၃၀ နိုဝင်ဘာ ၂၀၂၆ - ၀၀:၁၂
ပါကစ္စတန်စစ်တပ်က ဆော်ဒီအာရေဗျသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ကြောင်း အတည်ပြု

ပါကစ္စတန်စစ်တပ်သည် ၎င်း၏ စစ်ဘက်တပ်ဖွဲ့ဝင်များကို ဆော်ဒီအာရေဗျနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါကစ္စတန်စစ်တပ်သည် စနေနေ့တွင် ၎င်း၏ စစ်ဘက်တပ်ဖွဲ့ဝင်များကို ဆော်ဒီအာရေဗျနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ယင်းလုပ်ဆောင်ချက်သည် ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်မြို့တွင် မက္ကာကာကွယ်ရေးမဟာမိတ်အဖွဲ့၏ အဆင့်မြင့်အစည်းအဝေး ကျင်းပပြီး တစ်ရက်အကြာတွင် ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ကြေညာချက်တွင် ယခုစစ်ဘက်တပ်ဖွဲ့ဝင်များ စေလွှတ်မှုသည် ဆော်ဒီအာရေဗျနိုင်ငံ၏ လုံခြုံရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်တည်တံ့ခိုင်မြဲရေးတို့အပေါ် ပါကစ္စတန်နိုင်ငံ၏ ခိုင်မာပြတ်သားသော ကတိကဝတ်ကို ထင်ဟပ်ဖော်ပြနေကြောင်း ဖော်ပြထားပါတယ်။

စေလွှတ်လိုက်သည့် တပ်ဖွဲ့ဝင်များအား ပို့ဆောင်နှုတ်ဆက်သည့် အခမ်းအနားနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့သော ယင်းကြေညာချက်သည် ဆော်ဒီအာရေဗျသို့ တပ်ဖွဲ့ဝင်များ စေလွှတ်မှုနှင့်ပတ်သက်ပြီး ပါကစ္စတန်စစ်တပ်က လူသိရှင်ကြား ပထမဆုံး ထုတ်ဖော်ပြောဆိုခြင်းလည်း ဖြစ်ပါတယ်။

နှစ်နိုင်ငံအကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်း ပါကစ္စတန်တပ်ဖွဲ့ဝင်များ၏ တာဝန်

ပါကစ္စတန်စစ်တပ်က စေလွှတ်လိုက်သည့် တပ်ဖွဲ့ဝင်များသည် နှစ်နိုင်ငံအကြား သဘောတူညီထားသည့် ကတိကဝတ်များနှင့် လက်ရှိ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု ယန္တရားမူဘောင်အတွင်း ဆော်ဒီအာရေဗျနိုင်ငံ၏ နယ်မြေအတွင်း၌သာ တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ထို့ပြင် လတ်တလောတွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုအသစ်များ ပေါ်ပေါက်လာနေသည့် အခြေအနေ၌ ဆော်ဒီအာရေဗျနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်များကို မြှင့်တင်ရန် ရည်ရွယ်၍ ယခုတပ်ဖွဲ့ဝင်များကို စေလွှတ်ခြင်းဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။

ပါကစ္စတန်၊ ဆော်ဒီအာရေဗျနှင့် တူရကီတို့ ပါဝင်သည့် မက္ကာကာကွယ်ရေးမဟာမိတ်အဖွဲ့ အစည်းအဝေး

ပါကစ္စတန်တပ်ဖွဲ့ဝင်များ စေလွှတ်မှုသည် မက္ကာမဟာမိတ်အဖွဲ့၏ နိုင်ငံရေးနှင့် ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာကော်မတီ ဒုတိယအကြိမ်အစည်းအဝေးအပြီးတွင် ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ယင်းအစည်းအဝေးကို သောကြာနေ့တွင် ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့၌ ကျင်းပခဲ့ပြီး ပါကစ္စတန်၊ ဆော်ဒီအာရေဗျနှင့် တူရကီနိုင်ငံတို့မှ အဆင့်မြင့် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ တက်ရောက်ခဲ့ကြပါတယ်။

မက္ကာ ပူးတွဲကာကွယ်ရေးသဘောတူညီချက်ကို ဩဂုတ်လတွင် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ယင်းသဘောတူညီချက်သည် ယီမင်နိုင်ငံအတွင်း ယီမင်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆော်ဒီအာရေဗျ၏ ထောက်ခံမှုရရှိထားသော အုပ်စုများအကြား ပဋိပက္ခများ ပြင်းထန်လာခြင်း၊ ထို့ပြင် ဆော်ဒီအာရေဗျက ယီမင်နိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့ခြင်းတို့နောက်ပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။

ပါကစ္စတန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဆော်ဒီအာရေဗျသို့ စေလွှတ်ခဲ့ကြောင်း သတင်းများ

ရိုက်တာသတင်းဌာနက ပြီးခဲ့သည့် မေလတွင် ဖော်ပြခဲ့သည့် သတင်းအရ အမေရိကန်နှင့် အစ္စရေးအစိုးရတို့က အီရန်နိုင်ငံအပေါ် စစ်ပွဲဆင်နွှဲနေစဉ် ပါကစ္စတန်နိုင်ငံသည် ဆော်ဒီအာရေဗျနှင့် ယခင်က ချုပ်ဆိုထားသော ကာကွယ်ရေးသဘောတူညီချက်အရ စစ်သားထောင်ပေါင်းများစွာ၊ တိုက်လေယာဉ်တပ်စုတစ်စုနှင့် အခြားစစ်ဘက်ဆိုင်ရာ ကိရိယာများကို ဆော်ဒီအာရေဗျနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် ရိုက်တာသတင်းဌာနက ပြီးခဲ့သည့် အောက်တိုဘာလတွင် ပါကစ္စတန်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ပါကစ္စတန်နိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံ၏ ကုန်းမြေနယ်စပ်များကို ကာကွယ်ရန်နှင့် ယင်းနိုင်ငံအပေါ် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကို တုံ့ပြန်ရန်အတွက် စစ်ဘက်တပ်ဖွဲ့ဝင် ၃၀,၀၀၀ မှ ၄၀,၀၀၀ အထိ စေလွှတ်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha