၂၀ နိုဝင်ဘာ ၂၀၂၆ - ၂၂:၃၂
အခက်ခဲဆုံးသော အချိန်များတွင် ရွတ်ဆိုသင့်သည့် ဆွဟီးဖာ စဂျာဒီယဟ်ကျမ်းမှ ဒိုအာစကားလုံးလေးကြောင်း

ဆွဟီးဖာ စဂျာဒီယဟ် ကျမ်းတွင် ပါဝင်သော ဒိုအာများအနက် အေမာမ် ဇိုင်နိုလ်အာဗေဒီးန် (အလိုင်ဟစ်စလာမ်) စဂျ်ဒဟ်ဝတ်ပြုစဉ် ရွတ်ဆိုတော်မူခဲ့သည့် အလွန်တိုတောင်းသော ဒိုအာစကားလုံးလေးကြောင်းသည် အခက်အခဲများနှင့် လိုအပ်ချက်များ ကြုံတွေ့ရချိန်တွင် အလ္လာဟ်အရှင်မြတ်ထံ နှိမ့်ချကျိုးနွံစွာ ချဉ်းကပ်တောင်းခံခြင်း၏ ထူးခြားသော သင်ခန်းစာတစ်ရပ် ဖြစ်ပါတယ်။ ဤအကြောင်းအရာကို မောင်လာနာ ကိုမိုင်းလ် မဲဟ်ဒဝီ၏ ဗယာန်း (တရားဟောချက်) မှ ကောက်နုတ်၍ မြန်မာဘာသာသို့ ပြန်ဆိုတင်ပြထားခြင်း ဖြစ်ပါသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မိတ်ဆွေတို့ရေ… ဆွဟီးဖာ စဂျာဒီယဟ် ကျမ်းမှာ ဒိုအာပေါင်း ၅၄ ပုဒ် ပါရှိပါတယ်။ အဲဒီထဲက မောင်လာ (အေမာမ်) ရဲ့ ဒိုအာတစ်ပုဒ်ကိုကျနော် အခု မိတ်ဆွေတို့ရှေ့မှာ တင်ပြပေးချင်ပါတယ်။

ဒီဒိုအာမှာ အလွန်တိုတောင်းတဲ့ စကားလုံးလေးကြောင်းပဲ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒါဝူဒ် ယမာနီက သက်သေခံပြောဆိုထားတာကတော့ အဲဒီစကားလုံးလေးကြောင်းကို သိရှိပြီးနောက်ပိုင်း မိမိဘဝမှာ အခက်ခဲဆုံးသော လိုအပ်ချက်တွေ၊ အကျပ်အတည်းတွေ ကြုံတွေ့ရတဲ့အခါတိုင်း ဖတ်ရွတ်ခဲ့ရာမှာ အံ့ဩဖွယ်ရာ စိတ်သက်သာရာရမှုတွေ ရရှိခဲ့ပြီး၊ တစ်နည်းနည်းနဲ့ အလ္လာဟ်အရှင်မြတ်က မိမိရဲ့ အခက်အခဲတွေ ပြေလည်စေမယ့် အကြောင်းတရားတွေကို ဖန်တီးပေးတော်မူခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစကားလုံးလေးကြောင်းကတော့ အေမာမ် ဇိုင်နိုလ်အာဗေဒီးန် (အလိုင်ဟစ်စလာမ်) က စဂျ်ဒဟ်ပြုစဉ် ရွတ်ဆိုတော်မူခဲ့တဲ့ ဒုအာစကားလုံးတွေ ဖြစ်ပါတယ်။

**وَعَبْدُكَ بِفِنَائِكَ، وَمِسْكِينُكَ بِفِنَائِكَ، وَفَقِيرُكَ بِفِنَائِكَ، وَسَائِلُكَ بِفِنَائِكَ**

အဓိပ္ပာယ်မှာ—

၁။ အို အလ္လာဟ်အရှင်မြတ်၊ အရှင် ၏ ဗဒ်ဒဟ် သည် အရှင် ၏ တံခါးတော်ရှေ့၌ ရောက်ရှိနေပါသည်။

၂။ အရှင် ၏ ဆင်းရဲနွမ်းပါးသူသည်အရှင် ၏ တံခါးတော်ရှေ့၌ ရောက်ရှိနေပါသည်။

၃။ အရှင် ၏ ချို့တဲ့နွမ်းပါးသူသည် အရှင် ၏ တံခါးတော်ရှေ့၌ ရောက်ရှိနေပါသည်။

၄။ အရှင် ထံ တောင်းခံသူသည် အရှင် ၏ တံခါးတော်ရှေ့၌ ရောက်ရှိနေပါသည်။

ဒါပါပဲ။

အေမာမ်ဟာ အပြစ်ကင်းစင်တော်မူသော မအ်စူမ်တစ်ပါး ဖြစ်ပေမဲ့ ဒီဒိုအာကို ဘယ်လောက်တောင် နှိမ့်ချကျိုးနွံတဲ့ ပုံစံနဲ့ ရွတ်ဆိုတော်မူခဲ့သလဲဆိုတာ သတိပြုကြည့်ပါ။

အရှင်မြတ်ရှေ့တော်မှာ အရှင်ရဲ့ ဗန်ဒဟ် တစ်ဦး ရောက်ရှိနေပါတယ်။ အရှင် ရဲ့ ဆင်းရဲနွမ်းပါးသူတစ်ဦး ရောက်ရှိနေပါတယ်။ အရှင် ရဲ့ ချို့တဲ့နွမ်းပါးသူတစ်ဦး ရောက်ရှိနေပါတယ်။ အရှင် ထံ တောင်းခံနေသူတစ်ဦး ရောက်ရှိနေပါတယ်။

ဒီစကားလုံးလေးကြောင်းကို ရွတ်ဆိုပြီးတဲ့နောက်မှာ အေမာမ်က မိမိရဲ့ လိုအပ်ချက်တွေကို အသေးစိတ် ထပ်မံတောင်းခံနေခြင်း မရှိပါဘူး။

တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် ကိုယ်တော်မြတ်၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) များအပေါ် ဆွလ်ဝါသ် နှင့် စလာမ်တော်များ သက်ရောက်ပါစေ။

ဒါကြောင့် ဒီစကားလုံးလေးကြောင်းကို မိတ်ဆွေတို့ စိတ်ထဲမှာ မှတ်သားထားကြပါ။ ဖြစ်နိုင်မယ်ဆိုရင် စဂျ်ဒဟ်ဝတ်ပြုတဲ့အခါ ရွတ်ဆိုကြပါ။ စဂျ်ဒဟ်ဝတ်ပြုချိန်မှာ မရွတ်ဆိုနိုင်ရင်လည်း အခြားအချိန်တွေမှာ ရွတ်ဆိုနိုင်ပါတယ်။ အရေးကြီးဆုံးကတော့ ယုံကြည်ချက်အပြည့်နဲ့ ရွတ်ဆိုဖို့ပါပဲ။

တစ်ခါတလေ ကျနော် တို့ဟာ မိမိတို့ရဲ့ လိုအပ်ချက်တစ်ခုခုအတွက် အာလင်မ်ပညာရှင်တစ်ဦးထံ သွားရောက်မေးမြန်းတတ်ကြပါတယ်။ အဲဒီအခါ သူက ဆွလာသ်ဝတ်ပြုပြီးနောက် စူရဟ် သောင်ဟီးဒ် ကို ဖတ်ရွတ်ဖို့ ညွှန်ကြားလိုက်တယ်ဆိုပါစို့။ ကျနော် တို့ရဲ့ စိတ်ထဲမှာ “ဒီစူရဟ်လေးပဲလား။ ဒါက သာမန်အရာပဲ မဟုတ်လား။ ထူးခြားတဲ့ အမလ်တစ်ခုခုကို ပြောပြပါဦး” ဆိုတဲ့ အတွေးမျိုး ဝင်လာတတ်ပါတယ်။

ဒါပေမဲ့ တကယ်တော့ တစ်ခါတလေ အလွန်တိုတောင်းတဲ့ အမလ်တစ်ခုဟာ အကျိုးသက်ရောက်မှု အလွန်ကြီးမားနေနိုင်ပါတယ်။

ဒါကြောင့် ဒီစကားလုံးလေးကြောင်းကို အပေါ်ယံကြည့်ပြီး တိုတောင်းလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးမကြီးဘူးလို့ မထင်မှတ်ကြပါနဲ့။

ဒီနေရာမှာ ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အေမာမ်ဟာ အဲဒီ ဒိုအာထဲမှာ မိမိရဲ့ သားသမီး ဘယ်နှယောက်ရှိတယ်၊ ဘယ်လိုအခက်အခဲတွေ ရှိတယ်ဆိုတာမျိုး အသေးစိတ် တစ်စုံတစ်ရာ ဖော်ပြတောင်းခံတော်မမူပါဘူး။ ဒီစကားလုံးလေးကြောင်းကိုသာ ရွတ်ဆိုတော်မူခဲ့ပါတယ်။

အိုအရှင်မြတ် - အရှင်မြတ်ရှေ့တော်မှာ အရှင်ရဲ့ ဗန်ဒဟ် တစ်ဦး ရောက်ရှိနေပါတယ်။ အရှင် ရဲ့ ဆင်းရဲနွမ်းပါးသူတစ်ဦး ရောက်ရှိနေပါတယ်။ အရှင် ရဲ့ ချို့တဲ့နွမ်းပါးသူတစ်ဦး ရောက်ရှိနေပါတယ်။ အရှင် ထံ တောင်းခံနေသူတစ်ဦး ရောက်ရှိနေပါတယ်။။

ဒါပါပဲ။

အဲဒီနောက် ဒိုအာကို ပြန်လည်ဆင့်ပြန်သူက ပြောကြားခဲ့တာကတော့ မိမိဘဝမှာ အလွန်ပြင်းထန်တဲ့ အခက်အခဲတွေ ကြုံတွေ့ရတဲ့အခါတိုင်း ဒီစကားလုံးလေးကြောင်းကို ဖတ်ရွတ်ခဲ့ပြီး အခက်အခဲတွေကနေ လွတ်မြောက်မှုကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီဒိုအာစကားလုံးလေးကြောင်းကို မိတ်ဆွေတို့ရဲ့ စိတ်နှလုံးထဲမှာ ကောင်းကောင်းမှတ်သားထားကြပါ။ အင်န်ရှာအလ္လာဟ်၊ မိမိတို့ကိုယ်တိုင်လည်း လက်တွေ့ကျင့်သုံးကြပြီး တတ်နိုင်သမျှ အခြားသူတွေထံလည်း ပြန်လည်မျှဝေပေးကြပါ။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha