၂၄ အောက်တိုဘာ ၂၀၂၆ - ၂၂:၄၇
သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ အမြင်တွင် ရှီအဟ် စစ်စစ်ဆိုသည်မှာ မည်သူနည်း ?

သခင်မကြီး ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ မိန့်ကြားချက်များတွင် ရှီအဟ်တစ်ဦး၏ အမှန်တကယ် တန်ဖိုးနှင့် ဂုဏ်ရည်တို့ကို ဖော်ပြထားသည့် အရေးကြီးသော သွန်သင်ချက်တစ်ရပ် ရှိပါတယ်။ ယင်းသွန်သင်ချက်သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို ချစ်မြတ်နိုးခြင်းနှင့်အတူ ၎င်းတို့၏ လမ်းညွှန်ချက်များကို လက်တွေ့ဘဝတွင် လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း သတိပေးထားခြင်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဤဟဒီးစ်တော်ကို လေ့လာရာတွင် စကားလုံးများကို သိရှိနားလည်ရုံမျှမက မိမိတို့၏ ယုံကြည်ချက်၊ အပြုအမူနှင့် နေ့စဉ်ဘဝတို့တွင် လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ကြိုးစားအားထုတ်သင့်ပါတယ်။

ဟဒီးစ်တော်၏ အာရဗီမူရင်း

သဖ်စီးရ် အေမာမ် ဟစန် အက္စ်ကရီ (အ.စ) ကျမ်းတွင် ဖော်ပြထားသော ရီဝါယသ်တော်၌ အောက်ပါအတိုင်း လာရှိပါတယ်။

قالَ رَجُلٌ لاِمْرَأَتِهِ: اِذْهَبي إِلى فاطِمَةَ عَلَيْها السَّلامُ فَاسْأَليها أَنّي مِنْ شيعَتِكُمْ؟ ... فَقالَتْ عَلَيْها السَّلامُ: قُولي لَهُ: إِنْ كُنْتَ تَعْمَلُ بِما أَمَرْناكَ وَتَنْتَهي عَمّا زَجَرْناكَ عَنْهُ فَأَنْتَ مِنْ شيعَتِنا وَإِلّا فَلا.

အဓိပ္ပာယ် - 

အမျိုးသားတစ်ဦးသည် မိမိ၏ဇနီးအား -  “သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ထံ သွားပြီး ကျွန်ုပ်သည် သခင်မကြီးတို့၏ ရှီအဟ်တစ်ဦး ဖြစ်ပါသလား? ဟု မေးမြန်းပေးပါ” ဟု ပြောကြားခဲ့သည်။

ထိုအမျိုးသမီးသည် သခင်မကြီးထံ သွားရောက်မေးမြန်းခဲ့ရာ သခင်မကြီး (စ.အ) က - 

“သူ့အား ပြောလိုက်ပါ။ ငါတို့က သင့်အား လုပ်ဆောင်ရန် မိန့်မှာထားသည့်အရာများကို သင် လက်တွေ့လုပ်ဆောင်ပြီး ငါတို့က တားမြစ်ထားသည့်အရာများမှလည်း ရှောင်ကြဉ်မည်ဆိုလျှင် သင်သည် ငါတို့၏ ရှီအဟ်တစ်ဦး ဖြစ်ပါတယ်။  သို့မဟုတ်ပါက မဟုတ်ပေ” ဟု မိန့်ကြားတော်မူခဲ့ပါတယ်။

