အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
သောကြာနေ့

၂၈ အောက်တိုဘာ ၂၀၂၂

၁၆:၂၂:၀၆
1318049

အိန္ဒိယတွင် လူမျိုးစုပြတိုက်ဖွင့်သူများ အကြမ်းဖက်မှုဖြင့် ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ လူမျိုးစုပြတိုက် ဖွင့်လှစ်ခဲ့ လူ ၃ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးကာ အကြမ်းဖက်မှုစွဲချက်တွေနဲ့ တရားစွဲဆိုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ လူမျိုးစုပြတိုက် ဖွင့်လှစ်ခဲ့ လူ ၃ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးကာ အကြမ်းဖက်မှုစွဲချက်တွေနဲ့ တရားစွဲဆိုလိုက်ပါတယ်။

အမ် မိုဟာ အလီဆိုသူ လူတစ်ဦးက ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်ကာ ဘင်္ဂါလီလူမျိုးစု၀င်ဖြစ်တဲ့  ‘မီယာ’ လူမျိုး (Miya) ရဲ့ ရိုးရာယဥ်ကျေးမှု ပြတိုက်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ သူ့အိမ်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

မီယာလူမျိုးစုတွေဟာ အာသံပြည်နယ်က ခွဲခြားဆက်ဆံမှုခံရတဲ့ လူမျိုးစု၀င်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

ပြည်နယ်ကို အုပ်စိုးထားတဲ့ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP တာ၀န်ရှိသူတွေက ပြတိုက်ဖွင့်တာဟာ လူ့အဖွဲ့အစည်းအတွင်း သွေးကွဲအောင်တာလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ BJP အဖွဲ့၀င်တွေဟာ မီယာလူမျိုးစုကို အမြဲလိုလို အမုန်းစကားတွေနဲ့ တိုက်ခိုက်ပြောဆိုလေ့ရှိပါတယ်။

ပြည်နယ်၀န်ကြီးချုပ် ဟီမန်သာ ဘစ္စ၀ါ ဆာရ်မာက ‘မီယာလူမျိုးစုရှိလို့လား’ ဆိုပြီး သတင်းထောက်တွေကို ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။

ပြတိုက်ဖွင့်တဲ့ အလီရဲ့အိမ်ကို အာဏာပိုင်တွေက အင်္ဂါနေ့မှာ ချိတ်ပိတ်ခဲ့ပါတယ်။ အလီဟာ အာသံပြည်နယ် မီယာလူမျိုးစုအဖွဲ့ ဥက္ကဌဖြစ်ပြီး သူနဲ့ အဖွဲ့ အတွင်းရေးမှူး အဘ်ဒူလ် ဘာတန် ရှိခ်၊ ပြတိုက်ဖွင့်ပွဲမှာ ပါ၀င်ခဲ့တဲ့ တာနူဒါဒူမီယာတို့ကို ဖမ်းဆီးကာ အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ပြတိုက်မှာ မီယာလူမျိုးတွေရဲ့ ရိုးရာယဥ်ကျေးမှုဆိုင်ရာ ပစ္စည်း တော်တော်များများကို ပြသထားတာဖြစ်ပါတယ်။

အလီက ပြတိုက်ဖွင့်တာဟာ မီယာလူမျိုးတွေရဲ့ အမှတ်သညာကို ထိန်းသိမ်းဖို့ဖြစ်ပြီး ဒါဟာ အာသံလူ့အဖွဲ့အစည်း ခိုင်မာအားကောင်းလာဖို့ တစ်စိတ်တစ်ပိုင်း ကူညီရာရောက်တယ်လို့ အဖမ်းမခံရခင်က ပြောကြားခဲ့ပါတယ်။

အစိုးရက ကမကထပြုကာ မီယာပြတိုက်ဖွင့်ဖို့ အာသံပြည်နယ်အတွင်း တိုက်တွန်းမှုတွေရှိခဲ့ပြီး ၂၀၂၀ ခုနှစ် ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးခဲ့ပေမယ့် ဟိန္ဒူအစွန်းရောက် BJP အမတ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။  

မီယာလူမျိုးတွေဟာ ဘာရာမာပူထရာချိုင့်၀ှမ်းဒေသမှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။ လူဦးရေ ၁၀ သန်းကျော်ရှိပြီး အာသံပြည်နယ်လူဦးရေရဲ့ ၃၄ ရာခိုင်နှုန်း ရှိပါတယ်။  

မီယာလူ့အဖွဲ့အစည်းအတွင်း ဆင်းရဲမွဲတေမှု၊ ပညာတတ်နည်းပါးမှု စတာတွေကြောင့် အိန္ဒိယ လွတ်လပ်ရေးရတဲ့ ၁၉၄၇ ခုနှစ်နောက်ပိုင်း အခြားလူမျိုးစုကြီးတွေရဲ့ ခွဲခြားဆက်ဆံမှုကို ခါးစည်းခံခဲ့ရပါတယ်။

မီယာပညာတတ်တွေဟာ နောက်ပိုင်းမှာ လူ့အဖွဲ့အစည်းကို မြှင့်တင်ဖို့ ကြိုးစားလာကြပြီး အထူးသဖြင့် ကဗျာစာပေနဲ့ဖြစ်ပါတယ်။ မီယာကဗျာတွေဟာ အာသံပြည်နယ်မှာ ကျော်ကြားတဲ့ စာပေအမျိုးအစားတစ်ခု ဖြစ်ပါတယ်။

****************************************************************
END / 251