အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ မန္တလေးမြို့ မြို့ ဟောင်း ဘူတာမှ နိုဝင်ဘာ (၈) ရက် ည (၁၂) နာရီ အချိန်တွင် ထွက်ခွာလာသည့် ဓာတ်ဆီ (၇)တွဲ၊ ဒီဇယ် (၂) တွဲပါ စက်ခေါင်းမောင်း ဦးလှိုင်ဝင်း မောင်းနှင်သော ရထားအမှတ် (၈၀၇) အဆန်ဆီတွဲ ရထားသည် ကန့်ဘလူမြို့နယ် ချပ်ကြီး ဘူတာအဝင် မိုင်တိုင်အမှတ် (၅၁၁/၈)နှင့် (၅၁၁/၁၃) ကြားသို့ ရောက်ရှိစဉ် နိုဝင်ဘာ (၉)ရက် နံနက်(၉)နာရီ မိနစ် (၅၀)ခန့်တွင် ဓာတ်ဆီတွဲ (၃)တွဲမှ သံလမ်း အနောက်ဘက်သို့ လဲကျခဲ့ပြီး ဓာတ်ဆီတွဲ (၂)တွဲ ဘီးချော်ကျခဲ့ရာမှ ဆီများ ယိုဖိတ်ပြီး မီးစတင် လောင်ကျွမ်းခဲ့သည်။ မီးလောင်မှု ဖြစ်ပွားရာသို့ ကန့်ဘလူမြို့နယ်မှ မီးသတ်ယာဉ် (၁)စီး၊ ကျွန်းလှမြို့နယ်မှ မီးသတ်ယာဉ် (၁)စီး၊ ချပ်သင်းကျေးရွာမှ မီးသတ်ယာဉ်(၁)စီး၊ ကောလင်းမြို့နယ်မှ မီးသတ်ယာဉ် (၃)စီး၊ ကန့်ဘလူရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ချပ်ကြီးကျေးရွာနေ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ကြရာ နိုဝင်ဘာ (၉)ရက် မွန်းလွဲ (၂)နာရီ (၁၅)မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ ဖြစ်စဉ်ပါ လဲကျသွားသော ဆီတွဲများမှ ယိုဖိတ်လာသည့် ဓာတ်ဆီများအား ချပ်ကြီးကျေးရွာမှ ရွာသူ/ ရွာသားအချို့ လာရောက် ခပ်ယူစဉ် ၎င်းတို့ကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ရာ (၂၅)ဦး သေဆုံးပြီး (၆၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရှိရပါသည်။ အဆိုပါ ဒဏ်ရာရရှိသူများအား ကန့်ဘလူနှင့် ကျွန်းလှမြို့နယ် ဆေးရုံများသို့ ပို့ဆောင် ကုသပေးလျက်ရှိကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ အသေးစိတ် စုံစမ်းစစ်ဆေး လျက် ရှိကြောင်း သိရှိရသည်။