၂၁ နိုဝင်ဘာ ၂၀၂၆ - ၁၅:၅၉
အီရန်နိုင်ငံအပေါ် စစ်ပွဲဆင်နွှဲရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ပြင်းထန်လာ၊ အမေရိကန်အစိုးရ လုပ်ငန်းရပ်ဆိုင်းရနိုင်သည့် အခြေအနေရှိလာ

အီရန်နိုင်ငံအပေါ် စစ်ပွဲဆင်နွှဲရန် ကုန်ကျစရိတ်များကို မည်သို့ထောက်ပံ့မည်ဆိုသည့် ကိစ္စနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ရေးအသုံးစရိတ်ဘတ်ဂျက်တွင် ဒေါ်လာ ၃၅၀ ဘီလီယံ ထပ်မံတိုးမြှင့်ပေးရန် တောင်းဆိုမှုတို့ကြောင့် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီတို့အကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေပါတယ်။ ယင်းအခြေအနေသည် အမေရိကန်အစိုးရ၏ လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းကို တားဆီးနိုင်ရန် ကွန်ဂရက်လွှတ်တော်အတွင်း သဘောတူညီမှုရရှိရေး ကြိုးပမ်းမှုများကို ပိုမိုခက်ခဲစေခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အမေရိကန်ကွန်ဂရက်လွှတ်တော်သည် အစိုးရလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းကို တားဆီးရန် နောက်တစ်ကြိမ် ကြိုးပမ်းလျက်ရှိပါတယ်။ သို့သော် အီရန်နိုင်ငံအပေါ် စစ်ပွဲဆင်နွှဲရေးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပင်တဂွန်စစ်ဌာနချုပ်အတွက် ဒေါ်လာ ၃၅၀ ဘီလီယံ ထပ်မံခွဲဝေပေးရန် တောင်းဆိုမှုတို့နှင့်ပတ်သက်၍ ပါတီနှစ်ရပ်အကြား သဘောထားကွဲလွဲမှုများကြောင့် သဘောတူညီချက်တစ်ရပ် ရရှိရန် ခက်ခဲနေပါတယ်။

အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်အစိုးရဌာနများအတွက် လက်ရှိဘတ်ဂျက်သည် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အစိုးရအသုံးစရိတ်များအတွက် သဘောတူညီချက်တစ်ရပ် ရရှိရန် ဥပဒေပြုအမတ်များ၌ သုံးပတ်သာ အချိန်ကျန်ရှိတော့တယ်။ ထိုအချိန်အတွင်း အထက်လွှတ်တော်၌ သဘောထားကွဲလွဲမှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ဘတ်ဂျက်အစီအစဉ်တစ်ရပ်ကို အတည်ပြုနိုင်ရန် အမတ် ၁၀၀ ဦးအနက် အနည်းဆုံး ၆၀ ဦး၏ ထောက်ခံမဲ လိုအပ်ပါတယ်။

ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီတို့သည် လာမည့်နှစ်အစောပိုင်းအထိ အစိုးရလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် ယာယီဘတ်ဂျက်အစီအစဉ်တစ်ရပ်ကို အတည်ပြုလိုကြပါတယ်။ ထိုအချိန်တွင် ဒီမိုကရက်တစ်ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ၌ အနိုင်ရရှိပြီးနောက် ကွန်ဂရက်လွှတ်တော်၏ လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်ပါတယ်။

သို့သော် အီရန်နိုင်ငံအပေါ် စစ်ပွဲဆင်နွှဲရေးအတွက် ငွေကြေးထောက်ပံ့မှုကို ထရမ့်၏ စစ်ရေးအာဏာအသုံးပြုခွင့်များ ကန့်သတ်ခြင်းနှင့် ချိတ်ဆက်သတ်မှတ်သင့်၊ မသင့်ဆိုသည့် ကိစ္စအပေါ် ဒီမိုကရက်တစ်ပါတီအတွင်း သဘောထားကွဲလွဲမှုများ ရှိနေပါတယ်။

ဒီမိုကရက်တစ်အထက်လွှတ်တော်အမတ် ပီတာ ဝဲလ်ရှ်က ဤကိစ္စနှင့်ပတ်သက်၍ “အဓိကအတားအဆီးကတော့ စစ်ပွဲအတွက် ဘတ်ဂျက်ထောက်ပံ့ပေးဖို့ ကျွန်တော်တို့ မလိုလားပေမဲ့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားတာကိုလည်း မလိုလားဘူးဆိုတဲ့ အချက်ပါပဲ။ ဒီပြဿနာကို နောက်ဆုံးမှာ ဘယ်လိုဖြေရှင်းနိုင်မလဲ” ဟု ပြောကြားခဲ့ပါတယ်။

အခြားတစ်ဖက်တွင် ဒီမိုကရက်တစ်ပါတီဝင်အချို့က အစိုးရလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းကို ဆန့်ကျင်ခဲ့ကြပါတယ်။ အောက်လွှတ်တော်၏ ဘတ်ဂျက်ခွဲဝေရေးကော်မတီဝင် အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒီမိုကရက်တစ်အမတ် ရိုဇာ ဒီလာရိုက “အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားခြင်းက စစ်ပွဲကို ရပ်တန့်စေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီပြဿနာကို အဆုံးသတ်ဖို့ တခြားနည်းဗျူဟာတစ်ခုကို အသုံးပြုဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

အလားတူ အထက်လွှတ်တော်တွင် ရီပတ်ဘလစ်ကန်ပါတီ၏ အများစုအဖွဲ့ခေါင်းဆောင် ဂျွန်သွန်းကလည်း အစိုးရလုပ်ငန်းများ နောက်တစ်ကြိမ် ရပ်ဆိုင်းသွားပါက အမေရိကန်ပြည်သူများ ထိခိုက်နစ်နာရမည်ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

အခြားတစ်ဖက်တွင် ရီပတ်ဘလစ်ကန်ပါတီသည် ထရမ့်၏ ဒေါ်လာ ၃၅၀ ဘီလီယံ ထပ်မံတိုးမြှင့်ပေးရန် တောင်းဆိုထားသည့် ကာကွယ်ရေးဘတ်ဂျက်ကို မည်သို့အကောင်အထည်ဖော်မည်ဆိုသည့် နည်းလမ်းအပေါ် ယခုအချိန်အထိ သဘောတူညီမှု မရရှိသေးပေ။ လက်ရှိတွင် ၎င်းတို့သည် ဒီမိုကရက်တစ်ပါတီနှင့်အတူ ဒေါ်လာ ၁.၁ ထရီလီယံတန်ဖိုးရှိ ကာကွယ်ရေးဘတ်ဂျက်အစီအစဉ်တစ်ရပ်အတွက် ပါတီနှစ်ရပ်အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပါတယ်။ ယင်းအစီအစဉ်တွင် သမ္မတ၏ ထပ်မံတောင်းဆိုထားသည့် ငွေပမာဏထဲမှ ဒေါ်လာ ၆၉ ဘီလီယံသာ ထည့်သွင်းထားပါတယ်။

သို့သော်လည်း ကာကွယ်ရေးအသုံးစရိတ်ကို တစ်ဖက်သတ်တိုးမြှင့်ရန် အတည်ပြုနိုင်ရေးအတွက် ရီပတ်ဘလစ်ကန်ပါတီက ဘတ်ဂျက်ဆိုင်ရာ အထူးလုပ်ထုံးလုပ်နည်းတစ်ရပ်ကို အသုံးပြုလာနိုင်သည့် အလားအလာမှာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ယင်းကိစ္စသည် ပါတီနှစ်ရပ်အကြား လက်ရှိပြုလုပ်နေသော ဆွေးနွေးညှိနှိုင်းမှုများကို ပိုမိုရှုပ်ထွေးစေနိုင်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha