အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၂၃ နိုဝင်ဘာ ၂၀၂၂

၁၈:၅၉:၄၄
1325790

အာဆီယံ လက်မခံသည့် မြန်မာစစ်ခေါင်းဆောင်ကို အိန္ဒိယကသွားရောက်တွေ့ဆုံ ဆွေးနွေး

 မြန်မာနိုင်ငံကို သူ့ကိုယ်ပိုင်လမ်းစဉ်နဲ့ ဆက်ဆံသွားမယ်ဆိုတဲ့ အိန္ဒိယရဲ့ မူဝါဒအတိုင်း အိန္ဒိယ ပြည်ပဆက်ဆံရေးဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် ဗီနေးမိုဟန် ကွာထရာဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ်ရက်က လာရောက်ကာ နေပြည်တော်မှာ မြန်မာစစ်ခေါင်းဆောင်နဲ့ရော ဝန်ကြီးတချို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံကို သူ့ကိုယ်ပိုင်လမ်းစဉ်နဲ့ ဆက်ဆံသွားမယ်ဆိုတဲ့ အိန္ဒိယရဲ့ မူဝါဒအတိုင်း အိန္ဒိယ ပြည်ပဆက်ဆံရေးဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် ဗီနေးမိုဟန် ကွာထရာဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ်ရက်က လာရောက်ကာ နေပြည်တော်မှာ မြန်မာစစ်ခေါင်းဆောင်နဲ့ရော  ဝန်ကြီးတချို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်  မြန်မာနိုင်ငံကို မလာခင်ရက်ပိုင်းမှာပဲ မြန်မာစစ်ကောင်စီက ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို လက်မခံကြောင်းပြသဖို့အတွက် ကမ္ဘောဒီးယားမှာကျင်းပခဲ့တဲ့ အာဆီယံ ညီလာခံမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မပေးဘဲ အာဆီယံက ပိတ်ပင်ခဲ့ပါတယ်။

အိန္ဒိယအတွင်းဝန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး၊ မြဝတီမြို့နယ်မှာ အိန္ဒိယနိုင်ငံသားတွေ အများအပြား  ဖမ်းဆီးခံထားရတဲ့ အလုပ်အကိုင်အတုတွေနဲ့မျှားပြီး လူကုန်ကူးနေကြတဲ့ နိုင်ငံတကာ ဒုစရိုက်ဂိုဏ်းတွေရဲ့ ပြဿနာတွေကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို ပြန်လည်သုံးသပ်ခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယအတွင်းဝန် ကွာထရာဟာ အိန္ဒိယ-မြန်မာနယ်စပ်က လုပ်ငန်းတွေအပါအဝင် ပြည်သူ့အခြေပြု လူမှုရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေနဲ့အတူ အိန္ဒိယဘက်က တာဝန်ခံထားတဲ့ ကုလားတန်စီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမ စီမံကိန်းတွေမှာလည်း မြန်မြန်မှန်မှန်ပြီးစီးရေးတို့ကို အိန္ဒိယက ကူညီအားပေးနေကြောင်း ပြောခဲ့ပါတယ်။  ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေမှာ အိန္ဒိယက ကူညီဆောင်ရွက်ပေးမယ့် ကိစ္စတွေကိုလည်းထပ်မံ ကတိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယအတွင်းဝန် ကွာထရာရဲ့  နှစ်ရက်ကြာမြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်နေဆဲ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေနဲ့အတူ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းနဲ့ ကုလသမဂ္ဂအရေးတို့အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအရေးကိစ္စတွေ၊ နှစ်နိုင်ငံပိုမိုချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထွန်းကားရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ဆွေးနွေးခဲ့ပေမဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီအချက်ကို ချန်လှပ်ထားခဲ့ကြောင်း အိန္ဒိယအခြေစိုက် တယ်လီဂရပ်သတင်းက ရေးပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထွန်းကားလာရေးအတွက် အိန္ဒိယရဲ့ ထောက်ခံအားပေးမှုကို နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း သူ့ရဲ့ တွစ်တာမှာ  ရေးသားထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံကို သူ့ကိုယ်ပိုင်လမ်းစဉ်မူဝါဒနဲ့ ဆက်ဆံခဲ့တဲ့ အိန္ဒိယဟာ စီးပွားရေးပိတ်ဆို့မှုတွေချမှတ်ခဲ့ခြင်းလည်း မရှိသလို မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိနေတဲ့ စီမံကိန်းတွေကိုလည်း ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

နယ်မြေချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်လို့ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အိန္ဒိယမှာ သီးခြားအမြင်တွေရှိပြီး အဲဒီအမြင်တွေပါ်မှာ အခြေခံကာသုံးသပ်ရကြောင်း မြန်မာနိုင်ငံနဲ့ဆက်ဆံရေးအပေါ် အိန္ဒိယက အကြောင်းပြချက်ပေးတယ်လို့ တယ်လီဂရပ်အိန္ဒိယရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

****************************************************************
END / 251