ကျမ်းကိုး။သဖ်စီးရ် အေမာမ် ဟစန်  အက္စ်ကရီ (အ.စ) ကျမ်း။

ဟဒီးစ်တော်၏ အဓိပ္ပာယ်နှင့် ရှင်းလင်းသုံးသပ်ချက်

၁။ ရှီအဟ်ဖြစ်ခြင်းသည် ချစ်မြတ်နိုးခြင်းတစ်ခုတည်းနှင့် မပြီးဆုံးပါ

ဤဟဒီးစ်တော်၏ အဓိကသွန်သင်ချက်မှာ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို ချစ်မြတ်နိုးခြင်းနှင့် ၎င်းတို့၏ ရှီအဟ်ဖြစ်ခြင်းဆိုသည့် အဓိပ္ပာယ်တို့အကြား ဆက်စပ်မှုကို နားလည်စေရန် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို ချစ်မြတ်နိုးခြင်းသည် အီမာန်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ သို့သော် ထိုချစ်ခြင်းမေတ္တာသည် စကားလုံးများ၊ ဆောင်ပုဒ်များနှင့် အခမ်းအနားများ၌သာ ရပ်တန့်မနေသင့်ပါ။ ၎င်းတို့၏ သွန်သင်ချက်များကို လက်ခံယုံကြည်ပြီး လက်တွေ့ဘဝတွင် လိုက်နာကျင့်သုံးခြင်းဖြင့်လည်း ဖော်ပြရမည် ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို ချစ်သည်ဟု ဆိုသူတစ်ဦးသည် မိမိ၏ အကျင့်စာရိတ္တ နှင့် လုပ်ရပ်များတွင်လည်း ထိုချစ်ခြင်းမေတ္တာ၏ အကျိုးသက်ရောက်မှုကို ပြသနိုင်ရမည် ဖြစ်ပါတယ်။

 ၂။ အမိန့်တော်များကို လိုက်နာခြင်း

ဟဒီးစ်တော်တွင် “ငါတို့က မိန့်မှာထားသည့်အရာများကို လုပ်ဆောင်ပါ” ဟု အလေးပေးထားပါသည်။

ဤအချက်သည် အစ္စလာမ်၏ သွန်သင်ချက်များကို သိရှိရုံသာမက လက်တွေ့ကျင့်သုံးရန်လည်း လိုအပ်ကြောင်း ဖော်ပြနေပါတယ်။
ဥပမာအားဖြင့်-
 - ဆွလာသ်ကို အလေးထားခြင်းနှင့် အလ္လာဟ်အရှင်မြတ်အား နာခံကိုးကွယ်ခြင်း။
- မိမိ၏ မိဘများနှင့် မိသားစုအပေါ် တာဝန်ကျေပွန်ခြင်း။
- အမှန်တရားကို ပြောဆိုခြင်း၊ ယုံကြည်အပ်နှံမှုကို စောင့်ထိန်းခြင်း။
- ဆင်းရဲနွမ်းပါးသူများနှင့် အကူအညီလိုအပ်သူများကို ကူညီစောင့်ရှောက်ခြင်း။
- တရားမျှတမှုကို လိုက်နာပြီး လူသားများအပေါ် ကောင်းမွန်စွာ ဆက်ဆံခြင်း။

ဤလုပ်ရပ်များသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ သွန်သင်ချက်များကို လက်တွေ့အကောင်အထည်ဖော်ရန် အရေးကြီးသော ဥပမာများ ဖြစ်ပါတယ်။

၃။ တားမြစ်ထားသည့်အရာများကို ရှောင်ကြဉ်ခြင်း

ဟဒီးစ်တော်၏ ဒုတိယအပိုင်းတွင် တားမြစ်ထားသည့်အရာများမှ ရှောင်ကြဉ်ရန် အလေးပေးထားပါတယ်။

ကောင်းမှုများကို လုပ်ဆောင်ခြင်းသည် အရေးကြီးသကဲ့သို့ မကောင်းမှုများကို ရှောင်ကြဉ်ခြင်းသည်လည်း အရေးကြီးပါသည်။ လူတစ်ဦးသည် ကိုးကွယ်ဝတ်ပြုမှုများကို လုပ်ဆောင်နေသော်လည်း မုသားပြောခြင်း၊ အတင်းပြောခြင်း၊ မတရားမှုကျူးလွန်ခြင်း၊ အခြားသူများ၏ အခွင့်အရေးကို ချိုးဖောက်ခြင်းတို့ကို မရှောင်ကြဉ်နိုင်ပါက မိမိ၏ အကျင့်စာရိတ္တကို ပြန်လည်သုံးသပ်ရန် လိုအပ်ပါတယ်။

ရှီအဟ်တစ်ဦး၏ ဘဝတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းနှင့် တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းတို့သည် အပြန်အလှန် ဖြည့်ဆည်းပေးသော အရေးကြီးသည့် တာဝန်များ ဖြစ်ပါတယ်။

