၁၉ အောက်တိုဘာ ၂၀၁၆ - ၁၈:၁၂
တစ်ကျော့ပြန် E-Government ဘယ်အထိ ခရီးပေါက်မလဲ

အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်အဆင့် အကြီးအကဲပုဂ္ဂိုလ်များနှင့် ထိပ်တန်းအရာရှိများပါဝင်သည့် E-Government ညီလာခံနှင့် အိုင်စီတီပြပွဲတစ်ခုကို အောက်တိုဘာအတွင်းက ပြုလုပ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်အဆင့် အကြီးအကဲပုဂ္ဂိုလ်များနှင့် ထိပ်တန်းအရာရှိများပါဝင်သည့် E-Government ညီလာခံနှင့် အိုင်စီတီပြပွဲတစ်ခုကို အောက်တိုဘာအတွင်းက ပြုလုပ်ခဲ့သည်။

အဆိုပါညီလာခံတွင် အစိုးရဌာနများ၌ E-Government လုပ်ငန်းများကို လက်ရှိအကောင်အထည်ဖော်ပေးနေသည့် တာဝန်ခံအရာရှိများနှင့် ပြည်တွင်းမှ အိုင်စီတီပညာရှင်များ တက်ရောက်ခဲ့ပြီး ယခင်အစိုးရလက်ထက်ကတည်းက ကာလအတော်ကြာ ဆောင်ရွက်ခဲ့သည့် E-Govern- ment လုပ်ငန်းများ ထင်သလောက်ခရီးမရောက်ခဲ့ခြင်းအပေါ် ပြန်လည်သုံးသပ်ခဲ့ကြကာရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးအကြံပြုခဲ့ကြသည်။

ယခင်က E-Government လုပ်ငန်းများကို ဌာနအလိုက် ဆောင်ရွက်မှုများပြုလုပ်ခဲ့သော်လည်း အဆိုပါလုပ်ငန်းများကို တစ်သမတ်တည်း ဆောင်ရွက်ရန် ပုဂ္ဂိုလ်အဖွဲ့အစည်းမျိုးကို သီးခြားတာဝန်ပေးအပ်ကာ ဆောင်ရွက်ခြင်းမရှိခဲ့သည့်အတွက် လက်တွေ့အကောင်အထည်ဖော်ရာတွင် သိသာသောအကျိုးကျေးဇူးများ မရရှိခဲ့သောကြောင့် ဒုသမ္မတ (သို့) နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တစ်ဦးက ဦးဆောင်မည့် အမျိုးသားအဆင့် E-Government ဦးဆောင်ကော်မတီတစ်ခုဖွဲ့စည်းမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဆိုပါညီလာခံတွင် ပြောကြားသည်။

‘‘၀န်ကြီးဌာန တစ်ခုချင်းစီအလိုက် လွန်ခဲ့တဲ့နှစ်တွေကတည်းက E-Government လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပေမယ့် Plan တွေကို ပိုပြီးကောင်းအောင် မလုပ်နိုင်ခဲ့တာ၊ အားလုံးမပေါင်းစည်းနိုင်ခဲ့တာတွေကြောင့် လိုအပ်ချက်တွေရှိနေခဲ့ပါတယ်။ အဲဒါကြောင့် အနည်းဆုံးဒုသမ္မတဦးဆောင်တဲ့ ဦးစီးကော်မတီတစ်ခုကို ဖွဲ့စည်းသွားမှာဖြစ်ပါတယ်’’ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။

အသစ်ဖွဲ့စည်းမည့် E- Government ဦးဆောင်ကော်မတီအနေဖြင့် E-Government လုပ်ငန်းများ အကောင်အထည်ဖော်ရေးနှင့် အသွင်ကူးပြောင်းမှုလုပ်ငန်းများကို မူဝါဒများ ချမှတ်ပေးရေး၊ အစိုးရဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်ခြင်းနှင့် ညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက်ပေးရေး၊ စီမံအုပ်ချုပ်မှုအတွက် ပြောင်းလဲမှုများကို ဆောင်ရွက်ပေးရေးတို့ကို အဓိကထားကာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

E-Government လုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိအချိန်အထိ သီးခြားမူဝါဒများ ချမှတ်ကာ ဆောင်ရွက်ခြင်းမျိုးမရှိသေးဘဲ ယခင်အစိုးရလက်ထက်က လ ၂၀ စီမံကိန်းဖြင့် အကောင် အထည်ဖော်ခဲ့သော်လည်း သိသာသည့်တိုးတက်မှုများ မတွေ့ရှိခဲ့ဘဲ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ကမ္ဘာ့ဘဏ်တို့၏ အကူအညီဖြင့် ရေးဆွဲသည့် E-Government Master Plan မှာလည်း အစိုးရသစ်လက်ထက်ရောက်သည်အထိ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ပညာရှင်များက ဆိုသည်။

