အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှု များကြောင့် လမ်းများ ညစ်ပတ်ကာ မြို့တော် သာယာလှပမှုကို အကျည်းတန်စေ သည့်အပြင် အလွန်အကျွံ စားပါက ရောဂါရသည်အထိ ဖြစ်စေသော ကွမ်းစားသုံးမှုဓလေ့ များပြားလာလျက်ရှိရာ မန္တလေးမြို့တော်တွင် ကွမ်းမစားရနယ်မြေများ သတ်မှတ်ကာ စည်းကမ်းမဲ့ ကွမ်းစားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးအောင်မောင်း က ပြောကြားသည်။
မန္တလေးတိုင်း aဒသကြီး လွှတ်တော် ရုံးတွင် စက်တင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး၌ ဝန်ကြီး ဦးအောင်မောင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။ မန္တလေးမြို့တော်တွင် ယင်းကဲ့သို့ ကွမ်းမစားရ နယ်မြေများ သတ်မှတ်ပြီး ကွမ်းစားခြင်းကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး အတွက် အမှိုက်ပုံးများ ထားရှိခြင်းနှင့် FM အသံလွှင့် ဌာနများ၊ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြ၍ အသိပညာပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားသည်။
မည်သည့် နေရာများကို ကွမ်းမစားရဇုန် သတ်မှတ်မည်၊ မည်သည့် အချိန်တွင် စတင် အရေးယူမည်နှင့် မည်သို့အရေးယူမည် စသည့် အသေးစိတ် အချက်အလက် များကို မသိရှိရသေးပေ။ ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဒေါ်တင်တင်မာ (ဒီမိုကရက်တစ်ပါတီ - မြန်မာ)က မြန်မာဓလေ့တစ်ခု ဖြစ်သော ကွမ်းစားခြင်းကို တစ်ဖက်မှ ကာကွယ် ထိန်းသိမ်းခြင်း ပြု၍ တစ်ဖက်မှ ပညာပေး အရေးယူရန် မေးခွန်းမေးမြန်း ခဲ့ခြင်းနှင့် ပတ်သက်၍ ဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
"ဒီအစီအစဉ် ကောင်းပါတယ်။ ကွမ်းစား သူတွေက စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးခြင်းကို ရှောင်ကြဉ်ပြီး မန္တလေးမြို့တော်ကို သန့်ရှင်း လှပအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်သင့် ပါတယ်" ဟု မန္တလေးမြို့ခံ စာရေးဆရာ တစ်ဦးက အကြံပြု ပြောကြားသည်။