၄။ မဂျ်လစ်များ၏ ရည်ရွယ်ချက်သည် အသိပညာနှင့် လက်တွေ့ပြုပြင်ပြောင်းလဲမှု ဖြစ်ရမည်

အယာမ်မေ ဖွာတွေမီယဟ် ကာလအတွင်း ကျင်းပသည့် မဂျ်လစ်များ၌ သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ၏ ဘဝဖြစ်စဉ်များ၊ သီလဂုဏ်ရည်များနှင့် မိန့်မှာချက်များကို ဖော်ပြပေးခြင်းသည် အလွန်အရေးကြီးပါတယ်။

သို့ရာတွင် မဂျ်လစ်တစ်ခု၏ ရည်ရွယ်ချက်သည် ဝမ်းနည်းကြေကွဲမှုကို ဖော်ပြခြင်းနှင့် သမိုင်းဖြစ်ရပ်များကို ပြန်လည်ပြောဆိုခြင်းတို့ဖြင့်သာ ပြည့်စုံသွားခြင်း မဟုတ်ပါ။ ထိုသမိုင်းဖြစ်ရပ်များမှ သင်ခန်းစာယူပြီး မိမိတို့၏ ယုံကြည်မှု၊ ကိုယ်ကျင့်တရားနှင့် လူမှုဘဝတို့ကို ပြုပြင်တည်ဆောက်နိုင်ရန်လည်း လိုအပ်ပါတယ်။

ထို့ကြောင့် တရားဟောအာလင်မ် အမျိုးသား၊ အမျိုးသမီးများအနေဖြင့် မဂျ်လစ်များတွင် သခင်မကြီး (စ.အ) ၏ သွန်သင်ချက်များနှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ လမ်းညွှန်ချက်များကို အလေးထားဟောကြားပေးသင့်ပါတယ်။ ထို့အပြင် ပရိသတ်များအနေဖြင့်လည်း ကြားနာသိရှိရသည့် သွန်သင်ချက်များကို မိမိတို့၏ နေ့စဉ်ဘဝတွင် လက်တွေ့ကျင့်သုံးရန် ကြိုးစားသင့်ပါတယ်။ 

 ၅။ မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း

ဤဟဒီးစ်တော်သည် အခြားသူများကို ရှီအဟ်စစ်စစ် မဟုတ်ဟု ဆုံးဖြတ်ရန်ထက် မိမိကိုယ်ကို ပြန်လည်သုံးသပ်ရန် ပိုမိုသင့်လျော်သော သတိပေးချက်တစ်ရပ် ဖြစ်ပါတယ်။

မိမိကိုယ်ကို အောက်ပါမေးခွန်းများ မေးမြန်းကြည့်နိုင်ပါတယ်။

- ကျွန်ုပ်သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ သွန်သင်ချက်များကို မည်မျှအထိ လက်တွေ့လိုက်နာနေပါသနည်?
- ကျွန်ုပ်၏ ခဝပ် ကိုးကွယ်ဝတ်ပြုမှုများနှင့် အကျင့်စာရိတ္တတို့သည် တိုးတက်ကောင်းမွန်လာပါသလား?
- အခြားသူများ၏ အခွင့်အရေးကို လေးစားစောင့်ထိန်းပါသလား?
- မိမိကျူးလွန်မိသော အမှားများကို အသိအမှတ်ပြုပြီး ပြုပြင်ရန် ကြိုးစားပါသလား?
- ကျွန်ုပ်၏ အပြုအမူများကြောင့် အခြားသူများသည် အစ္စလာမ်၏ ကောင်းမြတ်မှုကို မြင်တွေ့နိုင်ပါသလား?

ဤမေးခွန်းများကို ရိုးသားစွာ ပြန်လည်သုံးသပ်ခြင်းသည် မိမိ၏ အားနည်းချက်များကို သိရှိပြီး ပိုမိုကောင်းမွန်သော လူတစ်ဦးဖြစ်လာစေရန် အထောက်အကူပြုနိုင်ကြောင်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha