အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်မြို့တော် တစ်ဖက်ကမ်းရှိ ဒလမြို့နယ် အတွင်း အိမ်ရာ စီမံကိန်း အတွက် အစိုးရက သိမ်းဆည်း ထားသော လယ်မြေ ဧက၂၀၀ ခန့်ကို လယ်ယာမြေ စုံစမ်းရေး ကော်မရှင်က အမြန်ဆုံး စိစစ် ဖော်ထုတ်ပေး ရန် လယ်သိမ်းခံ လယ်သမား များက ဒလမြို့ သမ္ဗန်ဆိပ်ကွင်း၌ မေလ၂၃ ရက်နေ့ နံနက် ၉ နာရီတွင် ဆန္ဒထုတ်ဖော်သည်။ သိမ်းဆည်း ခံရသော လယ်ယာမြေများသည် ၁၉၉၁ ခုနှစ်ခန့်က မြို့သစ် အိမ်ရာ စီမံကိန်း အတွက် သိမ်းယူခဲ့ခြင်း ဖြစ်ပြီး ယင်းကာလက ပြောင်းရွှေ့ရသူ များ သည် လျော်ကြေး မရရှိသည့်အပြင် အခြား နေရာတွင် ငွေပေးသွင်း၍ နေခဲ့ရကြောင်း ဆန္ဒထုတ်ဖော်သည့် လယ်သမား ခေါင်းဆောင် ဦးတင်ရွှေက ဆိုသည်။ "ဧက ၃၀ လောက် လွတ်နေသေးတဲ့ မြေနေရာတွေမှာ လယ်ပြန်လုပ်ချင် ပါတယ်" ဟု ၄င်းက ဆိုသည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး လယ်မြေများ ပြန်စိုက်ပျိုးခွင့်ရရန် သမ္မတ အပါအဝင်၊ လွှတ်တော် ဥက္ကဋ္ဌများ နှင့် လယ်ယာမြေ စုံစမ်းရေးကော်မရှင်ထံ လေးကြိမ်ခန့် တိုင်ကြား ခဲ့သော်လည်း မထူးခြား သည့်အတွက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း လယ် ၂၄ ဧက သိမ်းဆည်း ခံခဲ့ရသည့် ဒေါ်သိန်းကြည်ကဆိုသည်။ ယင်းဆန္ဒ ထုတ်ဖော်မှုသည် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှ တရားဝင် ခွင့်ပြုချက်ဖြင့် ၂ နာရီကြာ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ဒလမြို့နယ် ရဲစခန်းထံမှ သိရသည်။