပ်အတွင်းရှိ ၎င်းတို့၏ ရာထူးနှင့် တိုက်လေယာဉ်၊ ရဟတ်ယာဉ် မောင်းနှင်ကျွမ်းကျင်မှုများကို အသုံးချကာ ပြည်နယ်အများအပြားတွင် ပြည်သူများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရကြောင်း ဆိုပါတယ်။
လက်ရှိအချိန်အထိ အမှု၏ အသေးစိတ်အချက်အလက်များ၊ ဖမ်းဆီးခံရသူများအား ရှေ့နေခန့်အပ်ခွင့် ရရှိခြင်းရှိ၊ မရှိနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် မည်သည့်အချိန်တွင် စတင်မည်ဆိုသည့် အချက်များနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်သော သတင်းများ မထွက်ပေါ်သေးပေ။
စွပ်စွဲချက်များသည် ဆီးရီးယားအစိုးရသစ်လက်အောက်ရှိ အဖွဲ့အစည်းတစ်ခုက ထုတ်ပြန်ထားခြင်းဖြစ်ပြီး တရားရုံးတွင် အပြစ်ရှိကြောင်း သက်သေပြပြီးခြင်း မရှိသေးပေ။ ထိုအဖွဲ့အစည်းများကိုယ်တိုင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်သည်ဟု လူ့အခွင့်အရေးအဖွဲ့အစည်းအချို့က စွပ်စွဲထားကြသဖြင့် ဖမ်းဆီးမှုနှင့် တရားစီရင်ရေးလုပ်ငန်းစဉ်၏ ဘက်မလိုက်မှုအပေါ် မေးခွန်းများ ပေါ်ပေါက်လာနိုင်ပါတယ်။
ဆီးရီးယားအာဏာပိုင်များသည် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံရသော ယခင်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကို လိုက်လံဖမ်းဆီးအရေးယူလျက်ရှိပြီး၊ ဖြုတ်ချခံခဲ့ရသော အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အမှန်တရားကို ဖော်ထုတ်ရန် အသွင်ကူးပြောင်းရေးတရားမျှတမှု (Transitional Justice) အဖွဲ့အစည်းတစ်ရပ်ကိုလည်း ဖွဲ့စည်းထားပါတယ်။
တနင်္လာနေ့တွင်လည်း ၂၀၁၁ ခုနှစ် ဆန္ဒပြသူများကို သတ်ဖြတ်မှုနှင့် ၁၉၈၂ ခုနှစ် ဟမာမြို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင် ပါဝင်ခဲ့သော ယခင်အဆင့်မြင့် အရာရှိတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဆီးရီးယားအာဏာပိုင်များက ထုတ်ပြန်ခဲ့ပါတယ်။
လူ့အခွင့်အရေးအဖွဲ့အစည်းအချို့က ဆီးရီးယား၏ အသွင်ကူးပြောင်းရေးတရားမျှတမှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ သတိပေးထားကြပြီး၊ ထိုလုပ်ငန်းစဉ်သည် နိုင်ငံရေးအရ သန့်စင်ဖယ်ရှားမှု သို့မဟုတ် အုပ်စုအချင်းချင်း လက်စားချေမှုအတွက် အသုံးချသည့် ကိရိယာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ကြောင်း သတိပေးထားပါတယ်။
လားတာကီယာ သည် အလာဝီ (Alawite) လူဦးရေ အများစုနေထိုင်ရာ ဒေသများထဲမှ တစ်ခုဖြစ်ပြီး ယခင်အစိုးရကို သစ္စာခံသူများလည်း အများအပြား နေထိုင်ကြသည်။ ထိုဒေသတွင် ကျယ်ပြန့်စွာ ဖမ်းဆီးမှုများ ပြုလုပ်ခြင်းသည် လူမှုရေးတင်းမာမှုများနှင့် မကျေနပ်မှုများကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment