အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
· COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအပါအဝင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု၊ စစ်ဘေးရှောင်ပြ ည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားလိုအပ်သော ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ နိုင်ငံတကာအလှူရှင်များ၊ ပြည်တွင်း/ ပြည်ပ အလှူရှင်များကို ဖိတ်ခေါ်သည်။
ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိရာ သတင်းအချက် အလက်များအရ(၂.၁.၂၀၂၂) ရက်နေ့တွင်စစ်ကောင်စီတပ်ဖွဲ့ဝင် - ၅၄ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ - ၁၀ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။
· ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ (၁၄) ကြိမ်မြောက်ပါတီကွန်ဂရက်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့မှ ဒီဇင်ဘာလ (၃၀) ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း ကြားသိရသဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်မိပြီး ပါတီကွန်ဂရက်တွင်ပြုလုပ်သော ဗဟိုကော်မတီအစည်းအဝေးက ပါတီဥက္ကဋ္ဌအဖြစ် ခူဦးရယ်ကို ရွေးချယ်တင်မြှောက်ကာ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအား ဖွဲ့စည်းအတည်ပြု ခဲ့ကြောင်းကြားသိရသဖြင့် ဥက္ကဋ္ဌနှင့်တကွအလုပ်အမှုဆောင်အဖွဲ့ဝင်များအား ဝမ်းသာဂုဏ်ပြုပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
· စစ်အာဏာရှင်နှင့်အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ ကရင်နီပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာဝမ်းသာမိကြောင်း ထုတ်ပြန်သည်။
· ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ကရင်နီပြည်နယ် အတိုင် ပင်ခံကောင်စီ(KSCC) တို့ပူးတွဲပြုလုပ်သော "ဖရူဆိုမြို့နယ် မိုဆိုရွာအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု" နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေ ၅ နာရီအချိန် ပြုလုပ်ခဲ့သည်။
တော်လှန်ရေးလှုပ်ရှားမှုများ
· ရန်ကုန်ခေတ်သစ် သတင်းဌာန၏ အယ်ဒီတာများဖြစ်သည် ဦးသာလွန်ဇောင်းထက်နှင့် ဦးကံဇော် တို့ အပါ အဝင် အယ်ဒီတာများကို ထောင်ဒဏ် နှစ် ၂၀ ပြစ် ဒဏ် ချမှတ်နိုင်သော ပုဒ်မ ၁၂၄(က) ဖြင့် အနောက်ပိုင်း ခရိုင်တရားရုံးတွင် အမှုဖွင့်ပြီး ဖမ်းဝရမ်းများဖြင့် ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင် နေထိုင်ခဲ့ဖူးသော နေ အိမ်များသို့ သွားရောက် လိုက်လံ ဖမ်းဆီး မှုများကို အကြမ်းဖက် စစ်ကောင်စီမှ လုပ်ဆောင်နေကြောင်း သိရသည်။
· အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသားနှင့် ရန်ကုန် အခြေစိုက် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ မဆုရည်လင်း(ခ)လင်းလင်း တို့ကို စစ်ကောင်စီတပ်များ ဖမ်းဆီးသွားပြီးနောက် ၁၅ ရက်ကြာသည်အထိ မိသားစုနှင့် အဆက်သွယ် မရရှိသေးကြောင်း သိရသည်။
· စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထနောင်းတော၊ ပေါက်ပင်၊ တောပု၊ ကြာပိုင် ကျေးရွာများကြားတွင် ရှိသော စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်နှင့် ဆက်စပ် ပစ္စည်းများကို ဇန်နဝါရီလ ၂ ရက် ယမန်နေ့ ညနေပိုင်းတွင် ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့များမှ ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်သည်။
· ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများမှ တော်လှန်ပြည်သူ များစုပေါင်းကာ ၂၉၉ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ဇန်နဝါရီ ၃ ရက်တွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ် ဖြုတ်ချရေး ချီတက်ဆန္ဒပြကြသည်။
· ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းကို ဇန်နဝါရီ ၃ ရက်နေ့ နံနက်ပိုင်းတွင် ချီတက်ခဲ့ကြသည်။
· စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ဝင်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် နမခဝင်းနှင့်ကပ်လျက်ရှိနေသော ကျေးရွာများနှင့် လမ်းများအားလုံးကို စစ်တပ်က ပိတ်ဆို့ထား၍ ပြည်သူများ ဒုက္ခရောက် နေရ ကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။
· စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောကျေးရွာတွင် တိုက်ပွဲမရှိဘဲ စစ်တပ်က ရဟတ်ယာဉ် များဖြင့် ပြည်သူများကို ပစ်ခတ်ပြီး စစ်သားအင်အားအများအပြားချကာ ရွာဦးဘုန်းကြီးကို ၀ိုင်းထားကြောင်း ဒေသခံများက ပြောဆိုသည်။
· 'သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ၊ စစ်ကျွန်ဘဝက ရုန်းထွက်ကြ' ပိုစတာကိုင်စွဲပြီး အကြမ်းဖက် ဖက်ဆစ်စစ်တပ် ဖြုတ်ချရေး ဇန်နဝါရီလ ၃ ရက်တွင် ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ၃၃၀ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။
· စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် နှလုံးလှလူမိုက် ကြီးများအဖွဲ့သည် သင်တန်းစခန်း မီးရှို့ခံခဲ့ရသော်လည်း ပထမအကြိမ် စစ်သင်တန်းဆင်းပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်ဟု ထိုအဖွဲ့ထံမှ သိရသည်။
· စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ထံ ဒီဇင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ချခိုလှုံလာကြောင်းဒီပဲယင်းPDFထံမှ သိရသည်။
· ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ဟိုက်ကွီရွာတွင် ယနေ့ နံနက် ၆ နာရီ အချိန်တွင် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
· ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့တွင် ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ပရဟိတသမား ဦးဇင်မင်းထိုက်ကို စစ်တပ်က ဖမ်းဆီးကာ ယင်းနေ့ ည ၁၁ နာရီ ၄၅ မိနစ်တွင် စစ်ကြော ရေးတွင် စစ်တပ်က သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။
· ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာရွက်များ ဝေငှသည့် မိန်းကလေးငယ် နှစ်ဦးကို ရဲနှင့်စည်ပင်က ပူးပေါင်းဖမ်းဆီးခဲ့ပြီး ဝါယာကြိုးဖြင့် မျက်နှာ၊ ခြေ၊ လက်များကို ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း တော်လှန်ရေး ဦး ဆောင် လူငယ်များထံမှ သိရှိရသည်။
· ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက်ရုံးကို ဇန်နဝါရီလ ၂ ရက်နေ့ ည ၈ နာရီ ဝန်း ကျင်တွင် သေနတ်ဖြင့် ဝင်ပစ်ပြီး ဗုံးဖောက်ခွဲသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ရာအိမ်မှူး နိုင်ထွေး ၊ဒဏ်ရာရရှိသော အုပ်ချုပ်ရေးမှူးတင်စိန်နှင့် ဆယ်အိမ်မှူး အောင်သက်ပိုင် အပါအဝင် ၄ ဦးသေဆုံးပြီး စစ်သား ၂ ဦး ဒဏ်ရာ ပြင်းထန်ကြောင်း ပစ်ခတ်မှုလုပ်ဆောင်ခဲ့သော အဖွဲ့က ကြေညာသည်။
· ရန်ကုန်PDF က မြို့နယ် ၄ ခုတွင် စစ်ကောင်စီဘက်တော်သားများကို တိုက် ခိုက်ခဲ့ရာ စစ်သား ၁ ဦး အပါအဝင် စစ်ကောင်စီဘက်တော်သား ၄ ဦးသေဆုံးပြီး စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရကြောင်း ရန်ကုန်ုတိုင်းPDF က သတင်းထုတ်ပြန်သည်။
· ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က တန်ဖိုးကြီး ဆိုင်ကယ်များကို ဖမ်းဆီးပြီး ရဲစခန်းအတွင်း လေလံတင် ရောင်းချမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
· ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်ဘူတာအနီးတွင် ယနေနံနက် ၈ နာရီခွဲကျော်က ဗုံးပေါက်ကွဲပြီး စစ်ကောင်စီ ၂ ဦးသေဆုံးကာ၊ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
· ချင်းပြည်နယ်၊ ပလက်ဝမြို့ အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ (၂၈၉) တပ်အတွင်း အလံဖြူ ထောင်သည့် ကိစ္စ မီဒီယာတွင် ဖြေကြားခဲ့သည့် ပလက်ဝမြို့ခံ ပရဟိတလူငယ် ကိုတင်ထွန်းအောင်ကို နိုင်ငံတော် အကြည်အညို ပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ပြီး ခလရ (၂၈၉) တပ်စခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း မိသားစုနှင့် ရင်းနှီးသူများက မဇ္ဈိမကို ပြောသည်။
· ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်ရှိ နေအိမ်များတွင်လူမနေသည့် နေအိမ်များကို နှစ်ပတ်အတွင်း ပြန်လည်နေထိုင်ကြရန်နှင့် လူမရှိ၍အိမ်ပိတ်ထားပါက ယင်းနေအိမ်များကို ချိပ်ပိတ်မည်ဟု စစ်ကောင် စီတပ်သားများမှ ယမန်နေ့က လိုက်လံပြောကြားနေကြောင်း ဒေသခံထံမှ သိရသည်။
· မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ပြည်တွင်းအခွန်ဦးစီးဌာနရုံးကို ဇန္နဝါရီလ ၁ ရက်နေ့၊ နံနက် ၅ နာရီ အချိန် ခန့်က လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ပွင့်ဖြူ PDF က ထုတ်ပြန်ကြေညာသည်။
တိုင်းရင်းသားလက်နက်ကိုင်များ
· ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ဒီဇင်ဘာလ ၃၁ ရက်တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသနေစဉ် ဇန်နဝါရီလ ၂ ရက် နံနက်ပိုင်းတွင် ကျဆုံးသွားသည့် ကရင်နီအမျိုးသားများကာကွယ် ရေးတပ်ဖွဲ့ KNDF ရဲဘော်ဟင်နရီ၏ ဈာပနအခမ်းအနားကို ယနေ့ပြုလုပ်ခဲ့ပြီး KNDF တပ်ဖွဲ့ဝင်များ လိုက်ပါပို့ဆောင်ခဲ့ကြသည်။
· ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ စစ်ကောင်စီသည် အထူးဒေသ(၁) မုံးကိုးခရိုင် ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်MNDAA(ကိုးကန့်)၏ မန်ရန်တပ် စခန်းကို လက်နက်ကြီးများဖြင့် အဆက်မပျက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
· ကရင်နီပြည်တွင် ခုနှစ်လအတွင်း စစ်ကောင်စီတပ်သား ၂၅၀ နီးပါးသေဆုံးခဲ့ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပြည်သူသို့ အစီရင်ခံ တင်ပြသည်။
· ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများကို အသိအမှတ်ပြုကြောင်း ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Prothom Alo သတင်းစာ၏ သီးသန့်အင်တာဗျူးတွင် ပြောဆိုထားသည်။
စစ်ကောင်စီ
· နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသော သဘာဝဘေး ပုဒ်မ ၂၅ အမှု တစ်မှု အပါအဝင် အမှု သုံးခုကို ဇန်နဝါရီ ၁၀ ရက်တွင် အပြီးသတ် စီရင်ချက် အမိန့်ချမှတ်ရန် စစ်ကောင်စီ ဇဗ္ဗူသီရိမြို့နယ် တရားရုံးက ချိန်းဆိုသည်။
· ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၁)ရပ် ကွက်ရှိ လူနေအိမ် များအား ဇန်နဝါရီ ၁ ရက် ည ၇ နာရီခွဲခန့်တွင်မီးရှို့ခံရပြီး PDF NUG လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီ သတင်းစာတွင် လိမ်ညာ သတင်းရေးသားထားသည်။
· ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော နှစ်ဦးတရားအလှူ တော်ဓမ္မပူဇာ ပထမနေ့ တရားပွဲကို ဇန်နဝါရီ ၁ ရက် ညပိုင်းတွင် စစ်ကောင်စီတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
· ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၅) အခြေခံ ပညာ အထက်တန်းကျောင်း၊ ပင်လုံခန်းမ၌ ပြုလုပ်ရာ စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ စစ်ကောင် စီခန့် တိုင်း ဒေသ ကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အကြမ်းဖက် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြကြောင်း သတင်းဖော်ပြသည်။
· ရှမ်းပြည်နယ်အရှေ့ပိုင်း လွိုင်မွေဒေသတွင် ချယ်ရီပင်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ချယ်ရီပန်းပွဲတော် ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
· စစ်ကောင်စီ ဌာနဆိုင်ရာများမှ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့်ပျော်ပွဲရွင်ပွဲ ကျင်းပသည်ကို တစ်နိုင်ငံလုံးပြုလုပ်နေသယောင်ဖြင့် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။
ဇန်နဝါရီ ၃ သုံးသပ်ချက်
· ကယား၊ကရင်၊ကရင်နီ၊စစ်ကိုင်းတိုင်း၊ရှမ်းမြောက်ပိုင်းတို့တွင် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက် ကိုင်နှင့် ဒေသခံ PDF များ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။ယင်းတိုက်ပွဲများတွင် နှစ်ဖက်အကျ အဆုံး ရှိနေသည်။
· အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်ပွဲများတွင် မနိုင်လျှင် လူနေအိမ်များမီးရှို့ခြင်းနှင့် အရပ်သား ပြည်သူများကို သတ်ဖြတ်ခြင်းများကို ယနေတိုင်ပြုလုပ်နေဆဲဖြစ်သည်။ယင်းသို့ ပြုလုပ်ပြီး၍ လူအများသိရှိသွားလျှင်လည်း ဝါဒဖြန့်သတင်းစာများမှ လိမ်လည်ပြောဆိုသည်ကို ထပ်တလဲလဲ ကျင့်သုံး နေဆဲဖြစ်သည်။ထန်တလန်မြို့သည် အကြိမ်ကြိမ်မီးရှို့ခံနေရပြီး ရှို့ခံရတိုင်း စစ်ကောင်စီမှ ဒေသခံ PDF များကို လွဲချပြန်သည်။ယခုဖြစ်နေသည့် ပဋိပက္ခသည် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူကို ရက်စက် စွာ ပစ်ခတ်သတ်ဖြတ်၍ လက်နက်ဆွဲကိုင် ခုခံနေခြင်းဖြစ်သည်။ခုခံနေသည့် မြို့ခံများမှ ကိုယ်ဒေသ ကိုယ်လူမျိုးများ၏ အိမ်ကို ပြန်၍ မီးရှို့မလားဆိုသည်မှု တွေးကြည့်စရာပင်လိုအပ်မည်မထင်ပါ။
****************************************************************
END / 251
၃ ဇန်နဝါရီ ၂၀၂၂ - ၂၀:၂၆
News ID: 1215340
COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအပါအဝင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု၊ စစ်ဘေးရှောင်ပြ ည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားလိုအပ်သော ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ နိုင်ငံတကာအလှူရှင်များ၊ ပြည်တွင်း/ ပြည်ပ အလှူရှင်များကို ဖိတ်ခေါ်သည်။