၂၀ ဩဂုတ် ၂၀၁၄ - ၁၂:၁၉
မိတ္ထီလာဒုက္ခသည်တချို့ အိမ်ပြန်ကြပြီ

မန္တလေးတိုင်း မိတ္ထီလာမြို့က ချမ်းအေးသာယာရပ်ကွက်မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဘေးဒုက္ခသည်တွေအတွက် လုံးချင်းတိုက် ၃၅၀ ဆောက်လုပ် ပြီးစီးသွားပြီဖြစ်လို့ ဒုက္ခသည်စခန်းနေ လူဦးရေ ၁၅၀၀ လောက် အိမ်ပြန်နေကြပြီး ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

============================ 

မန္တလေးတိုင်း မိတ္ထီလာမြို့က ချမ်းအေးသာယာရပ်ကွက်မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဘေးဒုက္ခသည်တွေအတွက် လုံးချင်းတိုက် ၃၅၀ ဆောက်လုပ် ပြီးစီးသွားပြီဖြစ်လို့ ဒုက္ခသည်စခန်းနေ လူဦးရေ ၁၅၀၀ လောက် အိမ်ပြန်နေကြပြီး ဖြစ်ပါတယ်။

သက်ဆိုင်ရာက ဆောက်လုပ်ပြီးစီးသွားတဲ့ လုံးချင်းတိုက်တွေကို သြဂုတ် ၁၉ ရက်မှာ ချမ်းအေးသာယာရပ်ကွက်နေ ပြည်သူတွေကို မဲဖောက်ပြီး ပြန်လည်နေရာချထားပေး လိုက်တာလို့ တိုက်တည်ဆောက်ရေးကြီးကြပ်ရေးမှူး ဦးခင်နန်းက ပြောပါတယ်။

“၃၅၀ ကို မဲနှိုက်ပေးတယ်။ ၂၅၀ က လုံးဝ ပြီးစီးသွားတဲ့အတွက် နေရာချထားပေးမယ်။ ကျန်တဲ့ ၁၀၀ ကပ်နေမယ်။ သူတို့လည်း နေချင်ရင် ၀င်နေလို့ ရတယ်။ ပြီးမှ နေလည်း ရတယ်။ ရေဆိုရင်လည်း အိမ်ရှေ့မှာ လောလောဆယ် ၂ အိမ်ကို ၁ လုံးပေါ့။ တိုက် ၂ လုံးကို ရေတိုင် ၁ တိုင်ပေါ့။ အိမ်ရှေ့အရောက်စနစ်ပေါ့။ လျှပ်စစ်မီးဆိုရင်လည်း သူတို့ကို လောလောဆယ် မိုးတွင်းဖြစ်တဲ့ အမိုးအကာအောက် အမြန်ရောက်ရှိရေးကို ဦးစားပေးလုပ်လိုက်တယ်။ ဆိုလာ ၁ ခုစီပေးမယ်။ ၁ အိမ်ကို မီတာဘောက် ၁ လုံးနဲ့ ၀ါယာလိုင်းအပါအ၀င် အားလုံးအပြီးအစီး ခြံလည်း ခပ်ပေးမှာပါခင်ဗျ။”

ပေ ၃၀နဲ့ ၄၀ မြေကွက်ထဲမှာ ၂၃ ပေနဲ့ ၂၇ပေ အကျယ်ရှိပြီး ၁၂ ပေ အမြင့်ရှိတဲ့ လုံးချင်းတိုက်တွေ ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို ပြန်လည် နေရာချထားပေးလိုက်နိုင်တဲ့အတွက် မိတ္ထီလာမြို့မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်း ၅ ခုအနက် ပို့ဆောင်ဆက်သွယ်ရေးကျောင်းနဲ့ ခရိုင်အားကစားကွင်း ဒုက္ခသည်စခန်း ၂ ခုပဲ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

ကျန်နေသေးတဲ့ ဒုက္ခသည်တွေအတွက် တိုက်ခန်းတွဲ တည်ဆောက်နေပုံကိုလည်း ဦးခင်နန်းက ခုလို ပြောပါတယ်။

“တိုက်ခန်း ၁ ခန်းကို ၁၅ ပေ ပေ ၄၀ ပေါ့နော်။ ရေချိုးခန်း၊ ရေလောင်းအိမ်သာ ပါပြီးသားပေါ့။ အဲဒါမျိုး ၂ ခန်းတွဲပေါ့နော်။ ပေ ၃၀ ပေ ၄၀ ဆောက်လုပ်ပေးမှာပါ။ အဲဒါကို ၁၂ လပိုင်း အပြီး ဆောက်ပေးမှာပါ။ ၁၇၁ လုံးဆောက်မှာပါ။”

ခုချိန်ထိ မိထ္ထီလာဒုက္ခသည်စခန်းတွေမှာ လူဦးရေ ၂၀၀၀ လောက် ခိုလှုံနေထိုင်နေကြရတုန်း ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် မတ် ၂၀ ရက်မှာ ရွှေဆိုင်အရောင်းအ၀ယ်လုပ်ရာက စပြီး ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခအတွင်း လူနေအိမ်ခြေတွေ မီးရှို့ဖျက်ဆီးခံရလို့ ကယ်ဆယ်ရေးစခန်းတွေမှာ အိမ်ခြေမဲ့ လူဦးရေ ၁ သောင်းလောက် ခိုလှုံနေထိုင်ခဲ့ကြရပါတယ်။