‘‘E-Government စလုပ်မယ်ဆိုရင် Master Plan တစ်ခု မဖြစ်မနေလိုအပ်ပါတယ်။ အခု World Bank အကူအညီနဲ့ လုပ်ဆောင်ထားတဲ့ Master Plan တစ်ခုရှိထားပါတယ်။ အရင်အစိုးရရော အခုလက်ရှိအစိုးရပါ Master Plan ကို အတည်ပြုထားခြင်းမရှိပါဘူး။ အကြံပြုလိုတာက ပြန် လည်သုံးသပ်တာဖြစ်ဖြစ်၊ အသစ်တစ်ခုကို ပြန်ပြီးရေးတာပဲဖြစ်ဖြစ် ပြုလုပ်ပြီးတော့ အစိုးရအနေနဲ့အမြန်ဆုံး Master Plan ကို အတည်ပြုစေချင်ပါတယ်’’ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌဦးခွန်ဦးက အကြံပြုသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ ယခင်အစိုးရလက်ထက်က ရေးဆွဲခဲ့ပြီး အတည်မပြုရသေးသည့် Master Plan အဟောင်းကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကွန်ပျူတာအသင်းများမှ ပညာရှင်များစု ပေါင်းကာ E-Government Master Plan 2016 အဖြစ် အသစ်ပြန်လည်ရေးဆွဲထားပြီး အတည်ပြုနိုင်ရန် သမ္မတရုံးနှင့် နိုင်ငံတော်အကြီးအကဲများထံ တင်ပြထားကြောင်း သိရသည်။

‘‘ ပြီးခဲ့တဲ့ အစိုးရတုန်းကလည်း လ ၂၀ စီမံကိန်းတွေနဲ့ အရှိန်အဟုန်မြှင့်ပြီး လုပ်ကြမယ်ဆိုပြီး  လုပ်ခဲ့တာရှိပါတယ်။ ခဏခဏလည်း တွန်းအားတွေရပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ လမ်းညွန်ချက်၊ မျှော်မှန်းချက်၊ မဟာဗျူဟာစတဲ့ တိတိကျကျ ညွှန်ကြားချက်တွေ မရှိပါဘူး’’ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းထားသည့် E-Government ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးရင်က ထောက်ပြသည်။

တိကျသည့် မူဝါဒလမ်းညွှန်ချက်များမရှိဘဲ E-Government လုပ်ငန်းများ ဆောင်ရွက်နေ၍ ၀န်ကြီးဌာနများကြားတွင် ပူးပေါင်းအကောင်အထည်ဖော်မှု အားနည်းလျက်ရှိပြီး စနစ်တကျဖြင့် ဖွံ့ဖြိုးတိုးတက်သော E- Government စနစ်တစ်ခုပေါ် ပေါက်လာစေရန် အခက်အခဲများစွာ ရှိနေခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

‘‘၀န်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအားနည်းပါတယ်။ E-Government ကိုတော့ လုပ်ကြပါတယ်။ မိမိဌာနမှာ သီးခြားနည်းပညာနဲ့ သီးခြားပလက်ဖောင်းတွေနဲ့ပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ ကြိုးစားပြီး အကောင်အထည်ဖော်နေကြပါတယ်။

ဒါကဌာနအတွင်းမှာတော့ အဆင်ပြေပါတယ်။ ဌာနတစ်ခုနဲ့တစ်ခုနဲ့ ချိတ်ဆက်မယ့် အမျိုးသားအဆင့်စနစ်တစ်ခုကို တည်ဆောက်တော့မယ်ဆိုတော့ ဒီပုံစံကြီးက အဆင်မပြေတော့ဘူး’’ဟု ဒေါ်နွယ်နီစိုးရင်က ပြောကြားသည်။

အစိုးရဌာနများတွင် ကြုံတွေ့နေရသည့် အခြားသော အခက်အခဲမှာ နည်းပညာကို ကောင်းစွာနားလည်သည့် ကျွမ်းကျင်သူရှားပါးခြင်းဖြစ်ပြီး အိုင်စီတီကဏ္ဍကို အဓိကတာဝန်ယူဆောင်ရွက်နေသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဌာနမှာပင် ကျွမ်းကျင်ဝန်ထမ်း အနည်းငယ်သာရှိနေသေးကြောင်း ၎င်းကထောက်ပြသည်။

‘‘ကျွန်မတို့ဌာနတောင်မှပဲ ကျွန်မအပါအ၀င် လေးဦးပဲရှိပါတယ်။ E-Government နဲ့ ပတ်သက်ပြီး ကျွန်မတို့က အဓိကဌာနအနေနဲ့ အလုပ်လုပ်နေပါတယ်။ အိုင်စီတီကို အဓိကလုပ်နေတဲ့ ဌာနမှာတောင်မှ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေရှားပါးနေတာကို ကြုံတွေ့နေရပါတယ်’’ဟု ဒေါ်နွယ်နီစိုးရင်က ပြောသည်။

E-Government နှင့်ပတ်သက်၍ ကြုံတွေ့နေရသည့် အဓိကပြဿနာများထဲတွင် အဆိုပါလုပ်ငန်းများအတွက် နိုင်ငံတော်မှ သီးခြားကဏ္ဍတစ်ခုအနေဖြင့် ဘတ်ဂျက်သတ်မှတ်ထားခြင်းမရှိသည့်အတွက် လုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အခက်အခဲများရှိနေပြီး ထင်သလောက် ခရီးမရောက်ခြင်းဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များနှင့် အစိုးရဌာနများမှ တာဝန်ရှိသူများက ဆိုသည်။

‘‘E-Government အတွက် တစ်နှစ်ကို ဘယ်လောက်သုံးမယ်ဆိုတာမျိုး မူဝါဒသတ်သတ်ရှိဖို့လိုအပ်ပါတယ်။ လက်ရှိမှာ E- Government ဆိုတဲ့ ခေါင်းစဉ်က သီးခြားမရှိဘူး။ ဒီအတွက်ကိုပဲ ခေါင်းစဉ်မရှိတဲ့အခါ စက်ပစ္စည်းအသုံးစရိတ်ခေါင်းစဉ်နဲ့ပဲ လုပ်နေရတဲ့ သဘောဖြစ်နေတယ်။ ငွေကြေးသုံးစွဲမှု ခေါင်းစဉ်အတွက် မူဝါဒတစ်ခု သတ်သတ်မှတ်မှတ်ထားသင့်တယ်’’ဟု ဆက်သွယ်ရေးနှင့် သတင်းနည်းပညာဌာန ဌာနမှူးရဲမှူးကြီး ထွန်းနေ၀င်းက အကြံပြုသည်။

‘‘ဘတ်ဂျက်နဲ့ ပတ်သက်ပြီး အကြံပြုလိုတာကတော့ E- Government အောင်မြင်ချင်တယ်ဆိုရင် အစိုးရအနေနဲ့ အိုင်စီတီအတွက် ဘတ်ဂျက်ကို တခြားနိုင်ငံများနည်းတူ၊ သီးခြားအနေနဲ့ နိုင်ငံရဲ့ဘတ်ဂျက်ရဲ့ ၂ ရာခိုင် နှုန်း၊ ၃ ရာခိုင်နှုန်းစသည်ဖြင့် သတ်မှတ်ပြီး အသုံးပြုခွင့်ပေးမှ အောင်မြင်မှာဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက အကြံပြုသည်။

အောင်မြင်သော E- Government စနစ်တစ်ခုဖြစ်လာစေရန် အထက်ပါအချက်များဖြင့် လုံလောက်ခြင်းမရှိဘဲ ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိပြီး အစိုးရက အကောင်အထည်ဖော်လိုက်သော စနစ်ကို ပြည်သူအားလုံးက လက်ခံ၍ သုံးစွဲလာသည်အထိ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်သည်။

‘‘အိုင်စီတီနည်းပညာကို သုံးပြီးတော့ E-Government စနစ်တည်ဆောက်တဲ့အခါ နိုင်ငံသားတွေ ပါဝင်လာအောင် ကြည့်ရမယ့်အဓိကအချက်သုံးချက်ရှိပါတယ်။ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကို ကြည့်ရပါမယ်။ စနစ်က ဘယ်လောက်အကျိုးရှိလဲဆိုတာကို ကြည့်ရပါမယ်။ ပွင့်လင်းမြင်သာမှုကို ကြည့်ရပါမယ်။ အဲဒါမှ နိုင်ငံသားတွေရဲ့ ပါဝင်မှုအားကောင်းလာမှာ ဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုးမိုးက ပြောသည်။

E-Government စနစ်သည် အစိုးရဌာန၏ ၀န်ဆောင်မှုများကို ဒီဂျစ်တယ်ဝန်ဆောင်မှုများအဖြစ် ပြောင်းလဲအသုံးပြုခြင်းဖြစ်ပြီး ပြည်သူများက ၀န်ဆောင်မှုအလွယ်တကူရရှိနိုင်ရန် ဆောင်ရွက်ခြင်းဖြင့် အစိုးရနှင့် ဆက်သွယ်ဆောင်ရွက်သည့် ကိစ္စများတွင် အချိန်ကုန်သက်သာရုံသာမက နိုင်ငံတစ်နိုင်ငံလုံး၏ စီးပွားရေးတစ်ခုလုံးကိုပါ လျင်မြန်စွာ တိုးတက်လာစေရန် အထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားခဲ့သည်။

‘‘အစိုးရက ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာမှာ E- Government လုပ်ငန်းများကို ပြည်သူများရဲ့ မျှော်လင့်ချက်များအတိုင်း ဖြစ်လာအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အစိုးရ၀န်ဆောင်မှုလုပ်ငန်းများကို ရယူဆောင်ရွက်နေတဲ့ လုပ်ငန်းများနဲ့ စီးပွားရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်တဲ့ ရလဒ်များပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားပါမယ်’’ ဟု ဦးသန့်စင်မောင်က အဆိုပါညီလာခံတွင် ကတိပြုပြောကြားခဲ့သည်။

ပြည်တွင်း၌ ဆက်သွယ်ရေးအော်ပရေတာသုံးခုက နိုင်ငံတစ်ဝန်းလုံးတွင် မိုဘိုင်းဆင်းမ်ကတ်ပေါင်း ၄၅ သန်းကျော်ဖြန့်ချိထားကာ ၀န်ဆောင်မှုပေးနေပြီး ၎င်းတို့၏ ၈၀ ရာခိုင်နှုန်းမှာ အင်တာနက်ကို အသုံးပြုလျက်ရှိသောကြောင့် မိုဘိုင်းဆက်သွယ်ရေးကွန်ရက်ကို မြန်မာနိုင်ငံ၏ နေရာအများစုတွင် ဖြန့်ကြက်ထားနိုင်ခြင်းမှာ E-Government စနစ်တည်ဆောက်ရန် အားသာချက်တစ်ခုဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။

အဆိုပါအားသာချက်ကို အသုံးချပြီး အစိုးရ၏၀န်ဆောင်မှုများအား အွန်လိုင်းစနစ်သို့ ကူးပြောင်းနိုင်ရန် အခက်အခဲမရှိနိုင်သော်လည်း မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်၍ တိကျသည့် မူဝါဒလမ်းညွှန်မှုများ မရှိသေး၍ သုံးစွဲသူများကို အကာအကွယ်ပေးရေးနှင့် ဆိုက်ဘာမှုခင်းများ ဖြေရှင်းရေးအတွက် အခက်အခဲများရှိနိုင်သေးကြောင်း ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်နည်းပညာဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက သုံးသပ်သည်။

‘‘၀န်ဆောင်မှုတွေ အွန်လိုင်းပေါ် တက်လာတာနဲ့အမျှ ဆိုက်ဘာလုံခြုံရေးရဲ့ကဏ္ဍက အရေးပါလာပါတယ်။ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်တဲ့ လမ်းညွှန်မှု၊ သုံးစွဲသူတွေကို အကာအကွယ်ပေးတဲ့ နည်းဥပဒေတွေမရှိသေးရင်လည်းဒါတွေက ခက်ခဲနေဦးမှာဖြစ်ပါတယ်’’ဟု ဦးရဲနိုင်မိုးက ပြောသည်။

E-Government စနစ်သည်အစိုးရနှင့် ပြည်သူများအကြား အွန်လိုင်းပေါ်မှ ထိတွေ့ဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေးမည့် ကိရိယာတစ်ခုဖြစ်၍ ပြည်သူလူထုကို အဓိကဦးတည်သည့် လွယ်ကူသော ၀န်ဆောင်မှုများကို ပေးအပ်ရန်လိုအပ်ပြီး ပြည်သူများ ပါဝင်လာစေရန် လုပ်ဆောင်ရမည့် အချက်များကိုလည်း စဉ်းစားစေလိုကြောင်း ဘဏ်လုပ်ငန်းအကြံပေးဦးရဲမင်းဦးက အကြံပြုသည်။

‘‘အစိုးရယန္တရားထဲမှာ ဖားခုန် ခုန်လိုက်မှ လိုချင်တဲ့နေရာကို ရောက်ကြမယ်ဆိုတာကို လူတိုင်းပြောကြတယ်။ ဘယ်စနစ်ကို သုံးပြီးတော့ ခုန်ကြမလဲဆိုတာကိုတော့ သေချာရွေးကြဖို့ လိုအပ်ပါတယ်’’ဟု ဦးရဲမင်းဦးက မှတ်ချက်ပြုသည်။

===================    
251 / End