အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်းတွင် တရားမဝင် ရေနံချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုတစ်ခုဖြစ်၍ အနည်းဆုံး လူ ၈၀ ဦး သေဆုံးခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေး တာဝန်ရှိသူများက ဧပြီ ၂၄ ရက်တွင် ပြောသည်။
နိုင်ငံတောင်ပိုင်း ရေနံထွက်ရှိရာ ပြည်နယ်များ ဖြစ်သည့် ရစ်ဗားစ်နှင့် အီမို တို့အကြား တရားမဝင် ဆိုဒ်တစ်ခုတွင် ပြီးခဲ့သည့် သောကြာနေ့ ညနေပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရဲများက ပြောသည်။
“ဖြစ်စဉ် ဖြစ်တဲ့နေရာကနေ ဆိုးဆိုးဝါးဝါး မီးလောင်ကျွမ်းခံထားရတဲ့ အလောင်း ၈၀ ထက်မနည်း ကျွန်တော်တို့ တွေ့ရှိထားပါတယ်” ဟု ယင်းဧရိယာရှိ အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ (NEMA) ၏ တာဝန်ရှိသူဖြစ်သည့် အီဖင်းယီ အန်နာဂျီက အေအက်ဖ်ပီကို ပြောသည်။
သေဆုံးသူဦးရေ ထပ်မံ မြင့်တက်နိုင်ကြောင်း ၎င်းက ပြောသည်။
“အလောင်း အများအပြားကို အနီးအနားက ခြုံပုတ်တွေနဲ့ သစ်တောတွေထဲမှာ တွေ့တယ်လို့ ကျွန်တော်တို့ ကြားခဲ့ရသလို တရားမဝင် အော်ပရေတာအချို့နဲ့ သူတို့ကို ထောက်ပံ့ကူညီနေသူတွေကတော့ ဘေးလွတ်ရာ ပြေးခဲ့ကြတယ်လို့လည်း သိခဲ့ရပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် မီးလောင်ခံထားရသည့် ကားအချို့အပြင် ခိုးယူထားသော ရေနံ ခပ်ရာတွင် အသုံးပြုသည့် ပုံးများနှင့် ရေနံထုတ်ကုန်များ ယင်းနေရာတွင် ပြန့်ကျဲနေသည်ဟုလည်း အန်နာဂျီက ပြောသည်။
ယခု သောကြာနေ့ ပေါက်ကွဲမှုဖြစ်စဉ်သည် ရေနံကြွယ်ဝသည့် နိုင်ဂျီးရီးယားတွင် ထပ်မံ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ယခု ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေ ၁၀၀ ကျော်အထိ ရှိသည်ဟုလည်း ပြည်တွင်းမီဒီယာများက ဖော်ပြနေကြသည်။
====================================
END /251
၂၅ ဧပြီ ၂၀၂၂ - ၁၉:၃၉
News ID: 1251706

နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်းတွင် တရားမဝင် ရေနံချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုတစ်ခုဖြစ်၍ အနည်းဆုံး လူ ၈၀ ဦး သေဆုံးခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေး တာဝန်ရှိသူများက ဧပြီ ၂၄ ရက်တွင် ပြောသည်။