အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လက်ရှိ အခြေအနေကို မပြောင်းလဲနိုင်ပါက နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်း ဒေသများတွင် ကလေးငယ် ၇၅၀၀၀ မျှ အစာငတ် သေဆုံးနိုင်ကြောင်း ကုလသမဂ္ဂက သတိပေး ပြောကြားလိုက်သည်။
ကုလသမဂ္ဂ၏ လူသားချင်း စာနာကူညီမှုဆိုင်ရာ တာဝန်ခံ အရာရှိ တစ်ဦးဖြစ်သော ပီတာ လွန်းဘာ့ဂ်က ဘိုကိုဟာရမ် စစ်သွေးကြွများ၏ ခြေကုပ်စခန်း နေရာဟောင်း ဖြစ်ခဲ့သည့် ဒေသတွင် အငတ်ဘေး ဆိုးဆိုးရွားရွား ဆိုက်နေကြောင်း ဆိုသည်။ ၎င်းက ထိုဒေသတွင် လူပေါင်း ၁၄ သန်းမျှ အရေးပေါ် အထောက်အပံ့များ လိုအပ်နေပြီး ကလေးငယ် ၇၅၀၀၀ ခန့်မှာ အစာရေစာ ငတ်ပြတ်မှုကြောင့် လအနည်းငယ်အတွင်း သေဆုံးသွားနိုင်ကြောင်း ဝန်ခံခဲ့သည်။
“လောလောဆယ် ကုလသမဂ္ဂဟာ ဒီပြဿနာကို ပြေလည်အောင် ရှင်းလင်းပေးနိုင်ဖို့ ရန်ပုံငွေ မလုံလောက်ဘဲ ရုန်းကန်နေရပါတယ်”ဟုလည်း လွန်းဘာ့ဂ်က ဆိုသည်။ ဘိုကိုဟာရမ်တို့သည် ပြီးခဲ့သည့် လပိုင်းများအတွင်း နိုက်ဂျီးရီးယား အစိုးရတပ်များ၏ ထိုးစစ်ကြောင့် ဆုတ်ခွာရချိန်၌ နိုင်ငံအရှေ့မြောက်ပိုင်း ဒေသများကို ဆိုးဆိုးရွားရွား မြေလှန်ဖျက်ဆီးမှုများ ပြုလုပ်သွားခဲ့သည်။
“လောလောဆယ် ထောက်လှမ်းရရှိသမျှ အချက်အလက်တွေ အရတော့ အဲဒီဒေသတွေမှာ လူပေါင်း ၁၄ သန်းလောက် ဒုက္ခရောက်နေတယ်။ လူသားချင်းစာနာမှု အကူအညီတွေ လိုနေပါတယ်”ဟုလည်း လွန်းဘာ့ဂ်က အတည်ပြုခဲ့သည်။ ၎င်းက “ဒုက္ခကြုံနေတဲ့ထဲမှာ ကလေး ၄၀၀၀၀၀ လောက် ပါနေတယ်။ ကျွန်တော်တို့က အပြောင်းအလဲ တစ်ခုခုကို မြန်မြန်ဆန်ဆန် မဖန်တီးနိုင်ဘူးဆိုရင် အဲဒီထဲက ၇၅၀၀၀ လောက်ဟာ လပိုင်းအတွင်း အစာရေစာ ပြတ်လပ်ပြီး သေဆုံးသွားနိုင်တယ်”ဟုလည်း ပြောကြားခဲ့သည်။
နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ ဘိုနိုပြည်နယ်နှင့် အခြားဒေသများတွင် ၂၀၀၉ ခုနှစ်မှစ၍ ဘိုကိုဟာရမ် စစ်သွေးကြွများ ထကြွသောင်းကျန်းမှုကြောင့် လူပေါင်း ထောင်နှင့်သောင်းနှင့်ချီ သေဆုံးခဲ့သလို လူပေါင်း ၂ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရကြောင်းလည်း သိရှိရသည်။
===================
251 / End
၁၆ နိုဝင်ဘာ ၂၀၁၆ - ၁၈:၁၂
News ID: 792399

လက်ရှိ အခြေအနေကို မပြောင်းလဲနိုင်ပါက နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်း ဒေသများတွင် ကလေးငယ် ၇၅၀၀၀ မျှ အစာငတ် သေဆုံးနိုင်ကြောင်း ကုလသမဂ္ဂက သတိပေး ပြောကြားလိုက်သည်။