အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္လာနေ့

၁ မေ ၂၀၁၇

၁၇:၂၁:၄၅
827181

အနောက်အာဖရိကရှိ စစ်သွေးကြွများကို ပြင်သစ်စစ်တပ် နှိမ်နင်း

အနောက်အာဖရိက ဒေသတွင် စစ်သွေးကြွ ၂၀ ကျော်ကို သုတ်သင်ရှင်းလင်းမှု၊ အရှင်ဖမ်းဆီးမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း ပြင်သစ်စစ်တပ်က ကြေညာခဲ့သည်။



အနောက်အာဖရိက ဒေသတွင် စစ်သွေးကြွ ၂၀ ကျော်ကို သုတ်သင်ရှင်းလင်းမှု၊ အရှင်ဖမ်းဆီးမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း ပြင်သစ်စစ်တပ်က ကြေညာခဲ့သည်။

ဘာကီနာဖာဆိုနှင့် နယ်စပ်အနီး မာလီဘက်ခြမ်းရှိ တောအုပ်တစ်ခုတွင် ခိုအောင်းနေသော စစ်သွေးကြွများကို ပြင်သစ် တပ်ဖွဲ့များက စီးနင်း တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ ထိုတိုက်ပွဲတွင် ပြင်သစ်၏ လေတပ်နှင့် ခြေလျင်တပ်များ ပူးပေါင်း ပါဝင်ခဲ့သည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ် စစ်ဆင်ရေးသည် မည်သည့် စစ်သွေးကြွ အုပ်စုကို ဦးတည် ဆင်နွှဲခဲ့သည် ဆိုခြင်းကိုမူ မထုတ်ပြန်ခဲ့ချေ။

ဧပြီလအတွင်းက အဆိုပါဒေသတွင် ပြင်သစ်စစ်သည်တစ်ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်နှင့် ဆက်စပ်ပြီး တုံ့ပြန်စစ်ဆင်ရေး တစ်ရပ်ကို ဆင်နွှဲခဲ့ခြင်းဟု ယူဆရသည်။ ပြင်သစ်စစ်တပ်သည် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွများကို တွန်းလှန်ရန်အတွက် မာလီစစ်တပ်ကို တိုက်ရိုက် အကူအညီပေးလျက် ရှိသည်။

သို့သော်လည်း ပြင်သစ်နှင့် ပူးပေါင်း၍ ၂၀၁၃ ကတည်းက စစ်ဆင်ရေးများ ဆင်နွှဲနေသည့်တိုင် မာလီတွင် အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် တိုက်ခိုက်မှုများ၏ဒဏ်ကို ဆက်လက် ခံစားနေရဆဲ ဖြစ်သည်။ ပြင်သစ် စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မိမိတို့၏ တပ်ဖွဲ့များသည် ဖူလ်ဆာရီ သစ်တောဧရိယာကို ပစ်မှတ်ထားကာ စစ်သွေးကြွများကို ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

မာလီမှ စစ်သွေးကြွ လှုပ်ရှားမှုများသည် ယခုအခါ အိမ်နီးချင်း ဘာကီနာဖာဆို နိုင်ငံသို့ပင် ကူးစက်စ ပြုလာပြီ ဖြစ်သည်။ မာလီအစိုးရသည် အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက်မှုများကို ထိရောက်စွာ တုံ့ပြန်ရန်အတွက် အရေးပေါ် အခြေအနေ ကြေညာမှုကို ၆ လ သက်တမ်း ထပ်မံတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။

ဒီဇင်ဘာလအတွင်းက ဘာကီနာဖာဆိုနှင့် နယ်စပ်အနီးတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် မာလီစစ်သည် ၁၂ ဦး ကျဆုံးခဲ့သည်။ ပြီးခဲ့သည့်နှစ် ဇန်နဝါရီကလည်း မာလီမြို့တော် အူဂါဒူဂူတွင် စစ်သွေးကြွများက ဟိုတယ်တစ်ခုကို တိုက်ခိုက်ရာ နိုင်ငံခြားသား အများအပြား အပါအဝင် လူ ၂၉ ဦး အသက်ဆုံးရှုံးခဲ့သည်။

မာလီ၏ ယခင်ကိုလိုနီ အစိုးရဟောင်း ဖြစ်ခဲ့သည့် ပြင်သစ်သည် အစွန်းရောက် စစ်သွေးကြွများကို ဖြိုခွင်းနိုင်ရန် အကူအညီ ပေးသည့်အနေဖြင့် မာလီတွင် တပ်ဖွဲ့ဝင် ၄၀၀၀ ကို ဖြန့်ကျက်ထားကြောင်း သိရသည်။

===================
251/End