၅ အောက်တိုဘာ ၂၀၂၀ - ၂၀:၁၉
အဇာဘိုင်ဂျန်  နှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေး  ရန် အသင့်ရှိ  ကြောင်း အာမေးနီးယား ပြောကြား

ယခုသီတင်းပတ်အတွင်း အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည့် နာဂေါ်နိုကာရာဘက် ခွဲထွက်ဒေသတွင် အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးရန် အသင့်ရှိကြောင်း အာမေးနီးယားက အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


ယခုသီတင်းပတ်အတွင်း အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည့် နာဂေါ်နိုကာရာဘက် ခွဲထွက်ဒေသတွင် အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးရန် အသင့်ရှိကြောင်း အာမေးနီးယားက အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများသည် ဆယ်စုနှစ်ပေါင်းများစွာ အငြင်းပွားလာခဲ့သည့် အဇာဘိုင်ဂျန်ပိုင်နက်အတွင်းရှိ နာဂေါ်နိုကာရာဘက်ဒေသတွင် အဇာဘိုင်ဂျန်တပ်ဖွဲ့များနှင့် အာမေးနီးယားမှ ထောက်ပံ့ပေးထားသည့် အာမေးနီးယားလူများစုအကြား ဖြစ်ပွားနေခြင်းဖြစ်ပြီး  ပြီးခဲ့သည့်နှစ်များအတွင်း အပြင်းထန်ဆုံးတိုက်ပွဲ ဖြစ်လာခဲ့သည်။

အောက်တိုဘာ ၁ ရက်နေ့တွင်မူ ၁၉၉၂ ခုနှစ်က ဖွဲ့စည်းခဲ့သည့် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Minsk Group) ၏ ပူးတွဲဥက္ကဋ္ဌများဖြစ်သည့် ရုရှား၊ ပြင်သစ်နှင့် အမေရိကန်နိုင်ငံတို့က အာမေးနီးယားနှင့် အဇာဘိုင်ဂျန်အကြား ချက်ချင်းအပစ်အခတ်ရပ်စဲရန်နှင့် Minsk Group ဥက္ကဋ္ဌများ၏ ဦးဆောင်မှုအောက်တွင် ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်လုပ်ဆောင်ရန် ပူးတွဲအစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ၎င်းတို့အနေနှင့် ၁၉၉၄-၁၉၉၅ ခုနှစ် သဘောတူညီချက်အပေါ် အခြေခံပြီး အပစ်အခတ်ရပ်စဲရေးကို ပြန်လည်ထူထောင်ရန် Minsk Group ပူးတွဲဥက္ကဋ္ဌများနှင့်အတူ ပါဝင်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။

အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယက်ဗ်ကမူ နာဂေါ်နို ကာရာဘက်ဒေသတွင် အာမေးနီးယားဘက်က ဆုတ်ခွာမှုကသာ တိုက်ခိုက်မှုကို အဆုံးသတ်နိုင်မည့် တစ်ခုတည်းသော အခြေအနေဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာမေးနီးယားအရာရှိများကလည်း တူရကီနိုင်ငံသည် ဆီးရီးယားမှ ကြေးစားစစ်သားများကို ပို့ဆောင်ကာ အဇာဘိုင်ဂျန်တပ်ဖွဲ့များကို ကူညီထောက်ပံ့ပေးနေကြောင်း စွပ်စွဲခဲ့သည်။ သို့သော် တူရကီအစိုးရသည် ယခုဖြစ်ပွားနေသည့် ပဋိပက္ခတွင် အဇာဘိုင်ဂျန်ဘက်က လူသိရှင်ကြား ရပ်တည်ပေးနေသော်လည်း အာမေးနီးယား၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယခုဖြစ်ပွားနေသည့် ပဋိပက္ခအား အမြန်ဆုံးရပ်တန့်ရန် နိုင်ငံတကာမှ တောင်းဆိုမှုများရှိနေသည့်တိုင် နှစ်ဘက်လုံးက စစ်ရေးအရ ထိတ်တိုက်တွေ့မှုများ ဆက်လက်လုပ်ဆောင်နေမှုအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့သည့် ဆဋ္ဌမမြောက်နေ့အဖြစ် စက်တင်ဘာ ၂ ရက်တွင် အဇာဘိုင်ဂျန် တပ်ဖွဲ့များသည် နာဂေါ်နို ကာရာဘက်ဒေသရှိ အဓိကမြို့ဖြစ်သည့် စတက်ပန်နာကက်မြို့ကို အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အာမေးနီးယားအစိုးရက စွပ်စွဲခဲ့သည်။

ယင်းကဲ့သို့ အမြောက်ဖြင့် ပတ်ခတ်တိုက်ခိုက်မှုအပြီးတွင် ညနေပိုင်း၌ ဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သဖြင့် ဒေသခံများသည် အကာအကွယ်များအောက်တွင် ပုန်းခိုခဲ့ရပြီး ဒေသခံအချို့မှာမူ မြို့ထဲမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု အေအက်ဖ်ပီသတင်းအဖွဲ့မှ သတင်းပေးပို့ခဲ့သည်။

****************************************

END / 251