အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

ပင်မအတိုင်ပင်ခံကောင်စီကြီးအတွင်း အဖွဲ့ဝင် ၁၅၀ အနက် အမျိုးသမီး ၃၀ ဦး ကျမ်းသစ္စာဆို ပါဝင်လာခြင်းမှာ ဆော်ဒီဘုရင့် နယ်မြေရာဇ၀င်၌ ပထမဆုံးအကြိမ် ဖြစ်လာခဲ့သည်။

အမျိုးသမီး ၃၀ ဦးမှ ရိယာ့ဒ်မြို့တော်ရှိ ဘုရင့်နန်းတော်၌ ဆော်ဒီဘုရင် အဗ်ဒုလ္လာဟ်၏ ရှေ့တွင် ဆော်ဒီအာရေဗျ ပင်မအတိုင်ပင်ခံကောင်စီ၏ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုစေလိုက်ပြီ ဖြစ်သည်။ ၄င်းသည် ဘုရင့်နယ်မြေမှ ရှေးရိုးစွဲအစဉ်အလာအား ပထမဦးဆုံး ဖောက်ထွက်လာခြင်း ဖြစ်သည်။

တစ်စုတစ်စည်းတည်း ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသော ထိုအမျိုးသမီးတို့သည် ၄င်းတို့၏ လုပ်ဖော်ကိုင်ဖက် အမျိုးသား ၁၃၀ ဦးနှင့်အတူ တစ်ဌာနတည်း၌ ပူးတွဲတာဝန်ထမ်းဆောင် မည်ဖြစ်ကြောင်း နိုင်ငံတော် ရုပ်မြင်သံကြားမှ ပြီးခဲ့သည့် အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ကြေငြာသည်။

ဘုရင် အဗ်ဒုလ္လာဟ်က နိုင်ငံတော်ရုပ်မြင်သံကြား သတင်းထုတ်ပြန်ချက်တွင် “   တိုးတက် ဖွံ့ဖြိုးမှုကို ကျွန်တော်တို့တစ်တွေ ဖြေးဖြေးနဲ့မှန်မှန် ဆောင်ရွက် သွားရမှာဖြစ်တယ် ” ဟု တိုတုတ် ရှင်းလင်းသောမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ပင်မအတိုင်ပင်ခံကောင်စီဖြစ်သည်နှင့်အညီ ယထာဘူတကျကျ ဆွေးနွေးအဖြေရှာခြင်း နှင့် လက်ရှိအရေးများကို ကိုင်တွယ်အပ်သည့် နည်းလမ်းများ သုံးသပ်ထုတ် ဖော်ဆောင်ရွက် သွားရန်လည်း သူက တိုက်တွန်းမှာကြားသည်။

ယခင်က အမျိုးသားများသာ ပါဝင်ခွင့်ရှိသည့် အတိုင်ပင်ခံကောင်စီ၌ ဘုရင် အဗ်ဒုလ္လာဟ် မှ ဇန္န၀ါရီလ ၁၁ ရက်နေ့တွင် အမျိုးသမီးများကို စတင်တာဝန်ပေး ခန့်အပ်ခဲ့သည်။ ထိုအမျိုးသမီး အဖွဲ့၌  တက္ကသိုလ်ဘွဲ့ရများ၊ လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်သူများနှင့်အတူ မင်းသမီး နှစ်ဦး လည်း ပါဝင်ကြသည်။

ဘုရင့်အမိန့်သည် ယာဉ်မောင်းနှင်ခြင်း၊ သွေးသားရင်းချာ မပါဘဲခရီးသွားလာခွင့် မရှိခြင်း နှင့်တစ်ကွ အမျိုးသမီးများပေါ်ရှိနေသည့် ဘုရင့်နယ်မြေအတွင်း တင်းကြပ်ထားမှုများကို ထိုးခွဲချေဖျက် လိုက်ခြင်း ဖြစ်သည်။

အစ္စလာမ့်ဥပဒေအား ကြပ်တည်းစွာဖွင့်ဆို ကိုင်စွဲထားသော ဆော်ဒီအာရေဗျရှိ ဘာသာ ရေးပညာရှင်တို့နှင့် တိုင်ပင် ညှိနှိုင်းပြီးသည့်နောက် အာဏာပိုင်များမှ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။

ဘုရင် အဗ်ဒုလ္လာဟ်သည် ၂၀၀၅ ခုနှစ်တွင်ကျင်းပခဲ့သည့် ပထမဆုံးအကြိမ် ပြည်သူ့ ရွေးကောက်ပွဲမှစ၍ အပြောင်းအလဲများကို သတိကြီးစွာဖြင့် တစ်ဆင့်ချင်း ဦးတည်ဖော်ဆောင်ခဲ့သည်။

                ၂၀၁၁ ခုနှစ်တွင် အမျိုးသမီးများအား မဲပေးပိုင်ခွင့်ပြုခဲ့ပြီး၊  လာမည့် ၂၀၁၅ ခုနှစ် ဒေသဆိုင်ရာ ရွေးကောက်ပွဲများ၌ အမျိုးသမီး အမတ်များအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ပေးမည်ဖြစ်သည့် အတွက် “ ဆော်ဒီလူ့အဖွဲ့အစည်းထဲမှာ အမျိုးသမီးတွေရဲ့အခန်း ကဏ္ဍ ကန့်သတ်ထားမှုကို ကျွန်တော်တို့ လက်မခံပါဘူး ” ဟု ဘုရင် အဗ်ဒုလ္လာဟ်မှ ပြောဆိုလိုက်သည်။