အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ဗုဒ္ဓဟူးနေ့

၁ ဒီဇင်ဘာ ၂၀၂၁

၁၂:၄၃:၀၈
1204115

ဘာဘာဒို့စ်က ဗြိတိသျှ ဘုရင်မကြီးကို နိုင်ငံ့ ဦးသျှောင် အဖြစ်မှ ဖယ်ရှား

ကာရစ်ဘီယံကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ ဘာဘာဒို့စ်ဟာ ဗြိတိသျှဘုရင်မကြီးကို နိုင်ငံဦး​သျှောင်အဖြစ်ကနေ ဖယ်ရှားလိုက်ပြီး ပြည်သူ့သမ္မတနိုင်ငံအဖြစ် ရောက်ရှိကြောင်း မနေ့က ကြေငြာလိုက်ပါတယ်။





ကာရစ်ဘီယံကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ ဘာဘာဒို့စ်ဟာ ဗြိတိသျှဘုရင်မကြီးကို နိုင်ငံဦး​သျှောင်အဖြစ်ကနေ ဖယ်ရှားလိုက်ပြီး ပြည်သူ့သမ္မတနိုင်ငံအဖြစ် ရောက်ရှိကြောင်း မနေ့က ကြေငြာလိုက်ပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက ကျွန်းရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၇၂ နှစ်အရွယ် ဒါမီ ဆန်ဒရာမာဆန်က နိုင်ငံ့ဦးသျှောင် သမ္မတအဖြစ် ကျမ်းကျိန်ခဲ့ပါတယ်။ သူမကို သမ္မတအဖြစ် ဘာဘာဒို့စ်လွှတ်တော်က ပြီးခဲ့တဲ့လမှာ ရွေးချယ်တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။

“ ‘ဘာဘာဒို့စ် ပြည်သူ့သမ္မတနိုင်ငံ’ တည်းဟူသော ရေယာဉ်ကြီးသည် ပထမဆုံးခရီးကို စတင်ရွှက်လွှင့်လေပြီ။ မုန်တိုင်းကြီးငယ်အပေါင်းကို ကျော်လွှားလွန်မြောက်၍ တိုင်းပြည်နှင့် နိုင်ငံသားတို့ကို ခရီးအဆုံးတည်းဟူသော မိုးသောက်ထိန်တောက် ကုန်းမြေကမ္ပလာသို့ ဘေးမသီရန်မခ သယ်ယူဆောင်ကျဉ်းပေးနိုင်ပါစေသတည်း” လို့ ဆန်ဒရာမာဆန်က ကြေငြာမြွက်ဟခဲ့ပါတယ်။

ဗြိတိသျှလောင်းရိပ်အောက်ကနေထွက်ပြီး. ပြည်သူ့သမ္မတနိုင်ငံအဖြစ် ရပ်တည်မယ့် အစီအစဉ်ကို ဘာဘာဒို့စ်က ပြီးခဲ့တဲ့နှစ်ကတည်းက ကြေငြာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဓနသဟာယနိုင်ငံများအဖွဲ့မှာ ဆက်ရှိနေမှာဖြစ်ပါတယ်။

ဘာဘာဒို့စ်က ပြည်သူ့သမ္မတနိုင်ငံအဖြစ် ကူးပြောင်းကြောင်း ကြေငြာတဲ့အခမ်းအနားကို ဗြိတိသျှအိမ်ရှေ့စံ ချားလ်စ်မင်းသား တက်ရောက်ခဲ့ပါတယ်။

ဗြိတိသျှဘုရင်မကြီးကို နောက်ဆုံးအကြိမ်အဖြစ် ​အမြောက်ပစ်ဖောက်ဂုဏ်ပြုပြီး၊ ဘုရင်မကြီးကို ကိုယ်စားပြုတဲ့အလံ မချခင် ပြောကြားတဲ့မိန့်ခွန်းမှာ ဗြိတိသျှကိုလိုနီအစိုးရ အုပ်စိုးမှုအတွင်း ကျွန်တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

ဗြိတိန်သျှလောင်းရိပ်အောက်ကနေ လွတ်မြောက်သွားပေမယ့် ဘာဘာဒို့စ်နဲ့ ဆက်ဆံရေး ဆက်လက်ထားရှိသွားမယ်လို့လည်း မင်းသားက ဆိုပါတယ်။ ဘာဘာဒို့စ်သမ္မတက ချားလ်စ်မင်းသားကို Order of Freedom of Barbados ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။

ဘုရင်မကြီး အလိဇဘက် ၂ က ပျော်ရွှင်ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ အနာဂတ်ကို ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးထားတဲ့ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
အမျိုးသားသူရဲကောင်း
အမျိုးသားသူရဲကောင်းအဖြစ် ခန့်အပ်ခံခဲ့ရသည့် ရီဟားနား

ဘာဘာဒို့စ်ဝန်ကြီးချုပ် မီယာမိုတလေက သမ္မတဟာ ကမ္ဘာကျော်အဆိုတော် ရီဟားနားကို ‘အမျိုးသားသူရဲကောင်း’ အဖြစ် သတ်မှတ်ကြောင်း ကြေငြာခဲ့ပါတယ်။

အမည်အရင်း ရော်ဘင် ရီဟားနား ဖန်တီ​ဖြစ်တဲ့ ရီဟားနားကို ဘာဘာဒို့စ်နိုင်ငံ အနောက်တောင်ပိုင်း စိန့်မိုက်ကယ်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး၊ မြို့တော် ဘရစ်ဂ်ျတောင်းမှာ ကြီးပြင်းခဲ့တာပါ။ အဲဒီနောက်မှာတော့ အမေရိကန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ ရီဟားနားဟာ ဘာဘာဒို့စ်သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ပညာရေး၊ ခရီးသွားကဏ္ဍနဲ့ ပြည်ပရင်နှီးမြှုပ်နှံမှု တိုးတက်လာအောင် တာဝန်ယူလုပ်ဆောင်ပေးခဲ့ပါတယ်။ ရီဟားနားကို ဂုဏ်ပြုတဲ့အနေနဲ့ ဘာဘာဒို့စ်က လမ်းတစ်ခုကိုလည်း ‘ရီဟားနားလမ်း’ လို့ အမည်ပေးထားပါတယ်။
ဗြိတိသျှကိုလိုနီ
ဗြိတိသျှဘုရင်မကြီးကို ကိုယ်စားပြုသည့်အလံကို ချနေစဉ်

ဘာဘာဒို့စ်ဟာ ဗြိတိသျှက ကျွန်ရောင်းကျွန်ဝယ်လုပ်တဲ့ ပထမဆုံး ကိုလိုနီနိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ ဘုရင်ဂျိမ်စ်းလက်ထက် ၁၆၂၅ ခုနှစ်မှာ အင်္ဂလိပ်ပြောင်းရွှေ့အခြေချသူတွေ ဘာဘာဒို့စ်ကို ရောက်ရှိခဲ့ပြီး ၁၆၂၇ ခုနှစ်မှာ သိမ်းပိုက်ခဲ့တာပါ။

ဗြိတိသျှတွေခေါ်သွင်းလာတဲ့ အာဖရိကကျွန်တွေနဲ့ ဘာဘာဒို့စ်ဟာ ကြံစိုက်သကြားထုတ်ရာ အဓိကတိုင်းပြည်တစ်ခုဖြစ်လာခဲ့ပါတယ်။ ၁၈၃၄ ခုနှစ်က ဘာဘာဒို့စ်မှာ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့ပြီး ၁၉၆၆ ခုနှစ်မှာတော့ လွတ်လပ်ရေးရခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံဦးသျှောင်အဖြစ် ဗြိတိသျှဘုရင်မကြီးကိုထားကာ ဗြိတိသျှဓနသဟာယ အဖွဲ့ဝင်နိုင်ငံအဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

ဘာဘာဒို့စ်မှာ လူဦးရေ ၃ သိန်းနီးပါးရှိပြီး လှပတဲ့ကမ်းခြေတွေကြောင့် ကျော်ကြားကာ ကာရစ်ဘီယံကျွန်းနိုင်ငံတွေထဲမှာ အကြွယ်ဝဆုံးလည်း ဖြစ်ပါတယ်။

ဘာဘာဒို့စ်မတိုင်ခင် ဗြိတိသျှဘုရင်မကြီးကို နိုင်ငံဦးသျှောင်အဖြစ်ကနေ ဖယ်ရှားခဲ့တဲ့ နိုင်ငံက အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ မော်ရေးရှပ်စ်နိုင်ငံဖြစ်ကာ ၁၉၉၂ ခုနှစ်မှာ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။


****************************************************************
END / 251